ခြေထောက်မှာတွေ့ရနိုင်တဲ့ သွေးကြောတွေ ပိတ်ဆို့နေတဲ့ လက္ခဏာများ

ခြေထောက်မှာတွေ့ရနိုင်တဲ့ သွေးကြောတွေ ပိတ်ဆို့နေတဲ့ လက္ခဏာများ
ခြေထောက်မှာတွေ့ရနိုင်တဲ့ သွေးကြောတွေ ပိတ်ဆို့နေတဲ့ လက္ခဏာများ

တော်တော်များများ ယူဆထားတာက ခြေထောက်ကိုက်တယ်၊ ခြေထောက်တွေ ထုံကျဉ်တယ်ဆိုတာက ဇရာရဲ့ ပုံမှန်လက္ခဏာတွေလို့ပေါ့။ ဒီလိုနဲ့ လမ်းလျှောက်ရင်း ခြေထောက်ထဲက ကိုက်သလိုလို ကြွက်တက်ချင်သလိုလို ခံစားရတာကို အမှုမဲ့ အမှတ်မဲ့ ထားလိုက်တတ်ကြပါတယ်။ နားလိုက်ရင် ပျောက်သွားမှာပေါ့ဆိုပြီးတော့ပေါ့။ ဒါပေမယ့် တကယ်ကတော့ ဒီလက္ခဏာတွေက သွေးကြောတွေထဲမှာ အဆီတွေ အစိုင်အခဲဖြစ်ပြီး ပိတ်ဆို့နေတယ်ဆိုတာကို ဖော်ပြနေတဲ့ အစောပိုင်း လက္ခဏာတွေထဲက တစ်ခုပါ။ ဒါကြောင့် သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ခြေထောက်မှာတွေ့ရနိုင်တဲ့ သွေးကြောတွေ ပိတ်ဆို့နေတဲ့ လက္ခဏာများ

ခြေထောက်တွေမှာ ကိုက်ခဲသလို၊ ထုံကျဉ်သလို  ခံစားရတာက ခြေထောက်အပါအဝင် ခန္ဓာကိုယ် အောက်ဖက် အစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိမှု နည်းစေတဲ့ သွေးကြောတွေမှာ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့နေတဲ့ ကျန်းမာရေးပြဿနာ (PAD) ကြောင့်ပါ။ ဒီလို ဖြစ်တဲ့အခါ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ 

  • လမ်းလျှောက်နေရင်း ခြေထောက်ထဲက ကိုက်ခဲတာ

ခြေထောက်ဆီ စီးဆင်းတဲ့ သွေးကြောတွေထဲမှာ တစ်စိတ်တစ်ပိုင်း ပိတ်တဲ့အခါ ခြေထောက်တွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လမ်းနည်းနည်းလောက် လျှောက်လိုက်ရင်ကို ခြေထောက်ထဲမှာ တင်းတင်းကြပ်ကြပ်ကြီး ဖြစ်လာသလို ခံစားရတာ၊ ခြေထောက်က ကြွက်တက်တာ၊ ခြေသလုံး ဒါမှမဟုတ် တင်ပါးမှာ ကြွက်တက်သလို နာကျင်ကိုက်ခဲသလို ခံစားနေရတာမျိုး ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ သွေးစီးဆင်းမှု မကောင်းတာကြောင့် ခြေထောက်ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းနေတာ ကြောင့်ပါ။ အချိန်ကြာလာတဲ့အခါ လမ်းလျှောက်ချိန်မှာတင် မဟုတ်ဘဲ လဲလျောင်းနေချိန်မှာပါ နာကျင်ကိုက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။ 

  • ခြေထောက်တွေ ထုံကျဉ်နေတာ

ခြေထောက်တွေဆီ သွေးစီးဆင်းရောက်ရှိမှုနည်းလာတဲ့အခါ ခြေထောက်တွေက မသယ်ချင်သလို အားမရှိသလို ခံစားရနိုင်သလို ခြေထောာက်ထဲမှာ တဆစ်ဆစ်နာကျင်နေတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ခြေထောက်တွေက မသယ်ချင်အောင် လေးလံနေမယ်ဆိုရင်လည်း ခြေထောက်ဆီ သွေးစီးဆင်းရောက်ရှိမှု နည်းတာကြောင့် လှေကားတက်တဲ့အခါ ဒါမှမဟုတ် လမ်းဝေးဝေး လျှောက်လိုက်တဲ့အခါ ခြေထောက်တွေက တရွတ်ဆွဲသလို ဖြစ်လာပြီး ခြေထောက်တွေ ထုံကျဉ်နေတာမျိုး ခံစားရနိုင်ပါတယ်။ 

  • ခြေထောက်တစ်ဖက်က အခြားတစ်ဖက်ထက်ပိုပြီး အေးနေတာမျိုး

ခြေထောက်နှစ်ဖက်ရဲ့ အပူချိန်က မတူဘဲ ခြေထောက်တစ်ဖက်က ပိုအေးနေတာမျိုး ခံစားရမယ်ဆိုရင် ခြေထောက်ဆီကို သွေးစီးဆင်းရောက်ရှိ နည်းနေပြီလို့ ဆိုရပါမယ်။ ရာသီဥတု ပူနေချိန်မှာ ခြေထောက်တစ်ဖက်က အခြားတစ်ဖက်နဲ့ မတူ အေးနေတာမျိုး ဖြစ်မယ်ဆိုရင်တော့ ခြေထောက်ဆီ စီးဆင်းနေတဲ့ သွေးကြောတွေ တစ်စိတ်တစ်ပိုင်း ပိတ်နေတာကြောင့် ခြေထောက်ဆီ သွေးစီးဆင်းရောက်ရှိမှု နည်းနေတာကြောင့်ပါ။ ဒီလို ဖြစ်တာနဲ့အတူ အချိန်ကြာလာတဲ့အခါ ခြေထောက် အသားအရောင် ပြောင်းလာတာမျိုးကိုပါ ခံစားရနိုင်ပါတယ်။ 

  • ခြေထောက်က အနာတွေ အနာကျက်နှေးလာတာ

ခြေထောက်မှာ အနာတွေ ဖြစ်တာ၊ အရည်ကြည်ဖုတွေ ဖြစ်တာတွေက ရက်သတ္တပတ် တော်တော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်ဆိုရင် ဒါမှမဟုတ် ခြေထောက်က အနာတွေ အနာကျက်နှေးတာမျိုး ဖြစ်လာမယ်ဆိုရင် သွေးကြောတွေထဲမှာ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့နေတာကြောင့် ခြေထောက်ဆီ သွေးစီးဆင်းရောက်ရှိမှု နည်းနေ တာကြောင့် ဖြစ်နိုင်ပါတယ်။ ပြင်းထန်မယ်ဆိုရင် ခြေထောက်ပိုးဝင်ပြီး ခြေထောက်ဖြတ်ပစ်ရတာမျိုး အထိ ဖြစ်စေနိုင်ပါတယ်။ 

  • ခြေထောက်က အမွေးအမျှင်တွေ နည်းလာတာ

ခြေထောက်က သွေးလည်ပတ်မှု နည်းလာတာမျိုး ခံစားရတဲ့အခါ ခြေချောင်းလေးတွေနဲ့ ခြေသလုံးက အမွေးအမျှင်တွေ နည်းလာတာ၊ ခြေထောက်က ပြောင်ချောချော ဖြစ်လာတာမျိုးတွေ ခံစားရမယ်ဆိုရင် ခြေထောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းတာကြောင့် မွေးညှင်းပေါက်တွေဆီကို အောက်ဆီဂျင်တွေနဲ့ အာဟာရတွေ ရောက်ရှိမှု အားနည်းတာကြောင့်ပါ။ 

  • ခြေထောက်မှာ သွေးခုန်နှုန်းနည်းလာတာ

ခြေထောက်မှာ အထူးသဖြင့် ခြေချင်းဝတ်နဲ့ ခြေဖျားတွေမှာ သွေးခုန်နှုန်း နည်းလာတာ ဒါမှမဟုတ် သွေးခုန်နှုန်း မရှိသလောက် နည်းတာကြောင့်ပါ။ ဒါကြောင့် ခြေထောက်မှာ သွေးခုန်နှုန်းနည်းနေပြီဆိုရင် သွေးကြောတွေ ပိတ်ဆို့နေတာကြောင့် ဖြစ်နိုင်တယ်လို့ သိရှိဖို့ လိုပါမယ်။ 

သွေးကြောတွေမှာ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့နေတဲ့ ကျန်းမာရေးပြဿနာ (PAD) ခံစားနေရပြီဆိုရင် စောစော သိရှိပြီး ကုသနိုင်ဖို့ လိုပါမယ်။ ဒါမှနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲတာ၊ လိုအပ်တဲ့ ကုသမှုတွေကို ခံယူတာတွေ လုပ်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

လမ်းလျှောက်ချိန်မှာ ခြေထောက်ထဲက နာကျင်နေတာ၊ ခြေသလုံးမှာ ကြွက်တက်တာ၊ ခြေကုန်လက်ပမ်း ကျသလို ခံစားလာရတာ၊ ခြေထောက်တွေ အေးနေတာကို ခံစားရမယ်ဆိုရင်တော့ အမှုမဲ့ အမှတ်မဲ့ မနေဘဲ သွေးကြောတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ လိုပါမယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *