သမီးလေးတွေအနေနဲ့ အရွယ်ရောက်တယ်လို့ သတ်မှတ်လို့ရတဲ့ ပြယုဂ်က အပျိုဖော်ဝင်တာပါ။ ဒီလို အပျိုဖော်ဝင်တာက တစ်ယောက်နဲ့ တစ်ယောက်မှာ မတူနိုင်ပါဘူး။ အချို့က ၁၁ နှစ်ကနေ ၁၃ နှစ် ဝန်းကျင်လောက်မှာ အပျိုဖော်ဝင်ကြတာမျိုး ရှိပေမယ့် အချို့မှာတော့ အသက် ၁၅ နှစ်လောက်အထိ အပျိုဖော်မဝင်တာမျိုးလည်း ရှိပါတယ်။ ဒီလိုမျိုး အပျိုဖော်ဝင် နောက်ကျရခြင်း အကြောင်းအရင်းက ဘာတွေများ ဖြစ်မလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ဘယ်လို အခြေအနေဆိုရင် အပျိုဖော်ဝင်နောက်ကျတယ်လို့ ဆိုနိုင်မလဲ!
အပျိုဖော်ဝင်နောက်ကျတယ်ဆိုတာက မိန်းကလေးတွေမှာ အသက် ၁၃ နှစ်ရောက်တဲ့အထိ ရင်သား မဖွံ့ဖြိုးသလို အသက် ၁၆ နှစ် ရောက်တဲ့အထိလည်း ရာသီသွေး မပေါ်သေးတာမျိုးပါ။
ကိုယ်တွင်းမှာ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ စတင်ပြောင်းလဲလာချိန်မှာ အပျိုဖော်ဝင်မှု ဖြစ်စဉ် စတင်ပါတယ်။ ဒီလို အပျိုဖော်ဝင်တာက ပုံမှန်အားဖြင့် အသက် ၈ နှစ်ကျော်ကနေ ၁၄ နှစ်အတွင်းမှာ ဖြစ်ပေါ်လေ့ ရှိပါတယ်။
အပျိုဖော်ဝင်နောက်ကျတာက အခုပြောခဲ့တဲ့ ပြောင်းလဲမှုတွေက သူ့အရွယ်နဲ့သူ ဖြစ်မလာတာမျိုးပါ။ ပုံမှန်ဖြစ်နေကျ ဖြစ်စဉ်အတိုင်း မဖြစ်ဘဲ အချိန်နောက်ကျမှ ဖြစ်ပေါ်တာကို ဆိုလိုတာပါ။ အပျိုဖော်ဝင် နောက်ကျတာက လူပျိုဖော်ဝင်နောက်ကျတာထက် အဖြစ်များပါတယ်။
အပျိုဖော်ဝင် နောက်ကျရခြင်း အကြောင်းအရင်း
အပျိုဖော်ဝင်နောက်ကျရတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမက ရှိနိုင်ပါတယ်။ မျိုးဗီဇကြောင့် ဖြစ်နိုင်သလို နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ် ( ဥပမာ – ဆီးချို၊ သားအိမ်အလုံးတည်တာ၊ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေ)ကြောင့်လည်း ဂလင်းတွေ ပုံမှန် မဟုတ်တာ၊ စားသောက်မှုပုံမမှန်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ အလွန်အကျွံ လုပ်တာ၊ ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့်လည်း အပျိုဖော်ဝင် နောက်ကျတာကို ဖြစ်စေနိုင်ပါတယ်။
- မျိုးရိုးလိုက်တာ
အပျိုဖော်ဝင်နောက်ကျခြင်းကို ဖြစ်စေတဲ့ အတွေ့ရများတဲ့ အကြောင်းအရင်းတစ်ခုက မျိုးရိုးလိုက်တာပါ။ မိခင်အပါအဝင် မျိုးရိုးထဲမှာ အပျိုဖော်ဝင်နောက်ကျခြင်းကလည်း မီးမီးလေးတွေကို အပျိုဖော်ဝင် နောက်ကျစေတဲ့ ဖြစ်နိုင်ခြေ အများဆုံးသော အကြောင်းရင်းခံတစ်ရပ်ပါ။
- ကိုယ်တွင်းအဆီ လုံးဝမရှိတာ
