FDI နှင့်အတူလိုက်ပါလာသည့် ပြန်ကြားရေးဈေးကွက်

ဆယ်စုနှစ်များနှင့်ချီ နိုင်ငံတကာနှင့်ဆက်ဆံမှု အလှမ်းဝေးခဲ့ရာမှ မြင်သာသည့်နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှုများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI)များ မြန်မာနိုင်ငံကို မျက်စေ့ကျကာ ဆက်တိုက်ဝင်ရောက်လာသည်။

နိုင်ငံစုံ ကုမ္ပဏီကြီးမျာ း(Multinational Corporation)ဝင်ရောက်လာခြင်းက ယင်းတို့နှင့် ချိတ်ဆက်ထားသော ကမ္ဘာတစ်ဝန်းရှိ ကြော်ငြာနှင့် ပြန်ကြားရေးကုမ္ပဏီများကိုပါ ကျွဲကူးရေပါ ဝင်ရောက်လာစေသည်။

“ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ဝင်လာရင် ဒါမျိုးကဖြစ်လာမှာပဲ။ Multinational Corporation တွေဝင်လာရင် သူတို့ Client တွေပါလာမှာပဲ” ဟု Mango Media မှ အုပ်ချုပ်မှုဒါရိုက်တာဒေါ်အေးနှင်းဆွေက ဆိုသည်။

၁၉၉၀ ပြည့်လွန်နှစ်များကလည်း ဈေးကွက်စီးပွားရေးစနစ် စတင်မည်ဟုဆိုချိန်တွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုအချို့ ဝင်ရောက်လာခဲ့ဖူးပြီး ယခုကဲ့သို့ မီဒီယာကုမ္ပဏီ များလည်း ပမာဏ အနည်းငယ် ဝင်ရောက်လာခဲ့ဖူးသည်။ သို့သော် ထိုစဉ်က အများဆုံးဝင်ရောက်လာသော လုပ်ငန်းများမှာ အရက်၊ ဘီယာ နှင့် စီးကရက်ကုမ္ပဏီတို့ဖြစ်သည်။

British American Tobbacco ၊ Nestle စသည့်ကုမ္ပဏီများ ဝင်လာချိန်တွင် ၎င်းတို့နှင့်ချိတ်ဆက်ထားသော ကြော်ငြာ ကုမ္ပဏီများ ပါလာကာ ယခုမြင်တွေ့နေရသည်များမှာ ထိုစဉ်ကပုံသဏ္ဌာန်နှင့် ဆင်တူကြောင်း ၁၉၉၄ ခုနှစ်ကတည်းက မြန်မာ့ ကြော်ငြာနှင့် မီဒီယာဆက်ဆက်ရေးလုပ်ငန်းအတွင်း ကျင်လည်နေသည့် ဒေါ်အေးနှင်းဆွေက ရှင်းပြသည်။

လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပြည်တွင်းသို့ နိုင်ငံစုံမှ မီဒီယာဆက်ဆံရေးနှင့် ကြော်ငြာကုမ္ပဏီများ ဝင်ရောက်လာသည်။

“အခုက Unilever၊ Coca Cola၊ Telenor၊ GE တို့လို ကုမ္ပဏီတွေဝင်လာတယ်။ မီဒီယာနဲ့ ကြော်ငြာဝန်ဆောင်မှု လုပ်ငန်းတွေ ခေတ်ကောင်းလာတဲ့သဘောပေါ့” ဟု ၎င်းကမှတ်ချက်ပေးသည်။

“နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေဝင်ရောက်လာတာများတာကြောင့် သူတို့နဲ့ အတူတူ နိုင်ငံတကာ ကြော်ငြာလုပ်ငန်းတွေပါ ပါဝင်လာပါတယ်။ ကြော်ငြာလုပ်ငန်းဈေးကွက်(Advertising Industry ) တိုးတက်လာနိုင်တယ်လို့ ယူဆလို့ဝင်လာတာပါ။” ဟု Mango Marketing မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်လင်းလင်းထွန်းက ဆိုသည်။

၂၀၁၂ ခုနှစ် မေလအတွင်းက အမေရိကန်ပြည်ထောင်စုမှ အင်အားကြီးမီဒီယာတစ်ခုဖြစ်သော Ogilvy & Mather က Today Ogilvy & Mather Myanmar အမည်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာသည်။ အဆိုပါ ကုမ္ပဏီသည် ယခုအခါပြည်တွင်း၌ GE၊ Coca Cola ၊ SingTel ကုမ္ပဏီများအတွက် မီဒီယာဆက်ဆံရေးနှင့် ကြော်ငြာလုပ်ငန်းများ ဆောင်ရွက်ပေးနေသည်။

“ကျွန်တော်တို့ ဒီနိုင်ငံကို ပြီးခဲ့နှစ်ကတည်းက စောင့်ကြည့်နေတာပါ။ မြန်မာနိုင်ငံရဲ့တိုးတက်နေတဲ့ အနေအထားအရ ဒီအချိန်ဟာ ကျွန်တော်တို့ ဝင်ရောက်လုပ်ကိုင်ဖို့ အကောင်းဆုံးပါပဲ” ဟု သတင်းအချက်အလက်နှင့် ကြော်ငြာကုမ္ပဏီ Millward Brown ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ Gonzalo Fuentes ကပြောကြားသည်။

အဆိုပါ အမေရိကန်ပြည်ထောင်စုအခြေစိုက် ဈေးကွက်သုတွေသန၊ မီဒီယာ၊ သတင်းအချက်အလက်နှင့် ကြော်ငြာကုမ္ပဏီသည် ယခုနှစ် ဇန်နဝါရီလကတည်းက ပြည်တွင်းတွင် ရုံးခွဲဖွင့်လှစ်ရန် စီစဉ်ထားသော ကုမ္ပဏီဖြစ်ပြီး မေလအတွင်း ရုံးခွဲဖွင့်လှစ်နိုင်ခဲ့သည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုမှ Y&R Advertising ၊ JWT၊ ဂျပန်မှ Dentsu၊ ထိုင်းနိုင်ငံမှ Prakit နှင့် ဗြိတိန်မှ Taylor Nelson Sofres (TNS ) အစရှိသော နိုင်ငံတကာမှ အခြားမီဒီယာနှင့် ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းကြီးများကလည်း ပြည်တွင်းကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်လာသည့်ပြင် တိုက်ရိုက်ဝင်ရောက်လာခြင်းများလည်းရှိနေသည်။

ကမ္ဘာပေါ်တွင် ၁၀ ခု မြောက်အကြီးဆုံး ကြော်ငြာဝန်ဆောင်မှုနှင့် မီဒီယာဆက်ဆံရေး ကုမ္ပဏီဖြစ်သည့် Y&G အပါအဝင် Ogilvy၊ JWT နှင့်TNS ကုမ္ပဏီ အားလုံးသည် ကမ္ဘာ့အကြီးဆုံး မီဒီယာလုပ်ငန်းစုကြီးဖြစ်သော ဗြိတိန်အခြေစိုက် WPP plc ၏ လက်အောက်ခံ လုပ်ငန်းစုများ ဖြစ်ကြသည်။

“အခုလိုဝင်လာတော့ ပြည်ပ ကုမ္ပဏီတွေတင်မဟုတ်ဘူး။ မြန်မာနိုင်ငံက ကုန်ပစ္စည်းတံဆိပ်ပိုင်ဆိုင်သူတွေ (Brand Owner) အတွက် ရွေးချယ်စရာများလာတာပေါ့။”ဟု ဒေါ်လင်းလင်းထွန်းက မှတ်ချက်ပြုသည်။

ထို့အပြင် ဂျပန်အခြေစိုက် Dentsu ကုမ္ပဏီက (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် စပွန်ဆာ(ပြိုင်ပွဲ ကုန်ကျစရိတ်ထောက်ပံ့သူ) ရှာဖွေရေးလုပ်ငန်းဆောင်ရွက်နေသည်။

ယခုလ အတွင်းကမှ ပြည်တွင်းသို့ ဝင်ရောက်လာသော နယူးယောက်အခြေစိုက် Y&R Advertising ကလည်း ပြည်တွင်းမှ K-Noke Advertising ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု Y&R၏ မိခင်ကုမ္ပဏီ Young & Rubicam Group ကုမ္ပဏီအုပ်စုက ထုတ်ပြန်ကြေညာသည်။

“ကျွန်မတို့ ကုမ္ပဏီကတော့ JWT နဲ့ လက်မှတ်ထိုးထားတယ်။ သူတို့ Client ကုမ္ပဏီတွေ ဒီကိုဝင်လာရင် Service ပေးဖို့အတွက်လေ။ Joint Venture (ဖက်စပ်)လုပ်တာတော့မဟုတ်ပါဘူး” ဟု Mango Media မှ ဒေါ်အေးနှင်းဆွေ က ပြောဆိုသည်။

ပြည်ပမှ အတွေ့အကြုံရှိ ကုမ္ပဏီများဖြစ်သော်လည်း မိမိတိုင်းပြည် အခြေအနေနှင့် ကိုက်ညီခြင်းရှိမရှိ ဆန်းစစ်သင့်သည်ဟု ၎င်းကဆိုသည်။

” နိုင်ငံခြားကုမ္ပဏီဆိုတိုင်း ဝမ်းသာအားရ လာလုပ်ခိုင်းလို့မရဘူး။ သူတို့ဆီက အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေကို ပဲရချင်တာ။ ဈေးကွက်က ရှိပြီးသား”ဟု ၎င်းကဆိုသည်။

ပြည်တွင်းသို့ ဝင်ရောက်လာသော မီဒီယာဆက်ဆံရေးနှင့် ကြော်ငြာဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ကြော်ငြာလုပ်ငန်းများ၊ အင်တာနက်အခြေပြုကြော်ငြာလုပ်ငန်း၊ တိုက်ရိုက် ဈေးကွက်မြှင့်တင်ခြင်းလုပ်ငန်း၊ မီဒီယာပြန်ကြားရေး လုပ်ငန်း၊ အရောင်းမြှင့်တင်ရေးနှင့် အမှတ်တံဆိပ်သီးသန့်ကြော်ငြာလုပ်ငန်းများ ဆောင်ရွက်ကြမည်ဖြစ်သည်။

အကျိုးအမြတ်အနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများ လုပ်ထုံးလုပ်နည်းများကို လေ့လာနိုင်မည်ဖြစ်ပြီး မိမိတို့၏ လုပ်ငန်းဈေးကွက်တစ်ခုလုံးပါနိုင်ငံတကာစံချိန်မှီဖြစ်လာနိုင်သည်။

“အရင်က သိပ်မရှိတဲ့ Media နဲ့PR လုပ်ငန်းပါ တိုးတက်လာနိုင်ပါတယ်။ နောက်ပြီး HRလုပ်သားတွေရဲ့ အရည်အသွေးရော အလုပ်အကိုင်အခွင့်အလမ်းရော ပေါများလာမယ်။” ဒေါ်လင်းလင်းထွန်းက ဆိုသည်။

သို့သော် ပြည်တွင်းမီဒီယာဆက်ဆံရေးနှင့် ကြော်ငြာဝန်ဆောင်မှု လုပ်ငန်းများမှာမူ မြေစမ်းခရမ်းပျိုးဖြင့် သာသွားနေရခြင်းဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။

“ဒီမှာက Advertising Industry က မဖွံ့ဖြိုးသေးပါဘူး။ တတ်သလောက်မှတ်သလောက် လုပ်နေကြရတာ။ ဒီလုပ်ငန်းက ဆယ်စုနှစ် တစ်ခုလောက် အရှိန်နှေးခဲ့တာ။ကိုယ့်ဆီမှာက အဆင်သင့် မဖြစ်သေးတာတွေရှိတယ်။ လုပ်ရမယ့်ဟာတွေ ကအများကြီးပဲ။ နိုင်ငံတကာက ဝင်လာရင် မပြည့်စုံသေးဘူး”ဟု ပြည်တွင်းမီဒီယာ လုပ်ငန်းတစ်ခုမှ Client Services Excuetive ဒေါ်ဝါဝါကဆိုသည်။

ပြည်တွင်းရှိ ကြော်ငြာဝန်ဆောင်မှုနှင့် မီဒီယာဆက်ဆံရေး ကုမ္ပဏီများမှာ သင်ယူလေ့လာစရာများရှိနေသေးသလို ပြင်ဆင်စရာများလည်း ရှိနေသေးသည်။ သို့မှသာ မိမိရည်ညွှန်းလိုသော Brand ၏ အရည်အသွေးကောင်းမွန်မှုနှင့် အဆင့်အတန်းကို ရိုးရှင်းမှန်ကန်စွာ တင်ပြနိုင်မည်ဖြစ်သည်။

