ကလေးလေးတွေမှာ မွေးဖွားမှုရဲ့ အစဉ်အလိုက်ကွဲလို့ဖြစ်ဖြစ် တစ်ဦးတည်းအဖြစ်မွေးလို့ရယ် ဖြစ်ဖြစ် မတူကွဲပြားမှုတွေအပေါ်မှာ လိုက်ပြီး ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးလေးတွေ ကွာခြားတတ်ပါတယ်။ ဥပမာ – အကြီးလေးမို့ ညှာတတ်တယ်။ အလတ်လေးမို့ အနွံနာခံတတ်တယ်။ သိတတ်နားလည်နိုင်စွမ်းမြင့်တယ်။ အငယ်ဆုံးမို့ ဂျစ်ကျတယ်။ အချစ်ခံချင်တယ် စဖြင့်ပေါ့။ ဒီလိုမွေးဖွားမှု အစဉ်အလိုက်မှာမှ တစ်မိသားစုလုံးမှာ သူ့ထက်ငယ်တဲ့သူ မရှိတဲ့ အငယ်ဆုံးလေးတွေရဲ့ မွေးရာပါ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖေဖေမေမေတို့ သိရှိရအောင်ဖော်ပြပေးလိုက်ပါတယ်။
အငယ်ဆုံးလေးတွေ ဆိုတာ ဘယ်သူလေးတွေပါလိမ့်!
အငယ်ဆုံးလေးတွေဆိုတာက မွေးချင်းမောင်နှမတွေထဲမှာ အငယ်ဆုံးလေးတွေပါ။ အထွေးဆုံးလေးတွေဆိုလည်း မမှားပါဘူး။ တစ်မိသားစုလုံးက တုန်နေအောင် ချစ်ကြတဲ့ သူတွေပေါ့။ တစ်မိသားစုလုံးက မျက်နှာညိုမခံဘဲ အလိုလိုက်ခြင်းကို ခံကြရတဲ့ အထွေးဆုံးသော ကလေးလေးတွေပါ။
အငယ်ဆုံး သားသားမီးမီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး
အငယ်ဆုံး သားသားမီးမီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေ ကတော့ –
- တီထွင်ဖန်တီးဉာဏ် ကောင်းသူလေးတွေပါ
အငယ်ဆုံးကလေးတွေက ဗမွးချင်းတွေနဲ့ အသက်ကွာခြားတာကြောင့် ဖြစ်ဖြစ် ရွယ်တူလို ကစားပေးဖို့ အဖော် မရှိတာကြောင့် ဖြစ်ဖြစ်တစ်ယောက်တည်း ကစားတတ်ကြသလို တစ်ယောက်တည်း ပုံဆွဲတာ၊ သီချင်းဆိုရတာတွေကို သဘောကျပါတယ်။ ဒီလို လုပ်ဆောင်တတ်မှုကပဲ သူတို့လေးတွေကို တီထွင်ဖန်တီးဉာဏ် ကောင်းစေဖို့ ထောက်ကူပေးတာပါ။
- ဟာသဉာဏ် ကောင်းသူလေးတွေပါ
အငယ်ဆုံးသော ကလေးလေးတွေက အခြားမွေးချင်းတွေထက် ဟာသဉာဏ် ပိုရွှင်ကြပါတယ်။ ငယ်ငယ်ကတည်းက ပေါ့ပေါ့ပါးပါး ကြီးပြင်းရတာကြောင့် အရာရာကို အေဆေးပေါ့ပါးစွာ လုပ်ဆောင်တတ်ပြီး ဟာသဉာဏ်လည်း ကွန့်မြူးကြပါတယ်။
- စွန့်စားရတာကို သဘောကျသူလေးတွေပါ
အငယ်ဆုံး ကလေးလေးတွေရဲ့ ထူးခြားချက် တစ်ခုက စွန့်စားလုပ်ဆောင်ရတာကို သဘောကျတာပါ။ အသစ်အဆန်းတွေကို စွန့်စားလုပ်ဆောင်ရတာက သူတို့လေးတွေကို ပျော်ရွှင်စေနိုင်လို့ပါတဲ့။
- တွေးတောနိုင်စွမ်းမြင့်ကြသူလေးတွေပါ
အငယ်ဆုံးလေးတွေက စိတ်ခံစားမှု ကောင်းကြသူပီပီ တွေးတောဆင်ခြင်နိုင်စွမ်း မြင့်ကြပါတယ်။ သူတို့လေးတွေက ထက်ထက်မြက်မြက် ရှိကြပြီး အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ကြပါတယ်။
- ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်သူလေးတွေပါ
အငယ်ဆုံးကလေးလေးတွေက အကောင်းမြင်စိတ် ကြီးကြသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပြင်းကြပါတယ်။ ဒါကြောင့်ပဲအခက်အခဲ အတားအဆီးတိုင်းကို ကောင်းကောင်းကြီး ကျော်ဖြတ်တတ်ကြသလို နောက်ထပ် အားသာချက် တစ်ခုအနေနဲ့ကတော့ဆုံးဖြတ်ချက်လည်း ခိုင်မာကြတာပါ။
- စည်းတွေဘောင်တွေနဲ့ မနေတတ်ကြသူလေးတွေပါ
အငယ်ဆုံးကလေးတွေက သူတို့ကို စည်းတွေဘောင်တွေနဲ့ ကန့်သတ်ထားတာကို သဘောမကျကျကြပါဘူး။ သူတို့က ပေါ့ပေါ့ပါးပါး နေတတ်ကြသလို စိတ်ရှိတိုင်း လုပ်ဆောင်တတ်ကြပါတယ်။ သူတို့လေးတွေက စည်းကမ်းကို မချိုးဖောက်ကြဘူးဆိုပေမယ့် စည်းကမ်းတိုင်းကို လိုက်နာဖို့လည်း စိတ်ကူးသိပ်မရှိကြပါဘူး။
- ပေါင်းသင်းဆက်ဆံရေး ကောင်းကြသူလေးတွေပါ
အငယ်ဆုံးလေးတွေရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက အခြားမွေးချင်းတွေထက် ပေါင်းသင်းဆက်ဆံရေး ကောင်းတာပါပဲ။ သူတို့က ပျော်ပျော်ရွှင်ရွှင်နေရတာကို နှစ်သက်ကြသလို သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေကိုလည်း ဖန်တီးတတ်ကြပါတယ်။
Every child is special ဆိုတဲ့အတိုင်း ကလေးတိုင်းမှာ မတူတဲ့ ကိုယ်ရည်ကိုယ်သွေး ကိုယ်စီကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် မေမေဖေဖေတို့ကို အသိပေးချင်တာက မတူတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေကို ကောင်မွန်စွာ ကြီးပြင်းလာစေဖို့အတွက် အကောင်းဆုံး ပျိုးထောင်လိုက်ဖို့ပါ။