ချောင်းဆိုးတယ်ဆိုတာက အချိန်မရွေး ရာသီမရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ အအေးမိတုပ်ကွေးလို ရောဂါတွေကြောင့်ဖြစ်နိုင်သလို သာမန်ဖျားပြီးချိန်တွေမှာလည်း ချောင်းဆိုး ဆက်မပြတ်ပဲ ကျန်ခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေများဆို လည်ချောင်းလေးတောင် နာပြီး ကျန်ချင်ကျန်ခဲ့တတ်ပါသေးတယ်။ များသောအားဖြင့်တော့ ခံရခက်တဲ့လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကို သက်သာစေဖို့ Menthol ပါဝင်တဲ့ ချောင်းဆိုးပျောက် ပူရှိန်းဆေးပြားလေးတွေ (Menthol Lozenges ဒါမှမဟုတ် Sore Throat Lozenges) ငုံကြလေ့ရှိပါတယ်။
ပူပူရှိန်းရှိန်း၊ အနံ့ကလည်းမွှေးတေးတေး၊ အရသာလေးကလည်း စုံစုံနဲ့မို့ လူကြိုက်လည်းများလှပါတယ်။ ဒီဆေးပြားလေးတွေက ချောင်းဆိုးပျောက်ရုံတင်မက ခံတွင်းလည်း ရှင်းတာမို့ တစ်ချို့ ကြိုက်တတ်သူတွေက ဒီအတိုင်းဆောင်ထားပြီး ငုံတာမျိုးတောင် လုပ်တတ်ကြပါသေးတယ်။
ဒါပေမယ့်လည်း ဘယ်နေရာမှာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ သတိပေးချက်ကလည်း ရှိနေတာကို သတိထားသင့်ပါတယ်။ ပူရှိန်းဆေးပြားတွေဟာ ရောဂါပျောက်ကင်းသက်သာစေဖို့ ထုတ်လုပ်ထားတာဖြစ်ပေမယ့် လိုအပ်တဲ့ ပမာဏထက် ပိုမိုလွန်ကဲစွာ အသုံးပြုမိမယ်ဆိုရင်တော့ ကျန်းမားရေးကို ထိခိုက်စေတာမျိုးဖြစ်စေတတ်တာမို့ ဂရုတစိုက် သုံးစွဲသင့်တဲ့ ဆေးဝါးဓာတ်စာတစ်ခုဖြစ်ပါတယ်။
ပူရှိန်းဆေးပြားလေးတွေကို အလွန်အကျွံအသုံးပြုတာ ဒါမှမဟုတ် ဓာတ်မတည့်တာတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရောဂါဝေဒနာတွေကတော့
Angioedema လို့ ခေါ်တဲ့ အရေပြား ဖူးယောင်တဲ့ ရောဂါတစ်မျိုးဖြစ်ပွားနိုင်ပါတယ်။ အဆိုပါရောဂါဟာ ပျားတုပ်ခံရချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ဖူးယောင်ခြင်းမျိုးနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ ဒါမျိုးက ရှားပါးပြီး ဖြစ်တောင့်ဖြစ်ခဲ့ပြဿနာဖြစ်ပေမယ့် ဖြစ်ခဲ့ရင်လည်း ပြင်းထန်တတ်ပါတယ်။
- အင်ပြင်ထခြင်း/မိတ်ဖုထတာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အရေပြားတစ်ခုလုံး နီရဲပြီး နာကျင်နေတာမျိုးဖြစ်ပါတယ်။
- နှုတ်ခမ်း ပူစပ်ပူလောင်ဖြစ်ခြင်း
- ယားယံခြင်း
- အသားအရေ နီမြန်းခြင်း
- Methemoglobinemia လို့ ခေါ်တဲ့ သွေးတွင်း methemoglobin ထုတ်လုပ်မှုပမာဏ အလွန်အမင်းပွားများပြားမှုကြောင့် သွေးဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ ရောဂါမျိုးလည်းဖြစ်နိုင်ပါတယ်။
- အန်ခြင်း
- မူးဝေခြင်း
- အိပ်ငိုက်ခြင်း
- မအီမသာဖြစ်ခြင်း
- ဗိုက်အောင့်ခြင်းနဲ့
- အသက်ရှုသွင်းမှု ခက်ခဲတာလိုမျိုး ဝေဒနာတွေ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနဲ့ လည်ချောင်း ခြောက်သွေ့တာမျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါသေးတယ်။
ဒါကြောင့် ပူရှိန်းဆေးပြားလေးတွေကိုအသုံးပြုတဲ့အခါမှာ
- ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်ပြီးမှ အသုံးပြုပါ။
- ကိုယ့်မှာ ဒီလိုဆေးပြားတွေနဲ့ ဓာတ်မတည့်တဲ့ ရောဂါမျိုး ရှိမရှိ ကြိုတင်လေ့လာပါ။
- ချောင်းဆိုးရောဂါဝေဒနာနဲ့ လည်ချောင်းနာဝေဒနာ ခံစားနေရချိန်တွေမှာသာ အသုံးချပါ။
- သွေးတိုးရောဂါ ရှိတယ်ဆိုရင် ကိုယ်အသုံးပြုမယ့် အမှတ်တံဆိပ်ကို သေချာစွာစစ်ဆေးပါ။ တစ်ချို့ ထုတ်ကုန်တွေဟာ သကြားဓာတ်ပမာဏများပြားစွာပါဝင်နေတတ်ပါတယ်။
- နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ငယ်ရွယ်တဲ့ ကလေးတွေကို တိုက်ကျွေးတာမျိုးကို တတ်နိုင်သမျှ ရှောင်ရှားပါ။ မဖြစ်မနေ အခြေအနေမှာ သက်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ သေချာတိုင်ပင်ပါ။
[Ye Zon Aung, Hello Sayarwon, 13-1-2022]