ဆီးချိုဆိုတာက နာတာရှည် ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ ခန္ဓာကိုယ်မှာရှိတဲ့ ပန်ခရိယက အင်ဆူလင်တွေ ကို လုံလောက်အောင် မထုတ်နိုင်တာကြောင့်ဖြစ်နိုင်သလို ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တွေက အင်ဆူလင်ကို ကောင်းကောင်း မတုံ့ပြန်နိုင်တာကြောင့်ပါ။ ဆီးချိုရောဂါမှာ အမျိုးအစား – ၁ ဆီးချိုနဲ့ အမျိုးအစား – ၂ ဆီးချိုဆိုပြီး ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အင်ဆူလင်ထုတ်လွှတ်တဲ့ပန်ခရိယကဆဲလ်တွေကို မှားယွင်းပြီး တိုက်ခိုက်တာကြောင့် ကိုယ်တွင်းမှာ သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက်စေနိုင်တာ ကြောင့်ပါ။
ဆီးချိုက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသားတွေနဲ့ အမျိုးသမီးတွေ မှာ ခံစားရတဲ့ လက္ခဏာတွေကတော့ အနည်းငယ် ကွဲပြားပါတယ်။ ဒါကြောင့် အခုတစ်ခေါက် မှာတော့ အမျိုးသားတွေမှာ တွေ့ရလေ့ရှိတဲ့ ဆီးချိုရောဂါတဲ့ အစောပိုင်းလက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။
အမျိုးသားတွေမှာ တွေ့ရလေ့ရှိတဲ့ ဆီးချိုရောဂါရဲ့ အစောပိုင်း လက္ခဏာများ
အမျိုးသားတွေမှာ ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။
- ဆီးခဏခဏ သွားတာ
ဆီးချိုရောဂါ အစပျိုးလာပြီဆိုရင်တော့ ပုံမှန်ထက် ဆီးပိုသွားတာမျိုး၊ ဆီးခဏခဏ သွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ ဆီးချိုဖြစ်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး ကိုယ်တွင်းထဲက ပိုလျှံနေတဲ့ သွေးတွင်းသကြားဓာတ်ကို ဖယ်ရှားဖို့ ကျောက်ကပ်က အလုပ်ပိုလုပ်ရတာမျိုး ဖြစ်စေနိုင်သလို ဆီးခဏခဏ သွားတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးခဏခဏ သွားနေပြီ ညဘက်တွေမှာပါ ဆီးခဏခဏ ထသွားနေရပြီဆိုရင်တော့ သွေးချိုစစ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
- ရေပုံမှန်ထက် ပိုငတ်တာ
ရာသီဥတုကြောင့် ရေငတ်တာမျိုး ရှိနိုင်ပေမယ့် ရာသီဥတု အရမ်းမပူပါဘဲ ရေ ခဏခဏငတ်တာမျိုး ဖြစ်မယ်။ ရေခဏခဏ သောက်ချင်တာ၊ ရင်ပူတာမျိုးတွေ ဖြစ်ပြီဆိုရင်တော့ သွေးတွင်းသကြားဓာတ်မြင့်တက်နေသလား ဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။
- အမြဲလိုလို ခြေကုန်လက်ပမ်းကျတာ
အစားတွေလည်း စားပါရက် အိပ်ရေးလည်း ဝပါရက်နဲ့ အမြဲလိုလို ခြေကုန်လက်ပမ်းကျနေတာမျိုး ခံစားနေရပြီ ဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တဲ့ ဆီးချိုရောဂါ အစပျိုးနေတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်ဘဲ အမြဲလိုလို ခြေကုန်လက်ပမ်းကျနေပြီဆိုရင် လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူပါ။
- အကြောင်းအရင်းမရှိဘဲ ဝိတ်ကျတာ
ဝိတ်ချနေတာမျိုး မဟုတ်ဘဲ ပုံမှန်စားသောက်နေကျအတိုင်း စားနေပါရက် ကိုယ်အလေးချိန်ကျသွားတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆီးချိုရဲ့ အစောပိုင်း လက္ခဏာတစ်ရပ်ဖြစ်လို့ သတိထားဖို့ ပြောချင်ပါတယ်။
- လိင်စိတ် နည်းပါးတာ
ဆီးချိုရောဂါ ခံစားနေရပြီဆိုရင်တော့ လိင်စိတ်နည်းပါးလာပြီး လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းတာကို ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှုက လိင်တံထောင်မတ်နိုင်စွမ်းကို လှုံ့ဆော်ပေးတဲ့ အာရုံကြောတွေနဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်စေနိုင်သလို လိင်စိတ်နည်းပါးတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာ တက်စတိုစတုန်း ပမာဏ ကျဆင်းပြီး လိင်စိတ်နည်းတာမျိုး ဖြစ်စေနိုင်ပါတယ်။
- အမြင်အာရုံဝေဝါးတာ
သွေးတွင်းသကြားဓာတ်မြင့်တက်တာက မျက်လုံးကသွေးကြောလေးတွေဆီ သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး အမြင်အာရုံတွေ ဝေဝါးတာကို ဖြစ်စေနိုင်ပြီး မျက်စိရဲ့ မြင်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။
- အနာကျက်နှေးစေတယ်
ဆီးချိုရောဂါ ရှိသူတွေမှာ သွေးစီးဆင်းမှု ထိခိုက်စေနိုင်သလို ကိုယ်ခံအားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနာကျက်နှေးစေပြီး အနာတစ်ခုခု ဖြစ်ချိန်မှာ ပိုးဝင်ကူးစက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ခြေထောက်ကို စစိဆေး ဂရုစိုက်ဖို့ လိုပါမယ်။
- ခြေလက်တွေ ထုံကျဉ်တာ
ဆီးချိုရောဂါ ခံစားရတဲ့အခါ အာရုံကြောတွေ ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ခြေဖျားလက်ဖျားလေးတွေ ထုံတာ ကျဉ်တာ၊ ခြေဖဝါး၊ လက်ဖဝါးတွေ ပူတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခြေဖျား လက်ဖျားလေးတွေ ထုံသလိုလို ကျဉ်သလိုလို ဖြစ်နေပြီဆိုရင် သေချာလေး စစ်ဆေးဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဆီးချိုရောဂါက နာတာရှည် ကျန်းမာရေးပြဿနာဖြစ်တာကြောင့် စောစောသိ စောစောကုသလေလေ ထိရောက်မှုရှိလေလေပါ။ ဒါကြောင့်မို့ အစောပိုင်းလက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ အကြံပြုလိုက်ပါရစေ။ ဆီးချိုမဖြစ်စေဖို့ နေ့စဉ်ဘဝမှာ ကျန်းမာစေမယ့် အလေ့အထလေးတွေကို မွေးမြူကြဖို့လည်း တိုက်တွန်းလိုက်ပါရစေ။