ချောင်းတွေ တဟွတ်ဟွတ်နဲ့ ဆိုးနေပြီဟုတ်… ပြောပါတယ် အချိုတွေ မစားပါနဲ့လို့ အချိုတွေစားတော့ ချောင်းဆိုးပြီပေါ့လို့ ဆိုတဲ့ စကားတွေကို ငယ်ငယ်ကတည်းက ကြားဖူးကြမယ် ထင်တယ်နော်။ ဒါက တကယ်ပဲလား! အချိုစားလို့ ချောင်းဆိုးတာလား! ဘာကြောင့် ချောင်းဆိုးရတာလဲ! ဆိုတာလေးကို ရှင်းပြပေးချင်ပါတယ်။
ချောင်းဆိုးတယ်ဆိုတာက ဘာလဲ!
ချောင်းဆိုးတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ကာကွယ်မှု တစ်ရပ်ဖြစ်သလို ကျန်းမာတဲ့ ဖြစ်စဉ်တစ်ရပ်ပါ။ ပြင်ပ ပတ်ဝန်းကျင်ကနေ ကိုယ်ထဲကို ဝင်ရောက်လာတဲ့ ဖုန်မှုန့်တွေနဲ့ ပြင်ပကအရာတွေကို ဖယ်ရှားတဲ့ ဖြစ်စဉ်တစ်ရပ်အနေနဲ့ ချောင်းဆိုးရတာပါ။ ချောင်းဆိုးတယ်ဆိုတာက အဆုတ်နဲ့ လေပြွန်တွေကို ရှင်းလင်းတဲ့ ဇီဝဖြစ်စဉ်တစ်ခုပါ။
ဒါတွေကြောင့် ချောင်းဆိုးရတာပါ
ချောင်းဆိုးရတယ်ဆိုတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။
- အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာ
နှာခေါင်း ဒါမှမဟုတ် လည်ချောင်းမှာ ပိုးဝင်ကူးစက်တာကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ပိုးဝင်ကူးစက်တာ ကြောင့် ချောင်းဆိုးတာနဲ့အတူ အဖျားဝင်တာ၊ လည်ချောင်းနာတာနဲ့ နှာစေးတာတွေကိုပါ ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်ရတာ များပါတယ်။
- Hay fever
ဓာတ်မတည့်မှုကို ခံစားရချိန်မှာလည်း ချောင်းခြောက်ဆိုးတာကို ဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်မှုကြောင့် ချောင်းဆိုးတာနဲ့အတူ နှာချေတာ၊ နှာစေးတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

- အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်တာ
အသက်ရှူလမ်းကြောင်းအောက်ပိုင်း ပိုးဝင်ကူးစက်တာမျိုး ခံစားရမယ်ဆိုရင်လည်း လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာတွေကို ဖြစ်စေနိုင်ပါတယ်။
- အဆုတ်ထဲမှာ သွေးခဲပိတ်ဆို့တာ
အဆုတ်ထဲမှာ ရှိတဲ့ သွေးကြောလေးတွေထဲမှာ သွေးခဲပိတ်ဆို့တာကလည်း ချောင်းဆိုးတာချောင်းခြောက်ဆိုး တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
- အဆုတ်နဲ့ရင်ခေါင်ကြား လေစိမ့်ဝင်ခြင်း
ဒီအခြေအနေက အဆုတ်ကို ကျုံ့စေပြီး ရင်ဘတ်အောင့်တာကို ခံစားရတာနဲ့အတူ ချောင်းဆိုးတာကို ခံစားရစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာနဲ့အတူ အသက်ရှူရ ပြတ်တောင်းတောင်း ဖြစ်တာကိုပါ ခံစားရတာပါ။
- နှလုံးရပ်တာ
နှလုံးရောဂါ အခံရှိနေတာ၊ နှလုံးအားနည်းတာ၊ အဆုတ်ထဲမှာ အရည်တွေဖြစ်တာက ချောင်းဆိုးတာ၊ အသက်ရှူရခက်တာတွေကို ဖြစ်စေနိုင်ပါတယ်။
- နှာရည်နောက်ပြန်စီးတာ
နှာရည်နောက်ပြန်စီးတာက ချောင်းခြောက်ဆိုးတာကို ဖြစ်စေနိုင်သလို နာတာရှည် ချောင်းဆိုးတာကို ခံစားရစေနိုင်ပါတယ်။
- အစာခြေအက်ဆစ် ပြန်ဆန်တက်တာ
အစာအိမ်ထဲက အစာခြေအက်ဆစ်ရည်တွေ လည်ချောင်းအတွင်း ပြန်ဆန်တက်တာမျိုးကလည်း ချောင်းဆိုးတာကို ဖြစ်စေနိုင်ပါတယ်။
အချိုစားလို့ ချောင်းဆိုးတာလား!
အချိုစားလို့တော့ ချောင်းမဆိုးပါဘူး။ ဒါပေမယ့် ချောင်းဆိုးနေချိန်မှာ အချိုစားရင်တော့ ချောင်းဆိုးတာကို ပိုဆိုးစေပါတယ်။ အကြောင်းကတော့ သကြား (ပြုပြင်သန့်စင်ထားတဲ့ သကြားတွေကို စားတာက) ရောင်ရမ်း မှုတွေကို ဖြစ်စေတာကြောင့် လေပြွန်အတွင်းနံရံတွေ ရောင်ရမ်းစေပြီး ချောင်းဆိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ချောင်းဆိုးနေချိန်မှာ သကြားနဲ့ အချိုစာတွေကို စားတာက ချွဲတွေကို ပိုဖြစ်စေပြီး ချောင်းဆိုးတာကို ပိုဆိုးစေနိုင်သလို အစာခြေအက်ဆစ်ပြန်ဆန်တက်တာကို ဖြစ်စေနိုင်ပြီး ချောင်းဆိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ပြောချင်တာက အချိုစားလို့ ချောင်းမဆိုးနိုင်ပေမယ့် ချောင်းဆိုးနေချိန်မှာ အချိုစားမယ်ဆိုရင်တော့ ချောင်းဆိုးတာကို ပိုဆိုးစေနိုင်ပါတယ်။
အခုလို အခြေအနေဆိုရင် ဆရာဝန်နဲ့ ပြသပါ
တကယ်လို့ ချောင်းဆိုးတာက ရက်သတ္တပတ် ၃ ပတ်ထက် ပိုကြာနေပြီဖြစ်မယ်၊ ချောင်းဆိုးရင်း အသက်ရှူရ ပြတ်တောင်းတောင်း ဖြစ်မယ်၊ ချောင်းဆိုးရတာကြောင့် ရင်ဘတ်တွေအောင့်မယ်၊ ချောင်းဆိုးသွေးပါမယ်။ အကြောင်းအရင်းမရှိဘဲ ပင်ပန်းတာမျိုး ဖြစ်မယ်။ ဝိတ်ကျမယ်၊ ချောင်းဆိုးရင်း အဖျားပါဝင်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
အချိုစားလို့ ချောင်းမဆိုးပေမယ့် ချောင်းဆိုးနေတုန်း အချိုစားမယ်ဆိုရင်တော့ ချောင်းဆိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးနေပြီဆိုရင် အချိုစာ၊ ဆီကြော်စာတွေနဲ့ ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေကို မစားဖို့ လိုပါမယ်။




