လူတော်တော်များများ ပြောနေကျတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ ဒါကတော့ ဆီးချိုလား …. မျိုးရိုးရှိမှာ ဖြစ်တာပါကွာ… ငါတို့က မျိုးရိုးမရှိလို့ စားမှာပဲ။ မဖြစ်နိုင်ပါဘူး။ ဆိုတာပါ။ မျိုးရိုးရှိမှ ဆီးချိုဖြစ်မှာတဲ့လား! ဒါက တကယ်ပဲ သေချာလား.. အဖြေလေးကို အတူတူ ကြည့်လိုက်ရအောင်နော်။
မျိုးရိုးရှိမှ ဆီးချိုဖြစ်မှာတဲ့လား!
မျိုးရိုးရှိမှ ဆီးချိုဖြစ်မှာလားဆိုတာကို ဆီးချိုရောဂါအကြောင်းလေးကို ပြောပြရင်း ရှင်းပြပေးသွားချင်ပါတယ်။ ဆီးချိုဆိုတာက နာတာရှည် ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ ဘယ်လိုအခြေအနေမှာ ဖြစ်နိုင်လဲဆိုရင် ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာမထုတ်နိုင်တော့တဲ့ အခြေအနေနဲ့ ခန္ဓာကိုယ်က အင်ဆူလင်ကို လုံးဝမထုတ်နိုင်တဲ့ အခြေအနေတွေမှာ ခံစားရနိုင်ပါတယ်။ အင်ဆူလင်ဆိုတာက ဟော်မုန်း တစ်ရပ်ဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းလေးပေါ့။
ဆီးချိုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ ဂလူးကို့စ်လို့ ခေါ်တဲ့ သကြားဓာတ်ကို နေ့စဉ်လှုပ်ရှားသွားလာနိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲတဲ့ ဖြစ်စဉ်ကို သွားပြီး ထိခိုက်စေပါတယ်။
ဂလူးကို့စ်ဆိုတာက ခန္ဓာကိုယ်က ဆဲလ်တွေအတွက် အဓိကအကျဆုံး စွမ်းအင်အရင်အမြစ်တစ်ရပ်ပါ။ ဒီစွမ်းအင်အရင်းအမြစ်ကို ဖြစ်စေတဲ့ ဂလူးကို့စ်ကို စွမ်းအင်အဖြစ်ပြောင်းလဲအသုံးပြုနိုင်ဖို့ ဆဲလ်တွေဆီကို ရောက်ရှိအောင် ပန်ခရိယလို့ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလေး တစ်ခုက အင်ဆူလင်ဆိုတဲ့ ဟော်မုန်းကို ထုတ်ပေးရင်း သွေးတွင်းသကြားဓာတ်ကို မလိုမပိုစေဖို့ ထိန်းညှိဆောင်ရွက်ပေးနေပါတယ်။
ဂလူးကို့စ်ကို စွမ်းအင်အဖြစ်ပြောင်းလဲပို့ဆောင်ပေးနိုင်ဖို့ ပန်ခရိယက အင်ဆူလင်ဟော်မုန်းကို ထုတ်လုပ်မှု နည်းလာတဲ့အခါမျိုးနဲ့ လုံးဝမထုတ်နိုင်တဲ့ အခြေအနေမျိုးမှာ ဆီးချိုရောဂါကို ခံစားရတာပါ။
ဆီးချိုဆိုတဲ့နေရာမှာ –
- အမျိုးအစား -၁ ဆီးချို (ငယ်စဉ်အရွယ်မှာကတည်းက စတင်ခံစားရတာပါ)
- အမျိုးအစား -၂ ဆီးချို ( အရွယ်ရောက်ပြီးချိန် လူလတ်ပိုင်းလောက်မှာ စတင်ခံစားရတာပါ)
- ကိုယ်ဝန်ဆောင်ဆီးချို (ကိုယ်ဝန်ဆောင်ထားချိန်မှာ သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက်လာပြီး ခံစားရတာပါ)

အမျိုးအစား -၁ ဆီးချို
အမျိုးအစား -၁ ဆီးချိုဆိုတာက Autoimmune ရောဂါလို့ ဆိုလို့ ရပါတယ်။ ခန္ဓာကိုယ်က ပန်ခရိယမှာရှိတဲ့ အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိပြီး အင်ဆူလင် လုံးဝမထုတ်နိုင်တဲ့ အခြေအနေကြောင့် ဖြစ်ရတဲ့ ဆီးချို အမျိုးအစားပါ။ ကလေးငယ်လေးတွေနဲ့ အသက် ၃၀ အောက် လူငယ်တွေမှာ ခံစားရနိုင်ပါတယ်။
- မျိုးဗီဇကြောင့် ဖြစ်နိုင်သလို
- ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မိတာ
- အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခြင်းရာတွေကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ လေ့လာမှုတွေက ဆိုကြပါတယ်။
အမျိုးအစား -၁ ဆီးချိုဆိုတာက AutoImmune ရောဂါတစ်ရပ်ဖြစ်ပြီး စားသောက်မှုပုံစံ မှားယွင်းတာ၊ အချိုအစားများတာနဲ့ အဝလွန်နေတာတွေကြောင့် ဖြစ်ရတာမျိုး မဟုတ်သလို မျိုးရိုးလိုက်တာမျိုးကြောင့်လည်း မဟုတ်ပါဘူး။
များစွာသော လေ့လာမှုတွေအရ သိရတာက အမျိုးအစား-၁ ဆီးချိုက ကုသဖို့ မဖြစ်နိုင်တာပါ။ ကုထုံးအနေနဲ့ ပြောရရင် အင်ဆူလင်ထိုးပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိလို့ သလို နေ့စဉ်နေထိုင်စားသောက်မှု ပုံစံကို သေချာလေး ထိန်းညှိရင်း နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချလို့ရတယ် ဆိုတာပါ။
အမျိုးအစား -၂ ဆီးချို
အမျိုးအစား -၂ ဆီးချိုကို ဖြစ်စေတဲ့ အတွေ့ရများတဲ့ အကြောင်းအရင်းတစ်ခုကတော့ ခန္ဓာကိုယ်က အင်ဆူလင်ဟော်မုန်း ပမာဏကို လုံလုံလောက်လောက် ထုတ်လုပ်အသုံးမပြုနိုင်တာကြောင့်ပါ။ အသက် ၄၅ နောက်ပိုင်းအရွယ်တွေမှာ အဖြစ်များပြီး အရွယ်တိုင်းလိုလိုမှာလည်း ခံစားရနိုင်ခြေ ရှိတယ်လို့ လေ့လာမှုတွေ အရ သိရပါတယ်။
အမျိုးအစား -၂ ဆီးချိုက အတွေ့ရများတဲ့ ဆီးချိုရောဂါတစ်ရပ်လည်း ဖြစ်ပါတယ်။ ဆီးချိုရောဂါ ခံစားနေရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အမျိုးအစား -၂ ဆီးချိုကို ခံစားနေရတာပါ။ အမျိုးအစား -၂ ဆီးချိုကို ဘဝနေထိုင်မှုပုံစံကြောင့် ဖြစ်ရတဲ့ ရောဂါတစ်ခုလို့လည်း ခေါ်ကြပါတယ်။ အကြောင်းကတော့ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေတာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ စားသောက်မှုပုံစံ မမှန်တာတွေကြောင့် အမျိုးအစား -၂ ဆီးချိုကို ခံစားရတာများပါတယ်။ မျိုးရိုးရှိရင်တော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။
အမျိုးအစား -၂ ဆီးချိုက ပျောက်ကင်းအောင် ကုသလို့ မရပါဘူး။ ကုထုံးအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲတာမျိုး၊ အာဟာရပြည့်ဝမျှတအောင် စားသော်ကတာမျိုးနဲ့ နေ့စဉ်တိုင်းမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ရင်း ပိုနေတဲ့ ကိုယ်အလေးချိန်ကို လျှော့ချတာတွေလုပ်လို့ ရသလို ဆေးသောက်တာ၊ အင်ဆူလင်ထိုးတာမျိုးတွေလုပ်ရင်း နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ လုပ်ဆောင်လို့ ရပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချို
ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကိုယ်ဝန်ဆောင်ထားရချိန်မှာ ခံစားရပြီး ကလေးမွေးဖွားပြီးချိန်မှာ သွေးတွင်း သကြားဓာတ်က ပုံမှန်အနေအထားမျိုး ပြန်ဖြစ်သွားတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီလိုခံစားရတာက မီးဖွားပြီးချိန်မှာ ပြန်ပျောက်သွားတတ်တယ်ဆိုပေမယ့် နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဂရုမစိုက်မိဘူးဆိုရင် အသက် ၄၀ နောက်ပိုင်းကာလတွေမှာ အမျိုးအစား -၂ ဆီးချိုဖြစ်နိုင်ခြေက ပုံမှန်ထက် များနေနိုင်ပါတယ်။
ရှေ့ပြေးလက္ခဏာတွေက ဘာတွေလဲ!
ဆီးချိုရောဂါက မဖြစ်ခင်မှာ သွေးတွင်းသကြားဓာတ်ပုံမှန်ထက် မြင့်တက်နေတာ အပါအဝင် အခုလို ရှေ့ပြေးလက္ခဏာလေးတွေကို ပြသတတ်ပါတယ်။
- ရေပုံမှန်ထက် ပိုဆာတာမျိုး
- ဆီးခဏခဏ သွားတာမျိုး
- အရမ်းကို ခြေကုန်လက်ပမ်းကျတာမျိုး
- အမြင်တွေ ဝါးနေတာမျိုး
- အနာကျက်နှေးနေတာမျိုး
- အသားတွေယားတာ
- အကြောင်းအရင်းမရှိဘဲ ဝိတ်ကျသွားတာမျိုး (အမျိုးအစား -၁ဆီးချို)
- ခြေလက်တွေ ထုံကျဉ်နေတာမျိုး (အမျိုးအစား -၂ဆီးချို)
ဒီလက္ခဏာတွေပြနေပြီဆိုရင်တော့ ဆီးချိုရဲ့ ရှေ့ပြေးလက္ခဏာကို ခံစားနေရတာဖြစ်နေနိုင်တာကြောင့် လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ လိုပါမယ်။
ဘာတွေကြောင့် ဖြစ်နိုင်လဲ!
