အကြီးဆုံး သားသားမီးမီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး

အကြီးဆုံး သားသားမီးမီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး

ကလေးလေးတွေမှာ မွေးဖွားမှုရဲ့ အစဉ်အလိုက်ကွဲလို့ဖြစ်ဖြစ် တစ်ဦးတည်းအဖြစ်မွေးလို့ရယ် ဖြစ်ဖြစ် မတူကွဲပြားမှုတွေအပေါ်မှာ လိုက်ပြီး ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးလေးတွေ ကွာခြားတတ်ပါတယ်။ ဥပမာ – အကြီးလေးမို့ ညှာတတ်တယ်။ အလတ်လေးမို့ အနွံနာခံတတ်တယ်။ သိတတ်နားလည်နိုင်စွမ်းမြင့်တယ်။ အငယ်ဆုံးမို့ ဂျစ်ကျတယ်။ အချစ်ခံချင်တယ် စဖြင့်ပေါ့။ ဒီလိုမွေးဖွားမှု အစဉ်အလိုက်မှာမှ ထိပ်ဆုံးက မွေးဖွားတဲ့ ဖေဖေမေမေတို့ ချစ်မဝဖြစ်လွန်းလှတဲ့ သားဦးသမီးဦး သားသားမီးမီး တို့ရဲ့ မွေးရာပါ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖေဖေမေမေတို့ သိရှိရအောင်ဖော်ပြပေးလိုက်ပါတယ်။ 

အကြီးဆုံး ကလေးလေးဆိုတာ ဘယ်သူတွေပါလိမ့်! 

အကြီးဆုံး ကလေးလေးဆိုတာက ဖေဖေမေမေတို့ရဲ့ ပထမဦးဆုံး သားဦး ကလေးလေးကို ဆိုလိုချင်တာပါ။ သက်ဦးလေးတွေလို့လည်း ခေါ်ကြပါတယ်။ ဒီလို စီနီယာအရ အစောဆုံးဖြစ်တဲ့ ကလေးလေးတွေ ကို အကြီးဆုံး ကလေးလေးတွေလို့ ခေါ်ကြတာပါ။ 

အကြီးဆုံး သားသားမီးမီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး

အကြီးဆုံး သားသားမီးမီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး တွေကတော့

  • ကြီးစိုးခြယ်လှယ်နိုင်စွမ်းကောင်းကြသူလေးတွေပါ

အကြီးဆုံးသော ကလေးလေးတွေက အငယ်တွေအပေါ်မှာ ဩဇာညောင်းတတ်ကြသလို အခြားသူတွေ အပေါ်မှာလည်း လွှမ်းမိုးတတ်ကြပါတယ်။ 

  • ဦးဆောင်နိုင်စွမ်းကောင်းကြသူလေးတွေပါ

အကြီးဆုံး ကလေးလေးတွေက မွေးချင်း အငယ်လေးတွေကို ဦးဆောင်တတ်ကြသလို မိတ်ဆွေအပေါင်းအသင်းတွေကြားမှာလည်း ဦးဆောင်ဦးရွက် ပြုတတ်ကြပါတယ်။ 

  • ကာကွယ်ပေးတတ်ကြသူလေးတွေပါ

အကြီးဆုံး ကလေးလေးတွေက အငယ်လေးတွေအပေါ်မှာ ဩဇာသက်ရောက်မှု ရှိသလို ကိုယ့်ထက်ငယ်တဲ့ ကလေးလေးတွေကိုလည်း ကာကွယ်ပေးတတ်ကြပါတယ်။ 

  • အရမ်းကို ပြီးပြည့်စုံချင်တတ်ကြသူလေးတွေပါ

အကြီးဆုံး ကလေးလေးတွေက ငယ်စဉ်ကတည်းက မိဘတွေရဲ့ရည်မှန်းချက် ကြီးကြီး ထားခံကြရသူလေးတွေပါ။ ဒီလို ရည်မှန်းချက်ကြီးကြီး ထားခံရမှုကပဲ သူတို့ကို အရမ်းပြီးပြည့်စုံချင်တဲ့ စိတ်အစဉ်ကို ဖြစ်စေတာပါပဲ။ 

  • တာဝန်ယူတတ်ကြသူလေးတွေပါ 

ငယ်စဉ်အရွယ်ကတည်းက မေမေဖေဖေတို့က အခြားကလေးတွေ ကိစ္စနဲ့ အလုပ်ရှုပ်နေချိန်မှာ ကိုယ့်တာဝန်တွေကို ကိုယ်တိုင် ဆောင်ရွက်ရတာကြောင့် တာဝန်ယူတတ်ကြပါတယ်။ 

  • ဆုံးဖြတ်နိုင်စွမ်း ရှိကြသူလေးတွေပါ

အကြီးဆုံး ကလေးလေးတွေက အရာရာကို ဆုံးဖြတ်ချက်ချဖို့ မနှောင့်နှေးကြသလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်ကြပါတယ်။ 

  • ပွင့်ပွင့်လင်းလင်း ပြောတတ်ကြသူလေးတွေပါ

အကြီးဆုံး သားသားမီးမီးတွေက တစ်ခုခုကို အောင့်အည်းထားတာ မြိုသိပ်ထားတာမျိုး ဖြစ်ခဲပြီး ကျေနပ်ခြင်း မကျေနပ်ခြင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောဆို ဖြေရှင်းတတ်ပြပါတယ်။ 

  • ရည်မှန်းချက် ကြီးကြသူလေးတွေပါ

အကြီးဆုံး သားသားမီးမီးတွေက အခြား ကလေးတွေထက် မိဘတွေက ပိုအားကိုးတာကို ခံရမှုကလည်း သူတို့လေးတွေကို ရည်မှန်းချက် ကြီးတဲ့သူလေးတွေအဖြစ် ကြီးပြင်း အရွယ်ရောက်လာကြပါတယ်။

  • ခေါင်းမာကြသူလေးတွေပါ

အကြီးဆုံး သားသားမီးမီးလေးတွေက မွေးမလာခင်မှာ မိဘတွေရဲ့ အာရုံစိုက်မှု၊ အလိုလိုက်မှုတွေကို ပြည့်ပြည့်ဝဝ ရရှိထားကြသလို လူကြီးမိဘတွေကလည်း သူတို့လေးတွေကို စိတ်တိုင်းကျ လုပ်ဆောင်ခွင့်လည်း ပေးထားတတ်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့လေးတွေ ခေါင်းမာတတ်သူလေးတွေအဖြစ်နဲ့  ကြီးပြင်းအရွယ်ရောက်လာကြပါတယ်။ 

  • စပ်စုတတ်ကြသူလေးတွေပါ

အကြီးဆုံးလေးတွေမှာ တွေ့ရတဲ့ နောက်ထပ် ကိုယ်ရည်ကိုယ်သွေး တစ်ခုကတော့ အရာရာကို သိချင်စိတ် ထက်သန်ပြီး စပ်စုတတ်ကြတာပါတဲ့။ မိဘတွေရဲ့ တီးတိုးဖော် ဖြစ်ခြင်းကပဲ သူတို့ကို စပ်စုစိန် ပြင်းထန်စေတာမျိုး ဖြစ်နိုင်ပါတယ်။ 

Every child is special ဆိုတဲ့အတိုင်း ကလေးတိုင်းမှာ မတူတဲ့ ကိုယ်ရည်ကိုယ်သွေး ကိုယ်စီကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် မေမေဖေဖေတို့ကို အသိပေးချင်တာက မတူတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့အတွက် အကောင်းဆုံး ပျိုးထောင်လိုက်ဖို့ပါ။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *