“ကျွန်မတို့ နိုင်ငံသားတွေရဲ့ နိုင်ငံရေးနိုးကြားလာမှုမှာ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးလာမှုကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။” ဟု ၂၀၁၅ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အောင်ပွဲခံခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က BBC နှင့် သီးသန့် အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အနာဂတ်နိုင်ငံခေါင်းဆောင်တစ်ယောက်၏ နှုတ်ထွက်စကားသည် တိုင်ပြည်၏ အခြေအနေကို ထင်ဟပ်ပြနေသည်။ သူကိုယ်တိုင်ဖြတ်သန်းအောင်ပွဲခံခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နည်းပညာနှင့် ဆက်သွယ်ရေးစနစ်များ၏ အကျိုးကျေးဇူးများကို ပြည်သူများနည်းတူ သူလည်း ခံစားသိမြင်ခဲ့မည်ဖြစ်သည်။
ရွေးကောက်ပွဲမစတင်မီကတည်းက ထွက်ရှိလာသည့် app များ၊ ဆိုရှယ်မီဒီယာများမှ လူထု၏ တက်ကြွနိုးကြားမှုများနှင့် ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင် နည်းပညာရပ်များကို ထိရောက်စွာသုံးစွဲခဲ့ခြင်းများကြောင့် မြန်မာ့ရွေးကောက်ပွဲသည် နိုင်ငံရေးဆိုသည့် ခြုံထည်ကို ဖယ်ခွာချုလိုက်လျှင် နည်းပညာရနံ့သင်းပျံ့နေသည်ကို ခံစားရမည်ဖြစ်သည်။
“ဒီရွေးကောက်ပွဲဟာ ဆက်သွယ်ရေး နည်းပညာကြောင့် ပိုပြီး လွတ်လပ်ပွင့်လင်းလာတယ်လို့ ပြောလို့ရတယ်။ ယှဉ်ပြိုင်မှုတွေ၊ ရလဒ်တွေ၊ ဖြစ်ရပ်တွေ အားလုံးက အချိန်နဲ့ တပြေးညီ အွန်လိုင်းပေါ်မှာ တက်နေတော့ မတရားလုပ်ချင်ရင်တောင် လုပ်လို့မရတော့ဘူးဖြစ်သွားတယ်” ဟု ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင်မှ မြန်မာနိုင်ငံသို့ မဲပေးရန်ပြန်လည်ရောက်ရှိလာသည့် သင်္ဘောသားတစ်ဦးဖြစ်သူ ကိုသူရိန်ထွန်း ဆိုသည်။
တစ်တပ်တစ်အား Application များ
၂၀၁၅ ရွေးကောက်ပွဲတွင် နည်းပညာနှင့်ပတ်သတ်၍ အဦးဆုံး အသိအမှတ်ပြုရမည်က နည်းပညာနယ်ပယ်မှ မြန်မာလူငယ်များ ဖန်တီးထုတ်လုပ်ထားကြသည့် မိုဘိုင်းဖုန်း App များပင်ဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မီကာလနှင့် ရွေးကောက်ပွဲကျင်းပနေစဉ်ကာလများအတွက် ရည်ရွယ်ထွက်ရှိလာသည့် App များသည် လူထုအတွက် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးမှုများနှင့် မဲစာရင်းစစ်ဆေးမှုများအတွက် အထူးပင်အရေးပါခဲ့သည်။
ရွေးကောက်ပွဲမစတင်မီ လပိုင်းအလိုမှာပင် ရွေးကောက်ပွဲနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို တင်ဆက်ပေးနေသည့် Kyeet app၊ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်အနေအထားများကို လေ့လာကြည့်ရှုနိုင်သည့် MaePaySoh (Let’s Vote) app၊ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများအကြောင်းနှင့် မည်သို့ဆန္ဒမဲပေးရမည်ဆိုသည်ကို ညွှန်ကြားပြသပေးမည့် MVoter2015 app နှင့် နိုင်ငံရေးပါတီများအကြောင်း၊ ကိုယ်စားလှယ်လောင်းများအား နှိုင်းယှဉ်ခြင်းနှင့် မဲတံဆိပ်လေ့ကျင့်ရိုက်နှိပ်ခြင်းကို လေ့လာကြည့်ရှုသင်ယူနိုင်သည့် Mae app စသဖြင့် အများအပြား ထွက်ရှိလာသည်။
