ကြည်လင်ရှင်းလင်းတဲ့စိတ်နဲ့ အတွေးကို ပိုင်ဆိုင်နိုင်စေဖို့ စိတ်ကို Detox ပါ

ကြည်လင်ရှင်းလင်းတဲ့စိတ်နဲ့ အတွေးကို ပိုင်ဆိုင်နိုင်စေဖို့ စိတ်ကလေးကို Detox လိုက်ပါ
ကြည်လင်ရှင်းလင်းတဲ့စိတ်နဲ့ အတွေးကို ပိုင်ဆိုင်နိုင်စေဖို့ စိတ်ကလေးကို Detox လိုက်ပါ

လူတော်တော်များများက မြင်သာတဲ့ ခန္ဓာကိုယ်မှာ မကျန်းမာတဲ့လက္ခဏာတွေကို သတိထားမိပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်ခံစားနေရတာကို သတိထားမိခဲသလို ကုစားဖို့လည်း အချိန်ပေးတာမျိုး သိပ်မရှိကြပါဘူး။ ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစေဖို့ Detox လုပ်ကြပေမယ့် စိတ်ကလေးကိုတော့ ကြည်လင်စေဖို့နဲ့ အတွေးရှင်းရှင်းဖြစ်စေဖို့ စိတ်ကို Detox လုပ်ဖို့လည်း မေ့နေတတ်ကြပြန်ပါသေးတယ်။

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ နေ့စဉ်ဘဝ အောင်မြင်တိုးတက်မှုအတွက် အရေးပါတဲ့ စိတ်ကို ကြည်လင်ရှင်းလင်းစေဖို့အတွက် စိတ်ကလေးကို Detox ဘယ်လိုလုပ်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ 

ကြည်လင်ရှင်းလင်းတဲ့စိတ်နဲ့ အတွေးကို ပိုင်ဆိုင်နိုင်စေဖို့ စိတ်ကလေးကို Detox လိုက်ပါ

နေ့ရက်တိုင်းမှာ အတွေးရှင်းပြီး စိတ်ကြည်စေဖို့ဆိုရင် – 

  • အတွေးတွေကို ခဏလောက် အနားပေးပါ

စိတ်ကို ရှင်းရှင်းထားနိုင်ဖို့ အရင်ဆုံးလုပ်ရမှာက နယ်လွန်နေအောင် မရပ်မနားတွေးနေတဲ့ အတွေးတွေကို ရပ်တန့်ဖို့ပါ။ အလွန်အကျွံလျှောက်တွေးနေတာက စိတ်ကို ဖိစီးစေပြီး စိတ်ကို ကိုယ်တိုင်အဆိပ်အတောက် ဖြစ်စေတာပါ။ ဒါကြောင့် စိတ်ကို ကောင်းမွန်စွာတွေးနိုင်စေဖို့အတွက် လွန်နေတဲ့အတွေးတွေကို ရပ်တန့်ပြီး စိတ်ကို ခဏလောက် အနားပေးလိုက်ပါ။ 

  • မနက်ခင်းတိုင်းကို ရေဝဝသောက်ရင်း ကောင်းမွန်တဲ့အတွေးတွေနဲ့ စတင်ပါ

တစ်နေ့တာရဲ့ အစောဆုံးနာရီတွေကို ရေဝဝသောက်ပြီး ကောင်းမွန်တဲ့ အတွေးတွေတွေးရင်းနဲ့ စတင်လိုက်ပါ။ မနက်ပိုင်းရဲ့ အချိန် ၅ မိနစ်လောက်ကို ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ကောင်းမွန်တဲ့ အတွေးတွေကို တွေးရင်းနဲ့ တစ်နေ့တာကို စတင်ပါ။ 

မနက်ခင်းအိပ်ရာနိုးနိုးချင်းမှာ ရေတစ်ခွက်သောက်လိုက်တာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေသလို အာရုံစူးစိုက်မှုကောင်းစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှာပေးနိုင်ပါ တယ်။ 