မျိုးဗီဇကြောင့် ဆီးချိုဖြစ်နိုင်သလို မျိုးရိုးရှိရင်လည်း ဆီးချိုဖြစ်တတ်ပါတယ်။ နောက်တစ်ချက်ကတော့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံပါ။ အမြန်စားတွေ၊ အသင့်စားတွေ၊ အချိုကဲတာတွေ၊ အငန်ကဲတာတွေကို အမြဲလိုလို စားနေမယ်။ အထိုင်များမယ်။ အိပ်ရေးပျက်မယ်။ စိတ်ဖိစီးမှုများမယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းလွန်းနေမယ်ဆိုရင်လည်း ဆီးချိုက ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ရှောင်လွှဲလို့မဖြစ်နိုင်တဲ့ Autoimmune ရောဂါခံစားနေရမယ်ဆိုရင်လည်း ဆီးချို (အမျိုးအစား -၁) ဆီးချိုကို ခံစားရနိုင်ပါတယ်။
ဆီးချိုရဲ့ နောက်ဆက်တွဲဘာတွေဖြစ်နိုင်သေးလဲ!
နာတာရှည်ရောဂါတော်တော်များများက သူ့ကိုခံစားရပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေ အရပ်ရပ်ကိုလည်း ခံစားရနိုင်ပါတယ်။ ဆီးချိုခံစားရပြီဆိုရင်လည်း နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ (ရုတ်တရက်နှလုံးရပ်တာ)၊ လေဖြတ်တာ၊ အာရုံကြောတွေ ထိခိုက်ပျက်စီးတာ၊ ကျောက်ကပ်ပျက်စီးတာ၊ အမြင်အာရုံ ထိခိုက်တာ၊ ခြေထောက်တွေမှာ ထိခိုက်မိပြီး အနာမကျက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
ကုထုံးတွေကရော
ဆီးချိုအတွက် ပုံမှန်ဆေးသောက်တာအပါအဝင်၊ အင်ဆူလင်ထိုးတာမျိုးတွေ လုပ်လို့ရသလို ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို မွေးမြူတာမျိုးတွေ လုပ်လို့ ရပါတယ်။
ကာကွယ်လို့ရော ရလား!
နေ့စဉ်တိုင်းမှာ အသီးအရွက် အသားငါးတွေကို မျှတအောင် စားသုံးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အိမ်ချက်အစားအစာတွေကိုပဲ စားတာ၊ ကိုယ်အလေးချိန် ထိန်းတာ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်တွေကို လိုက်နာမယ်။ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း ပုံမှန်လေး ခံယူစစ်ဆေးမယ်ဆိုရင်တော့ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။
ဆီးချိုရှိပေမယ့်လည်း ကျန်းမာဖို့ဆိုရင်တော့
ဆီးချိုရောဂါတစ်ရပ်ရပ်ကို ခံစားနေရပေမယ့် နေ့စဉ်ဘဝမှာ ကျန်းမာစွာနဲ့ သက်တမ်းစေ့စေ့ နေနေိုင်ဖို့ဆိုရင်တော့
- ဆေးကို ပုံမှန်သောက်ပါ
- ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအစာတွေကို စားပေးပါ
- ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်အောင် လုပ်ပါ
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိစေဖို့ လိုအပ်ရင် ဝိတ်လျှော့ပါ ဆိုတဲ့ အချက် (၄) ချက်ကို နေ့စဉ်ဘဝမှာ မမေ့မလျော့လိုက်နာဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဆီးချိုဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပြီး မျိုးရိုးရှိမှသာ မဟုတ်ဘဲ နေ့စဉ် နေထိုင်စား သောက်မှုပုံစံနဲ့ ထိတွေ့နေရတဲ့ လူမှုပတ်ဝန်းကျင် အနေအထားတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် မျိုးရိုးရှိမှ ဆီးချိုဖြစ်တာလို့ ခပ်ပေါ့ပေါ့ မနေဘဲ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ဒီနေ့စတင် ကျင့်သုံးလို့ ကိုယ်တိုင်ရဲ့ ကျန်းမာရေးကို ဆီးချိုရောဂါအန္တရာယ်ကနေရော အမျိုးမျိုးသော နာတာရှည် ကျန်းမာရေးအခြေအနေတွေ ကနေပါ ကာကွယ်လိုက်ဖို့ အကြံပြုလိုက်ပါရစေ။