“ဒီ App က ရွေးကောက်ပွဲ ကာလအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတင်းတင်ပေးတာမျိုးပါ။ ကျွန်မတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီက လာတဲ့ သတင်းတွေ ဆိုရင် တိကျခိုင်မာတဲ့ သတင်းအနေနဲ့ ကျွန်မတို့ စုံစမ်းလို့ ဟုတ်တယ် ဆိုရင်တော့ သူ့ကိုလည်း တိကျခိုင်မာတဲ့သတင်း အနေနဲ့ ပြောင်းလဲတင်ပေးပါတယ်” ဟု Mae App ကိုဖန်တီးခဲ့သူများထဲမှတစ်ဦးဖြစ်သူ မရတနာက ဆိုသည်။
ယင်းကဲ့သို့ လူထုအခြေပြု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး Platform များကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိသင့် သိထိုက်သည့် အသင်း အချက်အလက်များကို ရွေးကောက်ပွဲ ကျင်းပနေသည့် နေ့ရက် အတွင်း ဖြစ်ပေါ်လာသည့် ပြဿနာများကို လူထုအကြားဖြန့်ဝေပေးနိုင်ခဲ့သည်။
“လူတွေက ဘယ်လိုမဲပေးရမယ်ဆိုတာတွေ၊ ကိုယ့်မဲဆန္ဒနယ်မှာ ဘယ်သူတွေ ရွေးကောက်ခံမယ်ဆိုတာတွေ သေချာမသိကြဘူး။ App တွေက ဒါတွေကို ကူညီနိုင်ခဲ့ပါတယ်”ဟု ရွေးကောက်ပွဲနှင့်ပတ်သတ်သည်များကို MVoter2015 app ကို အသုံးပြု၍ လေ့လာခဲ့သူ ကိုသူရိန်ထွန်းကလည်းဆိုသည်။
ဆိုရှယ်မီဒီယာအစွမ်း
နည်းပညာပိုင်းအရေးပါမှုများကို နိုင်ငံရေးသမားများကိုယ်တိုင် ခံစားမိဟန်တူသည်။ ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် ထူးခြားချက်များ၊ လုပ်ဆောင်ချက်များနှင့် မဲဆွယ်စည်းရုံးမှုများကို မြန်မာနိုင်ငံတွင် လူသုံးများလှသည့် ဆိုရှယ်မီဒီယာများပေါ်သို့ ဆွဲတင်လာကြလေသည်။
မိုဘိုင်းဆက်သွယ်ရေးစနစ်များ အထိုက်အလျောက် ပိုမိုကောင်းမွန်လာပြီး အင်တာနက်ကိုလည်း ယခင်ကထက် ပိုမိုတွင်ကျယ်စွာ သုံးစွဲလာကြသည့်အချိန်တွင် မြန်မာနိုင်ငံအတွင်း Social Media များ၏ အခန်းကဏ္ဍမှာလည်း အလိုလိုရှေ့သို့ တိုးထွက်လာခဲ့ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လွှတ်တော်အမတ်များအားလုံး ဆိုရှယ်မီဒီယာအသုံးပြုကြသောကြောင့်ဖြစ်သည်ဟု မြနမာနိုင်ငံကွန်ပျူတာအသင်း အတွင်းရေးမှူး ဦးမင်းဇော်ဦးကဆိုသည်။
နိုင်ငံရေးပါတီအသီးသီး (အထူးသဖြင့် အဓိကပါတီကြီး ၂ ခု) ၏ မဲဆွယ်စည်းရုံးရေ ခရီးစဉ်များ၊ မဲဆွယ်လှုပ်ရှားမှုများအပါအဝင် လုပ်ဆောင်ချက်များ အသိပညာပေးမှုများကို ဆိုရှယ်မီဒီယာများမှတဆင့် မြင်တွေ့ သိရှိခဲ့ကြရသည်။ ထို့အပြင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခု၏ ခေါင်းဆောင်များ၏ မဲဆန္ဒရှင်များအား ပြောကြားသည့် Video Message ကိုလည်း ဆိုရှယ်မီဒီယာများမှတဆင့် ထုတ်လွှင့်ခဲ့သည့်အတွက် မျှဝေမှုများ ဝေဖန်ဆွေးနွေးမှုများဖြင့် ကြွက်ကြွက်ညံခဲ့သည်။