  • အရေးကြီးတဲ့ အလုပ်တွေကို နေ့လယ်မတိုင်ခင် အပြီးလုပ်ပါ

ဦးနှောက်က မနက်ပိုင်းနဲ့ နေ့လယ် ၁၂ နာရီ မတိုင်ခင်မှာ အနိုးကြားဆုံးနဲ့ တွေးခေါ်နိုင်စွမ်းအမြင့်ဆုံးပါ။ ဒါကြောင့် ဒီကာလအပိုင်းအခြားမှာ အရေးကြီးတဲ့ အလုပ်တွေကို ပြီးအောင်လုပ်ပြီး အရေးသိပ်မကြီးတာတွေနဲ့ ရွှေ့ထားလို့ရတဲ့ အရာတွေကို ရွှေ့ထားလိုက်ပါ။ မနက်ခင်းမှာ ခက်ခဲတဲ့ အလုပ်တွေကို ပြီးအောင် လုပ်လိုက်တာက တစ်နေ့တာလုံးကို စိတ်သက်သာစွာနဲ့ ကုန်ဆုံးနိုင်စေမှာပါ။ 

ဒါကြောင့် မလိုအပ်ဘဲ စိတ်ပင်ပန်းသောကရောက်ပြီး စိတ်အကြည်ဓာတ်လေး ပျောက်ဆုံးတာမျိုး မဖြစ်စေဖို့ဆိုရင် အရေးကြီးတဲ့ အလုပ်တွေကို မနက်ခင်းပိုင်းမှာတင် ပြီးအောင် လုပ်ပါ။ 

  • တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

ကိုယ်လက်လှုပ်ရှားမှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပဲ ကောင်းတာမဟုတ်ပါဘူး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာစေဖို့လည်း အရေးကြီးပါတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးတာက အန်ဒေါ်ဖင်းဟော်မုန်းကို ထွက်ရှိစေပြီး စိတ်ဖိစီးမှုကို လျှော့ကျစေသလို ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေပါတယ်။ တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှုရှိနေတာက စိတ်ကိုကြည်လင်စေပြီး အားပြည့်စေဖို့ထောက်ကူပေးနိုင် ပါတယ်။ အချိန်အကြာကြီး ထိုင်နေရပြီဆိုရင် ခဏလောက် အလုပ်တွေကို break ပြီး စိတ်လန်းစေဖို့ လမ်းလျှောက်ပါ။ ဒါကြောင့် တစ်နေ့တာကို လမ်းလျှောက်တာ၊ အကြောလျှော့တာ၊ ယောဂလေ့ကျင့်တာတွေ လုပ်ပေးပါ။ သိသိသာသာ ထူးခြားလာတာကို တွေ့ရမှာပါ။ 

  • စခရင်မ်တိုင်းမ် အစား တစ်နေ့ကို နာရီဝက်လောက် စာဖတ်ပါ

အခုနောက်ပိုင်းမှာ တော်တော်များများက တစ်နေ့တာရဲ့ အချိန်တော်တော်များများကို ဆိုရှယ်မီဒီယာတွေ သုံးရင်း၊ တီဗွီတွေကြည့်ရင်း ကုန်ဆုံးကြတာ များပါတယ်။ ဒါကြောင့် ဖုန်းကို အသုံးပြုပြီး ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ဖြုန်းမယ့်အစား စခရင်မ်တိုင်းမ်ထဲက အနည်းဆုံး မိနစ် ၃၀ လောက်ကို ဖယ်ပြီး ဗဟုသုတရစေမယ့် စာပေတွေကို ဖတ်ပေးပါ။

စာဖတ်ပေးတာက ဦးနှောက်ကို လှုံ့ဆော်ပေးပြီး အာရုံစူးစိုက်မှု ကောင်းစေသလို ဗဟုသုတတိုးစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ကျစေပြီး နေ့ရက်တိုင်းမှာ ပိုမိုပျော်ရွှင်လာစေမှာပါ။ 

  • စိတ်ကျေနပ်မှုရတဲ့ အခြေအနေ ၃ ခုကို ရေးချပါ

ကိုယ်တိုင်အတွက် စိတ်ကျေနပ်တယ်လို့ ခံစားရတဲ့ အခြေအနေတွေပေါ်မှာ အာရုံစိုက်ထားတာ၊ တစ်နေ့တာလုံးမှာ အကျေနပ်ဆုံး အခြေအနေ (၃) ရပ်ကို ရေးချတာတွေမျိုးတွေ လုပ်ပါ။ အခြေအနေတွေက ကြီးကြီးသေးသေး ကိုယ်တိုင် စိတ်ကျေနပ်တယ်လို့ ခံစားရတဲ့ အခြေအနေတွေကို ရေးပေးတာမျိုးပါ။ 

ဒီလိုမျိုးလုပ်ဆောင်တာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပျော်ရွှင်မှုကို တိုးစေနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘဝကို အပြုသဘောဆောင်စွာနဲ့ ဖြတ်သန်းလိုက်တာက စိတ်ထဲက အစိုင်အခဲတွေကို ပြေလျော့စေပြီး ကျန်းမာပြီး အကောင်းမြင်စိတ်တွေ တိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ညနေတိုင်းမှာ ၁၀ မိနစ် ဝင်လေထွက်လေမှတ်ပါ

ညနေတိုင်းမှာ တစ်နေ့တာရဲ့ ဖြတ်သန်းခဲ့မှုတွေကို မိနစ်နည်းနည်းလောက် ပြန်တွေးတာက အလုပ်တွေကို ကောင်းကောင်း လုပ်နိုင်စေဖို့ နည်းလမ်းတွေကို ရသလို တိုးတက်မှုတွေရစေဖို့ နဲ့ သင်ယူဖို့လိုအပ်တာတွေကိုပါ သိရှိစေဖို့ ထောက်ကူပေးပါတယ်။

စိတ်ရှင်းရှင်းထားနိုင်တာ ဆုံးဖြတ်ချက်ချမှတ်မှုကို ကောင်းစေသလို စိတ်ကိုတည်ငြိမ်အေးချမ်းစေဖို့ရော အကောင်းမြင်စိတ်တိုးစေဖို့နဲ့ စိတ်ဖိစီးမှုလျော့ကျစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 

  • အိပ်ရာမဝင်ခင်မှာ စိတ်ကို ရှင်းရှင်းထားပါ

ညအိပ်ခါနီးမှာ ဒေါသတွေကို မဖြေလျှော့ဘဲ အိပ်မယ်ဆိုရင် တစ်ညတာလုံးကို ကောင်းကောင်းအိပ်ပျော်နိုင်စေဖို့ ခက်စေမှာပါ။ ဒါကြောင့် ညဘက်အိပ်ရာမဝင်ခင်မှာ စိတ်ဖိစီးစေတဲ့ အတွေးတွေ၊ တာဝန်တွေနဲ့ စိုးရိမ်မှုတွေကို ရေးချပြီး အတွေးကို ရှင်းရှင်းလေးလုပ်ပြီး စိတ်လက်ပေါ့ပါးစွာနဲ့ အိပ်ရာဝင်လိုက်ပါ။ 

ဒီလိုလုပ်တာက အိပ်ရေးဝဝ အိပ်ပျော်စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တကယ်လို့ စိတ်ထဲမှာ အရမ်းကို မွန်းကြပ်နေတာမျိုး ခံစားရမယ်ဆိုရင် ရေနွေးနွေးနဲ့ ရေချိုးပေးတာမျိုး၊ ဆေးဖက်ဝင် ရေနွေးကြမ်းတွေ သောက်တာ၊ စိတ်အေးချမ်းစေတဲ့ သီချင်းတွေကို နားထောင်တာမျိုး လုပ်ပေးပါ။ 

ဒီနေရာမှာ သတိထားရမှာက ကဖင်းတွေ အများကြီး မသောက်ပါနဲ့။ ညဘက်မှာ အစားတွေ အများကြီးစားတာက ဦးနှောက်ကို အနားမရတာမျိုး ဖြစ်စေပြီး စိတ်ဖိစီးတာမျိုး ဖြစ်စေနိုင်ပါတယ်။ 

Lotoshin ရဲ့ စကားလက်ဆောင်

ကြည်လင်ပြီး စိတ်ရှင်းနေတာက စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်စေဖို့ရော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေသလို ဆုံးဖြတ်ချက်တွေကို ကောင်းကောင်းမွန်မွန်ချမှတ်နိုင်ပြီး ဘဝမှာ ပိုပြီးနေပျော်လာမှာပါ။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ Detox လုပ်သလို အခါအားလျော်စွာ စိတ်ကိုလည်း Detox လုပ်ဖို့ မမေ့ပါနဲ့။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *