ဆေးဘဲဥ တို့ ဆေးဘဲဥသုပ်တို့က လူအတော်များများနဲ့ မစိမ်းတဲ့ အစားအစာတစ်မျိုးလို့ဆိုရင် မမှားဘူး။ တရုတ်ရိုးရာနည်းလမ်းတွေအတိုင်း ရွှံ့စေး၊ ပြာ၊ ဆား၊ ထုံး၊ စပါးခွံတွေနဲ့ မံပြီး အပူပေးလို့ သေချာ စီမံပြုလုပ်ထားတဲ့ အစားအစာတစ်မျိုးပေါ့။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။
ဒါကိုမှ ပြန်ပြုတ်ပြီး အခွံခွာ၊ အရွယ်တော်လေးတွေ စိတ်၊ ကြက်သွန်စိမ်း၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း စတာတွေနဲ့ အရသာနှစ်သက်သလို ထည့်လို့ သုပ်စားကြသလို ပြန်မပြုတ်ဘဲ ဒီအတိုင်း သုပ်စားတဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ဆိုလည်း ဆေးဘဲဥကို အရွက်ကြော်တွေထဲမှာ ထည့်စားကြတာ၊ ဒင်းဆမ်းထဲမှာ အသားနဲ့တွဲပြီး ထည့်သွင်းစားသုံးတာတွေလည်း ရှိပါတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့။
အရည်အသွေးကောင်းတဲ့ ဆေးဘဲဥတစ်လုံး ဖြစ်လာဖို့ အနည်းဆုံး ၈ လ ထားရပါတယ်။ ဒါမှ အနှစ်လေးက ညိုတိုတိုလေးနဲ့ အပြင်ခွံ့ အဝါရောင် ဂျယ်လီသားလေး ဖြစ်မှာပါ။ စနစ်တကျ ဖော်စပ်ပြုလုပ်ထားတာကြောင့် ဆေးဖက်ဝင်တဲ့ အရာတစ်ခုအဖြစ် စားသုံးကြတာပေါ့။
ဆေးဘဲဥဆိုတာ ဘဲဥကို လုပ်ထားတာဆိုတော့ ဘဲဥလိုပဲ ကျန်းမာရေး အကျိုးကျေးဇူးခြင်းတူမှာပေါ့လို့ လွယ်လွယ်မတွေးသင့်ပါဘူး။ ဆေးဘဲဥက ဘဲဥထက်ပိုပြီး အာဟာရတန်ဖိုးကြွယ်ဝသလို ကျန်းမာရေး အကျိုးကျေးဇူးလည်း ပိုများပါတယ်။
သံဓာတ် ကြွယ်ဝတယ် – ဆေးဘဲဥ က သံဓာတ် ကြွယ်ဝတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပြီး သွေးအားနည်း ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းစေပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုးစေတယ်။
ဆီလီနီယမ် ပါဝင်တယ် – ဆေးဘဲဥမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဆီလီနီပါဝင်တာကြောင့် သွေးမတိုးစေဖို့ ကာကွယ်ပေးသလို သိုင်းရွိုက်ပြဿနာတွေ မခံစားရစေဖို့လည် ကာကွယ်ပေးပါတယ်။
ပရိုတင်း ကြွယ်ဝတယ် – ဆေးဘဲဥရဲ့ နောက်ထပ် ကျန်းမာရေးအာနိသင်ကတော့ ပရိုတင်း ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေပြီး ကြွက်သားတွေကို သန်မာစေတာပါ။ အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့လည်း ကူညီပေးပါသေးတယ်။
ဗီတာမင် D ပါဝင်တယ် – ဆေးဘဲဥမှာ ဗီတာမင် D ပါဝင်တာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။
ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းတယ် – ဆေးဘဲဥက ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေ၊ ဝိတ်ချချင်သူတွေအတွက် အထူး သင့်တော်ပါတယ်။
အသည်း ကျန်းမာစေတယ် – ဆေးဘဲဥက အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့ အားဖြည့်ပေးပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာ တစ်ရပ် ဖြစ်တဲ့ သွေးတိတ်စေဖို့လည်း ကူညီပေးပါသေးတယ်။
အစားစားချင်စိတ် တိုးစေတယ် – ဆေးဘဲဥလေးရဲ့ နောက်ထပ် အာနိသင်တစ်ခုက အစားစားချင်စိတ်ကို လှုံ့ဆော်ပေးတာပါ။ အစားစားချင်စိတ် မရှိသူတွေ၊ ခံတွင်းပျက်သူတွေအနေနဲ့ စားသုံးပေးလို့ ရပါတယ်။
မျက်လုံး ကျန်းမာစေတယ် – ဆေးဘဲဥ စားပေးတာက မျက်လုံး ခြောက်တာ၊ အတွင်းတိမ်နဲ့ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မျက်လုံး ပြဿနာ၊ အမြင်အာရုံ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ကဲ ……… ဆေးဘဲဥက စားလို့လည်းကောင်း၊ အရသာလည်းရှိ၊ ကျန်းမာရေးလည်း အကျိုးပြုတယ်ဆိုတော့ စားပေးသင့်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောပါဝင်မှု ရှိနေတာကြောင့် အလွန်အကျွံစားရင် ကိုယ်အလေးချိန်တက်လာနိုင်တယ်ဆိုတဲ့ အချက်လေးကိုတော့ဖြင့် သတိပေးလိုက်ပါရစေနော်။