Digital Lifestyle ကြောင့် လူငယ်တွေ ဆီးချိုခံစားရတာ များလာတာလား!

Digital Lifestyle ကြောင့် လူငယ်တွေ ဆီးချိုခံစားရတာ များလာတာလား!
Digital Lifestyle ကြောင့် လူငယ်တွေ ဆီးချိုခံစားရတာ များလာတာလား!

ယခုနှစ်ရဲ့ World Health Day စစ်တမ်းတွေအရ သိရတာက လူငယ်တွေရဲ့ ၄၈% လောက်က ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အွန်လိုင်းကတဆင့် ရှာဖွေဖတ်ရှု့တာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီအချက်က သူတို့က ကျန်းမာရေးဗဟုသုတ ပိုရှိလာတာလား။ ဆီးချိုဖြစ်တဲ့အရေအတွက် မြင့်တက်လာ တာလား ဆိုတာကိုတော့ တိတိကျကျ အဖြေရှာနေဆဲပါပဲ။ 

လူငယ်တွေကြားမှာ ဆီးချိုရောဂါဖြစ်ပွားမှု မြင့်တက်လာတာက အလုပ်အရမ်းများတဲ့ နေ့စဉ်ဘဝကြောင့်လား၊ စခရင်မ်တိုင်းမ်များနေတာကြောင့်လား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေကြောင့်လား၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့်လား၊ အမြန်စား အစားအစာတွေကို အစားများလာတာကြောင့်လား ဆိုတာကို သိရှိနိုင်ဖို့ လေ့လာမှုတွေ ထပ်မံလုပ်ဆောင်ဖို့တော့ လိုပါဦးမယ်။ 

Digital Lifestyle ကြောင့် လူငယ်တွေ ဆီးချိုခံစားရတာ များလာတာလား!

ဆီးချိုရောဂါဆိုတာက အသံတိတ်လူသတ်သမားလို့တောင် တင်စားရမယ့်အထိ ကမ္ဘာပေါ်မှာ သေဆုံးမှု တော်တော်များများရဲ့ အကြောင်းရင်းခံဖြစ်လို့လာနေပါတယ်။ လက်ရှိကာလမှာ အရွယ်ရောက်ပြီးသူ သန်း ၈၀၀ လောက်က ဆီးချိုရောဂါ ခံစားနေရပြီး ဒီအရေအတွက်ဟာ ၁၈၈၀ ပြည့်နှစ်တွေက ဆီးချိုခံစားရသူ အရေအတွက်ထက် ၂ ဆကျော် များနေပါတယ်။ အရင်က အသက် ၅၀ ကျော်တွေလောက်ကပဲ ဆီးချိုကို စိတ်ပူရတာဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ လူငယ်ပိုင်းတွေမှာပါ ဆီးချိုရောဂါ ခံစားရနိုင်ခြေက လျင်လျင်မြန်မြန်ကို မြင့်တက်လို့နေပါတယ်။

ကျန်းမာရေးပလက်ဖောင်းတစ်ခုက  World Health Day နေ့မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ သိရတာက လူငယ်တွေကြားမှာပါ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး လေ့လာသိရှိလိုမှု မြင့်တက်နေတယ်ဆိုတာကိုပါ။ အွန်လိုင်းကျန်းမာရေး ပလက်ဖောင်းတွေမှာ ဆီးချိုရောဂါအကြောင်း ရှာဖွေသူတွေထဲက ၄၈% ဟာ အသက် ၂၅ နှစ် ကနေ အသက် ၃၄ နှစ်အတွင်း ရှိတယ်လို့ သိရပါတယ်။

လူငယ်တွေအကြားမှာ ဆီးချိုရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်မှုက တော်တော်လေးကို မြင့်တက်လာနေပါတယ်။ အထိုင်များတာ၊ စိတ်ဖိစီးမှုများတဲ့နေ့စဉ် လုပ်ငန်းခွင်နဲ့ လူမှုဘဝအတွေ့အကြုံတွေနဲ့ စားသောက်မှုပုံ စံမမှန်တာ၊ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာတွေက ဆီးချိုဖြစ်ပွားမှုကို မြင့်တက်စေတဲ့ အကြောင်းအရင်းတွေပါ။ 

ဒီအလေ့အထတွေက လူငယ်တွေမှာ နောက်ဆက်တွဲ နာတာရှည်ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ ကျောက်ကပ် ထိခိုက်တာ၊ ရုတ်တရက် နှလုံးရပ်တာ၊ အသည်းထိခိုက်တာ၊ သည်းခြေအိတ် ထိခိုက်တာတွေကို ခံစားရနိုင်ပါတယ်။  ဒါကြောင့် နေ့စဉ်ဘဝနေထိုင်မှုပုံစံမှာ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ အာဟာရပြည့်ဝမျှတအောင် စားတာ၊ ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ အချိုကဲတဲ့ အစားအစာတွေကို ရှောင်တာ၊  အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှု လျှော့ချတာ၊ လိုအပ်တဲ့ ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံယူတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ 

လူငယ်တွေအနေနဲ့ ဆီးချိုမဖြစ်အောင် ကာကွယ်လို့ရလား!

အခုနောက်ပိုင်း လူငယ်တွေရဲ့ နေ့စဉ်ဘဝက အထိုင်များတာ၊ စခရင်မ်တိုင်းမ်များတာတွေကြောင့် ဆီးချို၊ ရုတ်တရက်နှလုံးရပ်တာ၊ အသည်းပြဿနာ၊ ကျောက်ကပ်ထိခိုက်ပျက်စီးတာ၊ သည်းခြေအိတ်ပြဿနာတွေကို ခံစားနေရပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု အလေ့အထတွေကို လိုက်နာမယ်ဆိုရင်တော့ ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ 

ဒါကြောင့် လူငယ်တွေအနေနဲ့ ဆီးချိုမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် – 

  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ – နေ့စဉ်စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီမပါတဲ့ ပရိုတင်းတွေ၊ နှံစားသီးနှံတွေကို ပါဝင်အောင် စားသုံးပေးပါ။ အချိုရည်တွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။
  • ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ – တစ်ပတ်တာမှာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာလိုမျိုး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကို အနည်းဆုံး မိနစ် ၁၅၀ လောက်လုပ်ပေးပါ။
  • အိပ်ရေးဝဝအိပ်ပါ – သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့အတွက် တစ်ညတာကို ပြည့်ဝတဲ့ အိပ်စက်ချိန် ၇ နာရီ ကနေ ၉ နာရီအထိရှိဖို့ ဂရုစိုက်ပါ။
  • စိတ်ဖိစီးမှု ဖြေလျော့ပါ – ဝင်လေထွက်လေမှတ်တဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊ ယောဂလေ့ကျင့်တာလိုမျိုး စိတ်ဖိစီးမှု ပြေလျော့စေမယ့် အလေ့အထလေးတွေကို ပုံမှန် လုပ်ဆောင်ပါ။
  • ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူပါ – ပုံမှန် ကျန်းမာရေးစစ်ဆေးတာက အချို့သော ကျန်းမာရေးပြဿနာတွေကို စောစောသိရှိ ကာကွယ်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ 

Lotoshin ရဲ့ စကားလက်ဆောင်

အထိုင်များတာနဲ့ လက်ရှိခေတ်ရဲ့ လူငယ်​တွေ ပိုင်ဆိုင်ထားတဲ့ Digital Lifestyle က ဆီးချိုအပါအဝင် နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တယ်ဆိုပေမယ့် ကျန်းမာအောင် နေထိုင်ရင်း ကာကွယ်လို့ ရပါတယ်။ 

ဆီးချိုရောဂါက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ နာတာရှည် ကျန်းမာရေးပြဿနာ ဆိုပေမယ့်လည်း နေ့စဉ်ဘဝရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာလေး ဂရုစိုက်မယ်ဆိုရင် ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ ဆီးချိုဆိုတာက အသက်ကြီးမှ ဖြစ်တာမျိုး မဟုတ်ဘဲ လူလတ်ပိုင်းတွေမှာလည်း ဖြစ်နိုင်တာကြောင့် ကြိုတင်ကာကွယ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်ကြစေဖို့ အကြံပြုလိုက်ပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *