တစ်နေ့သားပေါ့။ အရပ်ထဲမယ် ရပ်ကွက်ဓမ္မာရုံကလူကြီးတွေနဲ့ လူလတ်ပိုင်းလူငယ်တစ်ချို့ နိုင်ငံရေးပါတီတစ်ခုရဲ့ အလံတွေကို လမ်းထိပ်တွေမှာ လိုက်တပ်ကြတယ်။ အချိန်အားဖြင့်ဆိုရင်တော့ ရပ်ကွက်ထဲမှာ COVID-19 Positive လူနာတွေ့ပြီး တစ်ပတ်ကျော် နှစ်ပတ်နီးပါးအကြာကာလပေါ့။
အိမ်ရှေ့က လမ်းထိပ်မှာ တိုင်တွေလာစိုက်ပြီး အလံတွေလာတပ်တော့ အိမ်ထဲကနေ လှမ်းကြည့်မိတယ်။ လာတပ်တဲ့လူတစ်ချို့။ တစ်ယောက်မှာမှ Mask မတပ်ထားဘူး။ မပါလာဘူးလို့ပြောရင် ပိုမှန်မယ်ထင်တယ်။ လူငယ်တစ်ချို့က အချင်းချင်းပူးကပ်ဆက်နွယ်ပြီး စကားပြောဆိုနေကြတာမို့ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာဖို့ ဝေးစွာ ၆ လက်မကွာခဲ့သည်ရှိသော် ကံကောင်း၏လို့ မှတ်ရပါလိမ့်မယ်။
သူတို့တွေကို လှမ်းငေးနေတာကိုရပ်လိုက်ပြီး စားပွဲပေါ်က သတင်းစာကို ကောက်လှန်တော့ “ပါတီကြီးတစ်ခုက အိမ်တိုင်ရာရောက် လိုက်ပြီး မဲဆွယ်စည်းရုံးမယ်” ဆိုတဲ့ သတင်းခေါင်းစဉ်လေးနဲ့ “လူ ၅၀ ထက်မပိုပဲ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးနိုင်တယ်” ဆိုတဲ့ သတင်းခေါင်းစဉ် ၂ ခုကို “တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကြောင့်သေဆုံးသူ ရှစ်သိန်းရှစ်သောင်းကျော်သွားပြီ” ဆိုတဲ့ သတင်းလေးနဲ့ တွဲဖက်ပြီး ဖတ်မိပြန်ပါရဲ့။
ဒီစာကိုရေးနေတဲ့ စက်တင်ဘာလ ၈ ရက်နေ့မနက်ပိုင်းမှာ လူနာသစ် ၉၁ ဦးတိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ COVID-19 တည်ပြုလူနာ ၁၆၁၀ ဦးအထိရှိလာခဲ့ပါပြီ။
ဒီပမာဏဟာ အာဆီယံတိုင်းပြည်တွေက Positive လူနာအရေအတွက်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့သိပ်ပြီး မများလှပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နေ့စဉ်လူနာတိုးပွားနှုန်းဟာ အာဆီယံမှာ တတိယနေရာရောက်နေသလို Active Case ကလည်း တတိယနေရာမှာရှိနေတာကို မမေ့သင့်ပါဘူး။
ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့လတွေတုန်းက ကိုယ်တွေထက် အများကြီးပိုမိုဆိုးရွားခဲ့တဲ့ စင်ကာပူမှာ အခုဆိုရင် Active Case ၇၀၀ နီးပါးသာရှိတော့သလို ထိုင်းမှာလည်း Active Case ၁၀၀ စွန်းစွန်းသာ ရှိပါတော့တယ်။ မြန်မာနိုင်ငံရဲ့ Active Case ပမာဏက ၁၁၀၀ ကျော်အထိ ရောက်ရှိလာခဲ့ပါပြီ။ နေ့စဉ် လူနာသစ်တိုးပွားနှုန်းမှာလည်း ထိုင်းနဲ့ စင်ကာပူတို့မှာ တစ်နေ့ကို လူနာသစ် ၃၀ အောက်သာ တိုးပွားနေပေမယ့် မြန်မာနိုင်ငံမှာတော့ ပျမ်းမျှ ၁၀၀ ဦးနဲ့အထက်တိုးပွားနေတာ ရက်အတန်ကြာနေခဲ့ပါပြီ။ မြန်မာပြည်အနေနဲ့တော့ အနည်းဆုံး နောက်ထက် ၂ ပတ်လောက် လူနာတိုးနှုန်းမြင့်နေဦးမှာဖြစ်တယ်လို့ သုံးသပ်ခန့်မှန်းထားကြပါတယ်။
ဒီအချက်အလက်တွေကို အခြေခံပြီးပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ COVID-19 ရောဂါတိုးပွားနှုန်းဟာ ကမ္ဘာတစ်လွှားက အဆိုးရွားဆုံး ထိခိုက်ခံထားရတဲ့တိုင်းပြည်တွေလောက် မဆိုးရွားပေမယ့်လည်း ကိုယ့်တိုင်းပြည်အနေအထားနဲ့တော့ ဆိုးတယ်လို့ဆိုရမယ့် အခြေအနေပါ။
လူတွေဟာ ပထမလှိုင်းတုန်းကလောက် ရောဂါကို အလေးမထားကြတော့သလို စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လည်း ပျက်ကွက်လာကြပါတယ်။ ဒီအပေါ်မှာလည်း အပြစ်ဆိုဖို့ ခက်လှပါတယ်။ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံး ၆ လလောက် အသက်ငင်သွားချိန်မှာ မိသားတစ်စုခြင်းစီရဲ့ စားဝတ်နေရေးပြဿနာဟာ ပထမတစ်ကြိမ်ကထက်ပိုပြီး ခက်ခဲကျပ်တည်းလာဖို့ နီးစပ်လာတယ်မဟုတ်လား။
ပထမတစ်ကြိမ်မှာကတည်းက ရုံးကန်ခဲ့ရသူတွေအတွက်ဆိုရင်တော့ ပိုပြင်းထန်ဖွယ်ရှိနေတဲ့ ယခုဒုတိယအကြိမ်မှာ ပိုပြီးခက်ခဲတာတွေ ကြုံလာရနိုင်တာကိုး။ ဒီတော့ ရောဂါပိုးကို ခနဘေးချိတ်ပြီး စားဝတ်နေရေးအတွက် ပိုပြီးဦးစားပေးကြရတော့တာပေါ့။
ဒီအချိန်မှာ ကိုဗစ်ကိုရင်ဆိုင်နေကြရသလို နောက်လာမယ့် နိုဝင်ဘာလကို ရောက်လာရင်လည်း ရွေးကောက်ပွဲကြီးက ကျင်းပရတော့မှာပါ။ ဒီ့အတွက်နိုင်ငံရေးပါတီတွေရဲ့ အပြိုင်အဆိုင်ကြိုးပမ်းနေမှုတွေကိုလည်း မြင်နေရပါရဲ့။
ဒါပေမယ့် ကိုယ်တစ်ဦးတည်းအမြင်အရတော့ ရွေးကောက်ပွဲနဲ့ နီးကပ်ချိန်မှာ ကိုဗစ်အရှိန်မြင့်နေတာမို့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေလုပ်ဆောင်နေချိန်မှာ ရောဂါကာကွယ်ရေးကိုလည်း ဂရုပြုစေချင်တာပါပဲ။ ဥပမာပြောရမယ်ဆိုရင် လူတွေကို ပါတီတံဆိပ်ရိုက်ထားတဲ့ အဝတ်မျက်နှာဖုံးတွေ ဝေငှနေတာတွေ၊ ရောင်းချနေတာမျိုးတွေကို ပြန်ဆန်းစစ်စေချင်ဖို့ပေါ့။
အဝတ်နဲ့ပြုလုပ်ထားတဲ့ Mask တွေဟာ နှာချေ၊ ချောင်းဆိုး၊ စကားပြောလိုက်ချိန်မှာ လေထုထဲကို လွင့်ထွက်သွားမယ့် Droplet အမှုန်အမွှားလေးတွေကို တားဆီးနိုင်စွမ်း ၁% အောက်သာရှိပါတယ်။ အကြောင်းကတော့ ယက်ထားတဲ့ချည်မျှင်တွေကြားက အပေါက်ဟာ ကိုဗစ်ပိုး ၂၄ ကောင်ဝင်ဆံ့တဲ့အထိ ကျယ်တာကြောင့်ပါပဲ။
တကယ်လို့ လူတစ်ယောက်မှာ COVID-19 ရောဂါပိုးရှိနေပြီး သူက သာမန်အဝတ်နဲ့ ချုပ်လုပ်ဖန်တီးထားတဲ့ Mask လည်းတပ်ထားမယ်ဆိုရင် သူ့ဆီကထွက်လာမယ့် Droplet ဟာ တခြားသူကို ကပ်ငြိသွားနိုင်ခြေ အလွန်မြင့်မားတယ်ဆိုတဲ့သဘောပါ။ အဝတ်မျက်နှာဖုံးဟာ အသက်ရှူလမ်းကြောင်းအတွင်းက ထွက်ရှိလာတဲ့ Droplet အမှုန်အမွှားလေးတွေကို ကာကွယ်နိုင်စွမ်းမရှိပဲ မျက်နှာရဲ့ ရှေ့တည့်တည့်ကိုရော ပတ်ဝန်းကျင်ကိုပါ ပြန့်နှံ့သွားစေတာနိုင်တယ်လို့ အမေရိကန်သိပ္ပံပညာရှင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ လက်တွေ့စမ်းသပ်ပြသခဲ့ကြပါသေးတယ်။
ဒီတော့ ပါတီတံဆိပ်ပါတဲ့ အဝတ် Mask တွေကို တပ်ဆင်စေခြင်းဟာ လူတွေကို မလိုလားအပ်တဲ့ နားလည်မှုလွဲမှားတာတွေကို ဖြစ်စေပါတယ်။ Mask တပ်ပါဆိုပေမယ့် စိတ်ချရတဲ့ Mask ကိုတပ်ဖို့ လိုတယ်ဆိုတာကို အသိပေးဖို့လိုအပ်နေချိန်မှာ ခုလို အဝတ် Mask တွေကို အသုံးချလာကြတာက မှားယွင်းတဲ့ နည်းလမ်းတစ်ခုလို့ ရှုမြင်ပါရဲ့။ နိုင်ငံရေးပါတီအသီးသီးက ဦးဆောင်သူတွေအနေနဲ့ ဒီအချက်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။
နောက်ပြီး အောက်စဖို့ဒ်တက္ကသိုလ်နဲ့ MIT တို့ရဲ့ လေ့လာချက်တွေအရ လူတွေ နှာချေ၊ ချောင်းဆိုး၊ သီချင်းဆို၊ စကားပြောဆိုချိန်မှာထွက်ရှိလာတဲ့ Droplet အမှုန်အမွှားလေးတွေဟာ ၆ ပေကနေ ၂၆ ပေအထိရောက်နိုင်တယ်လို့ ပြီးခဲ့တဲ့လကမှ အတည်ပြုထားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ၆ ပေ ခွာရုံနဲ့တော့ ရောဂါမကူးနိုင်ဘူးလို့ ကံသေကံမပြောဖို့လည်း ခက်လာပါရဲ့။ ဒီလိုအနေအထားမှာ ၆ ပေ ခွာပြီး လူ ၅၀ အောက် မဲဆွယ်စည်းရုံးတာက ရောဂါကူးစက်မှုကို မဖြစ်စေနိုင်ဘူးလို့ အာမခံနိုင်ကြမလား။
လက်ရှိအချိန်မှာ ဘယ်ကဘယ်လိုကူးစက်မှန်းမသိရတဲ့ ပိုးတွေ့လူနာတွေများပြားလာနေပါတယ်။ ဒီလိုအချိန်မှာ လူတိုင်းဟာ စိတ်ချရတဲ့ Mask တွေကို တပ်ဆင်သုံးစွဲဖို့ လိုအပ်သလို အဲ့ဒီလို Mask မျိုးတွေကို လုံလုံလောက်လောက် ပံ့ပိုးပေးဖို့ လိုအပ်တဲ့အချိန်ပါ။
ဒီလိုကာလမျိုးမှာ စိတ်ချရတဲ့ Mask မျိုးတွေကို လူထုကို ဖြန့်ဝေပေးနိုင်ဖို့၊ လူထုလက်ထဲ ထည့်နိုင်ဖို့သာ လုပ်ပေးနိုင်မယ်ဆိုရင် ရောဂါကာကွယ်တားဆီးရေးမှာ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာဖြစ်သလို ပါတီတံဆိပ် ပါပါ မပါပါ အဲ့ဒီပါတီရဲ့ လုပ်ရပ်နဲ့ စေတနာဟာ တိုင်းပြည်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