အပျိုဖော်ဝင်နောက်ကျခြင်းကို ဖြစ်စေနိုင်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ရပ်ကတော့ လေ့ကျင့်ခန်းတွေ အလွန်အကျွံ လုပ်လွန်းတာ၊ ကိုယ်လက်လှုပ်ရှားမှု များလွန်းတာတွေကြောင့် ကိုယ်တွင်းမှာ အဆီမရှိတဲ့ အနေအထားမျိုးကလည်း အပျိုဖော်ဝင်နောက်ကျတာကို ဖြစ်စေနိုင်ပါတယ်။
- အာဟာရမပြည့်ဝတာ
သမီးလေးတွေအနေနဲ့ နေ့စဉ် စားသုံးမှုမှာ အာဟာရ ပြည့်ဝလုံလောက်စွာ မစားသုံးဖြစ်တာကြောင့်လည်း ဖွံ့ဖြိုးမှု နှောင့်နှေးတာနဲ့အတူ အပျိုဖော်ဝင်နောက်ကျတာကို ဖြစ်စေနိုင်ပါတယ်။
- စားသောက်မှုမူမမှန်တဲ့ ကျန်းမာရေးပြဿနာ ရှိနေတာ
စားသောက်မှုမူမမှန်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ကြတဲ့ anorexia nervosa ဒါမှမဟုတ် bulimia စတဲ့ ကျန်းမာရေးပြဿနာကို ခံစားနေရမယ်ဆိုရင်လည်း အာဟာရပြည့်ဝစွာ ရရှိဖို့ ခက်ခဲစေပြီး အပျိုဖော်ဝင် နောက်ကျတာကို ဖြစ်စေနိုင်ပါတယ်။
- မဟော်မုန်း ထွက်ရှိမှု နည်းနေတာ
မျိုးဥအိမ်တွေက မဟော်မုန်းတွေကို နည်းနည်းပဲ ထုတ်လုပ်တာ ဒါမှမဟုတ် လုံးဝမထုတ်လုပ်နိုင်တာမျိုး ဖြစ်မယ်ဆိုရင်လည်း အပျိုဖော်ဝင်နောက်ကျတာကို ဖြစ်စေနိုင်ပါတယ်။
- ပိန်လွန်းတာ
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေမယ်ဆိုရင်လည်း အပျိုဖော်ဝင်နောက်ကျတာကို ခံစားရနိုင်ပါတယ်။
- ကျန်းမာရေး ပြဿနာတွေ ရှိနေတာ
နာတာရှည်ကျန်းမာရေးပြဿနာတွေ၊ auto-immune ရောဂါတစ်ရပ်ရပ်ကို ခံစားနေရမယ်ဆိုရင်လည်း ကျန်းမာရေးပြဿနာတွေရဲ့ နောာက်ဆက်တွဲ အနေနဲ့ အပျိုဖော်ဝင်နောက်ကျတာကို ခံစားရနိုင်ပါတယ်။ အူနံရံတွေက အာဟာရဓာတ်တွေကို သေချာ မစုပ်ယူနိုင်တာ၊ သိုင်းရွိုက်က အလုပ်မလုပ်တာ၊ ဆီးချိုရှိနေတာ၊ ကျောက်ကပ်ရောဂါနဲ့ အသည်းရောဂါ ခံစားနေရတာ၊ ကင်ဆာတစ်ရပ်ရပ်ကြောင့် ဓာတ်ရောင်ခြည်ကုထုံး ခံယူဖူးမယ်ဆိုရင်လည်း အပျိုဖော်ဝင်နောက်ကျတာကို ခံစားရနိုင်ပါတယ်။
ဘယ်လိုဆိုရင် အပျိုဖော်ဝင်နောက်ကျနေတယ်ဆိုနိုင်လဲ!
တကယ်လို့ အခုလို လက္ခဏာလေးတွေ တွေ့ရပြီဆိုရင် အပျိုဖော်ဝင်နောက်ကျနေပြီလို့ ဆိုလို့ ရပါတယ်။
- အသက် ၁၃ နှစ်အထိ ရင်သားမဖွံ့ဖြိုးတာ
- ဆီးခုံမွေး မထွက်တာ
- အသက်၁၆နှစ်ရောက်တဲ့အထိ ရာသီသွေးမပေါ်တာ
- ကြီးထွားမှုနှုန်းနှေးတာ၊ ရှိသင့်တဲ့ အရပ်ထက် ပုနေတာ
- သားအိမ်ဖွံ့ဖြိုးမှု မရှိတာ
- အရိုးတွေက ကလေးတုန်းကလို အရိုးတွေပဲ ရှိနေတာမျိုးပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
တကယ်လို့ သမီးလေးက အသက် ၁၆ နှစ်ကျော်တဲ့အထိ ရင်သားအပါအဝင် ခန္ဓာကိုယ်မှာ ဖွံ့ဖြိုးမှုတွေ မရှိတာ၊ ရာသီသွေး မပေါ်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ အကြံပြုချင်ပါတယ်။