ယင်းကဲ့သို့ လျှင်မြန်ထိရောက်သော အသိပေးမှုများကြောင့် မဲဆန္ဒရှင်များအနေဖြင့်လည်း မိမိတို့ စိတ်ကြိုက်ပါတီများ၏ စည်းရုံးမှု မဲဆွယ်မှုများကို မိမိဒေသသို့ရောက်ရှိမလာသော်လည်း အချိန်နှင့် တပြေးညီ သိရှိနိုင်ခဲ့သကဲ့သို့ ပါတီများအနေဖြင့် မဲဆန္ဒရှင်များ၏ ဝေဖန်မှုအကြံပြုမှုများကို လျှင်လျှင်မြန်မြန်ရရှိကာပြုပြင်ပြင်ဆင်မှုများပြုလုပ်နိုင်ခဲ့ကြသည်။
“ကျွန်တော်က သင်္ဘောပေါ်မှာရောက်နေတော့ ရေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို သွားနားထောင်ချင်ပေမယ့်လည်း မသွားနိုင်ပါဘူး။ ဒီတော့ Facebook ပေါ်ကနေပဲ မဲဆွယ်စည်းရုံးတာတွေ၊ ရွေးကောက်ပွဲသတင်းတွေကို ကြည့်ဖြစ်ခဲ့တယ်။ ကိုယ်အားပေးတဲ့ NLD ကို ပြည်သူတွေကလည်း တခဲနက်အားပေးနေတာမြင်ရတော့ ကျေနပ်မိတယ်” ဟု ကိုသူရိန်ထွန်းကဆိုသည်။
ချဉ်းကပ်ပုံအသစ်နဲ့ ကော်မရှင်
ထို့အပြင် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှုနှင့် သတင်းအချက်အလက်စီးဆင်းမှုတွင် ကေ်ာမရှင်၏ စွမ်းဆောင်မှုများကလည်း အသိအမှတ်ပြုစရာဖြစ်သည် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မထင်မှတ်ထားသည့် ချဉ်းကပ်ပုံအသစ်ဖြင့် သတင်းအချက်အလက်များကို ကိုင်တွယ်ပြနိုင်ခဲ့သည်။
ယခင် ၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် စနစ်ကျသည့် သတင်းအချက်အလက်ဖြန့်ချိပေးမှုများ၊ မီဒီယာစင်တာများမရှိခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် မီဒီယာစင်တာများထားရှိကာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဖြန့်ချိပေးခဲ့သည်။
ကော်မရှင်၏ စီစဉ်မှုဖြင့် ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်မှုများ၊ ဆိုရှယ်မီဒီယာများမှ သတင်းများ၊ ဓာတ်ပုံများဖြင့် ဖော်ပြမှုများကြောင့် သတင်းမီဒီယာသမားများသာမက ပြည်သူများပါ ရွေးကောက်ပွဲရလဒ်များကို မြန်မြန်ဆန်ဆန်သိရှိနိုင်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ သတင်းထောက်တွေကို နယ်တိုင်းကို ပို့ထားဖို့မဖြစ်နိုင်ပါဘူး။ ဒီတော့ ကော်မရှင်က ထုတ်ပြန်တာနဲ့ ပြည်သူတွေဆီက တက်လာတဲ့သတင်းတွေနဲ့ သတင်းထောက်တွေဆီက သတင်းတွေကို ပေါင်းစပ်ပြီး ပြန်လည်တင်ပြခဲ့ရပါတယ်။ ကော်မရှင်ရဲ့ မီဒီယာစင်တာကတော့ တစ်ချို့အဆင်မပြေမှုတွေရှိပေမယ့် အလုပ်ဖြစ်ခဲ့ပါတယ်။” ဟု အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှ အယ်ဒီတာ ကိုမင်းဇင်ကဆိုသည်။
မဲရေတွက်မှုနှင့် ပတ်သက်သည်များကို ပြည်သူများက စောင့်ကြည့်၍ ဆိုရှယ်မီဒီယာများမှတဆင့် လူထုနှင့် မီဒီယာဆီသို့ လျှင်လျှင်မြန်မြန်ဖြန့်ပေးနိုင်ခဲ့သောကြောင့် မဲမသမာမှုများလည်း လျော့နည်းအောင် တားဆီးနိုင်ခဲ့သည်ဟု ထင်မြင်မိကြောင်း နယူးဇီလန်မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းမြင့်အောင်မှတ်ချက်ပြုသည်။