ပါတီစည်းရုံးရေးတွေလုပ်ကြရာမှာလည်း လူစုလူဝေးကို ရှောင်ရှားပြီး ရုပ်မြင်သံကြားတွေ၊ လူမှုကွန်ယက်တွေကို ပိုမိုအသုံးချပြီး စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်မယ်ဆိုရင် လက်ရှိကျန်းမာရေးကပ်ဆိုးကြီးကို ရှောင်ရှားရာမှာ အထောက်အကူဖြစ် စေမယ်မဟုတ်လား။ Stay at Home ကာလမှာ လူတွေလည်း အိမ်ထဲမှာ နေကြတာများလာပြီမို့ ရုပ်သံအစီအစဉ်တွေ ကြည့်ရှုတာ၊ လူမှုကွန်ယက်အသုံးပြုတာတွေ ပိုပြီးများပြားလာနေကြပါတယ်။ အိုင်ဒီယာအသစ်အဆန်းတွေနဲ့ လူတွေကိုဖမ်းစားနိုင်ဖို့သာ လိုအပ်တာပါ။
ကိုဗစ်ကာလကြီးဖြစ်နေတာတောင်မှ အရပ်ထဲမှာ လက်လျားလက်လျားဖြစ်နေတဲ့ ပါတီဝင်တွေကို ပြန်ပြီးကြပ်မတ်တာမျိုး၊ ပါတီကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေသာမက နိုင်ငံတော်က သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေကိုပါ လိုက်နာအောင် စီစဉ်နိုင်ဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ရောဂါဆိုးရဲ့ ကူးစက်နှုန်းကို လျှော့ချနိုင်အောင်ဝိုင်းဝန်းကူညီတာကလည်း တိုင်းပြည်အတွက် အကျိုးပြုခြင်းတစ်မျိုးပါပဲ။
တိုင်းပြည်နိုင်ငံကိုဦးဆောင်ဖို့ ရွေးကောက်ပွဲကြီးကို ဝင်ပြိုင်ကြတော့မယ့် ပါတီတွေအနေနဲ့ ဒီလိုကပ်ဘေးကာလမှာ အများပြည်သူလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုမှ မလိုက်နာနိုင်ဘူးဆိုရင် လူထုရဲ့ ယုံကြည်မှုကို ရယူနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။
COVID-19 ဟာ လူမျိုး၊ ဘာသာ၊ နေရာ၊ ဒေသ၊ အသားအရောင်၊ ပါတီ၊ နိုင်ငံရေးယုံကြည်ချက် ဘယ်လို ခြားနားနေပါစေ လူမှန်ရင်ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ နိုင်ငံတိုင်း ခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့ ရောဂါဆိုးကြီးလေ။ သတိထားဖို့ အထူးလိုအပ်လှတယ်မဟုတ်လား။
ဟိုတွေးဒီတွေးနဲ့ အိမ်ရှေ့လှမ်းကြည့်တော့ မျက်စောင်းထိုးလမ်းထိပ်မှာ အလံတိုင်တွေလာစိုက်တဲ့ လူစုကို စကားတပြောပြောနဲ့ ပြန်ထွက်သွားတာ မြင်လိုက်မိတယ်။ ပါလာတဲ့ ပစ္စည်းပစ္စယတွေကို သယ်ပိုးပြီး ဖုတ်ဖက်ခါထထွက်သွားကြတာပါပဲ။
အိမ်ထဲမှာ ဖွင့်ထားတဲ့ ရေဒီယိုကနေ လက်ကို ခဏခဏဆေးပါ၊ လူစုလူဝေးရှောင်ရှားပါ၊ အပြင်သွားရင် Mask တပ်ပါဆိုတဲ့ တေးသံလေးက ပြန့်လွင့်လာတာမို့ သက်ပြင်းချမိပါသေးရဲ့။
မောင်မိုးဇွန်
Vol.16/No.111
10-September-2020
The Voice Daily