တစ်နိုင်ငံလုံးမှ မဲရေတွက်မှု စာရင်းများကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြို့နယ်ကော်မရှင်များကလည်း သီးခြားထုတ်ပြန်ပေးခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းများကို စုစည်းကာ စနစ်တကျပြန်လည်မျှဝေနိုင်ခဲ့သောကြောင့် ပြည်သူများအကြား အထင်လွဲမှု၊ အငြင်းပွားမှုများကိုလည်း လျှင်လျှင်မြန်မြန်ဖြေရှင်းနိုင်ကာ ကော်မရှင်အနေဖြင့် တရားမျှတမှုမရှိဆိုသည့်အချက်ကို အတိုင်းအတာတစ်ရပ်အထိ ခြေဖျြက်ပနိုင်ခဲ့သည်ဟု ၎င်းကဆိုလေသည်။
ရလဒ်အသစ်
၂၀၁၅ ရွေးကောက်ပွဲသည် ပြီးဆုံးသွားလေပြီ။ သေချာသည်ကတော့ လက်ရှိရွေးကောက်ပွဲသည် မည်သည့်ခေတ်နှင့်မျှမတူပဲ ထိုက်သင့်သည့် လွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှုရှိရှိပြီးဆုံးသွားခဲ့သည်ဆိုခြင်းပင်ဖြစ်သည်။
ထို့အတူ ပြည်သူများ လိုလားတောင့်တနေသည့် ပါတီကြီးက ပြတ်သားစွာ အနိုင်ရရှိသွားသကဲ့သို့ ပြည်သူများသံသယဝင်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင်ကလည်း သံသယများကို လုပ်ဆောင်ချက်များဖြင့် ခြေဖျက်ပြသွားလေသည်။
နည်းပညာ၏ ပါဝင်ပတ်သတ်မှုကိုကြည့်မည်ဆိုလျှင်လည်း ရွေးကောက်ပွဲကာလတွင် အင်တာနက်အသုံးပြုမှုပမာဏ ၁၀% တိုးတက်လာသည်ကို ကြည့်ခြင်းအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် နည်းပညာကို ပြည်သူများမည်မျှ အသုံးချခဲ့သည်ဆိုခြင်းကို နားလည်နိုင်မည်ဖြစ်သည်။ နည်းပညာသည် ပြည်သူများအကြား အထူးပင်အရေးလာကြောင်းလည်း မြင်တွေ့နိုင်လေသည်။
“လူတွေက အင်တာနက်ကနေတဆင့် ဖုန်းတွေကနေတဆင့် ရွေးကောက်ပွဲအကြောင်းပြောကြတယ်။ ဒါဟာ နောင်ရွေးကောက်ပွဲတွေဆို ပိုထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်ထင်တယ်။ တချို့နိုင်ငံတွေမှာဆို မဲကို ပုံးထဲမထည့်ရဘူး စက်ထဲထည့်ရတာ။ ရေတွက်တာ ရလဒ်ထုတ်တာ အကုန်ချက်ခြင်းသိနိုင်တယ်။ နောင်ဆို ဒါမျိုးတွေလည်း ဖြစ်လာဦးမယ်ထင်ပါတယ်။ ဒီမှာက နည်းပညာကို အရမ်းစိတ်ဝင်စားကြတယ်လေ” ဟု ဦးဝင်းမြင့်အောင်ကဆိုသည်။
လက်ရှိတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားမျှတစွာယှဉ်ပြိုင်ကြသည်ဟု ယူဆရသော ၂၀၁၅ အထွအထွေရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံသားများအတွက် ကျေနပ်ဖွယ်ရလဒ်များကို ယူဆောင်လာနိုင်ခဲ့ပြီဖြစ်သည်။
ကောင်းမွန်လာသည့် ဆက်သွယ်ရေးစနစ်များနှင့် ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများက တိုင်းပြည်အတွက် တစ်တပ်တစ်အား ပါဝင်ပံ့ပိုးသွားကြသည်။ ဤသည်မှာပင် နည်းပညာ၏ အကျိုးကျေးဇူးတစ်ခုဖြစ်သည်။ များပြားလှစွာသော အကျိုးကျေးဇူးများထဲမှ တစ်ခု ဖြစ်ပေသည်။
ရဲဇွန်အောင်
ဒီဇင်ဘာ၊ ၂၀၁၅
Living Color Magazine