“Advertising Agency တစ်ခုအနေနဲ့ရော Local Agendy တစ်ခုအနေနဲ့ပါ ကိုယ့်ရဲ့ရပ်တည်မှုကို ပြန်ပြီး သုံးသပ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့အားသာချက်ဖြစ်တဲ့ မြန်မာဈေးကွက်နဲ့ စားသုံးသူ တွေအကြောင်းကို ကောင်းကောင်းနားလည်မှုကို ဆွဲကိုင်ထားနိုင်ရပါမယ်။ ဒါမှ နိုင်ငံတကာကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်မှာပါ။ နောက်တစ်ချက်ကတော့ ကိုယ့် ကုမ္ပဏီရဲ့ အဓိကလုပ်ငန်း(Line Business)ကို သေချာကျွမ်းကျင်အောင် လုပ်ထားရပါမယ်။ ကိုယ်က Brand Strategy လား၊ Media လား၊ PR လား ဆိုတာ တိတိကျကျပြင်ဆင်ထားရပါမယ်။” ဟု ဒေါ်လင်းလင်းထွန်းက ဆိုသည်။

အရည်အချင်းနှင့် အရည်အသွေးကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီများထံမှ ရနိုင်သမျှ သင်ယူရမည်ဖြစ်ကြောင်း PT & MM Event Ads Co.,Ltd မှ Events Manager ဦးအောင်မြတ်မိုးက မှတ်ချက်ပြုသည်။

“အရည်အချင်းပိုကောင်းအောင်လုပ်ထားရမယ်။ အခွင့်အလမ်းက အများကြီးရှိတယ်။ အကုန်လှေကြီးထိုး ရိုးရိုး သွားလို့မရဘူး။ လိုအပ်ချက်တွေကို အရင်ကြည့်ရမယ်။ ရှေ့ကိုဘယ်လောက်ရောက်မယ်ဆိုတာ ကြည့်ရမယ်” ဟု ပြည်တွင်းမီဒီယာတစ်ခုမှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းအတွက် ပြည်တွင်းကုမ္ပဏီများအနေဖြင့် ပစ္စည်းများကို မည်ကဲ့သို့ကြော်ငြာရမည်ကို သိရှိနားလည်ရန်လိုအပ်မည်ဖြစ်သည်။ ကြော်ငြာခြင်းအတတ်ပညာနှင့် စည်းမျဉ်း စည်းကမ်းများကို လည်းနားလည်ရန်လိုအပ်သည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများကို မည်ကဲ့သို့ ဝန်ဆောင်မှုပေးရမည်ကို သိရှိရန်လည်းလိုအပ်မည်ဖြစ်သည်။

ယင်းကဲ့သို့ ပြည်ပမှဝင်ရောက်လာခြင်းကြောင့် ဈေးကွက်အတွင်းတွင် မိမိတို့၏ ယဉ်ကျေးမှု၊ အပါအဝင် ရိုးရာအစဉ်အလာများကို ထိခိုက်မှုများရှိလာနိုင်ပြီး ထိုအနေအထားမျိုးမဖြစ်စေရန် ထိန်းသိမ်းရမည်ဟုလည်း ပြည်တွင်းရှိ လုပ်ငန်းများမှ တာဝန်ရှိသူများက တညီတညွှတ်တည်း မှတ်ချက်ပေးသည်။

“ကိုယ့်တိုင်းပြည်က ဈေးကွက်မှာ ယဉ်ကျေးမှုကိုထိန်းသိမ်းရမယ်။ သူတို့က နားမလည်လို့ အတင်းအကျပ် စေခိုင်းတာမျိုး လုပ်လာနိုင်တယ်ဆိုတာ နားလည်ထားရမယ်။ အဲဒီလိုဖြစ်လာရင် ဘယ်လို ဖြေရှင်းမလဲ သိရမယ်။ သူတို့နားလည်အောင် ရှင်းပြနိုင်ရမယ်။ သူတို့ အဲဒီကိစ္စတွေကို မလုပ်သင့်ဘူးဆိုတာ သိအောင်ပြနိုင်ရမယ်” ဟု ဒေါ်အေးနှင်းဆွေက ဆိုသည်။

တိုင်းပြည်၏ ယဉ်ကျေးမှုနှင့် ပုံရိပ်ကို (Icon) အထိခိုက် မခံသင့်ဘဲ ၎င်းတို့၏ ယဉ်ကျေးမှုများကို ဆွဲသွင်းလာသည်များလည်း ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်ပမှ ကြော်ငြာဝန်ဆောင်မှုနှင့် မီဒီယာဆက်ဆံရေး ကုမ္ပဏီများသည် ပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ နောက်မှ ထပ်ချက်မကွာလိုက်ပါလာနေပြီဖြစ်သည်။

ပြည်တွင်းနေထိုင်သူများက မိမိနိုင်ငံနှင့်လူမျိုးအကြောင်းပိုသိသည့်အတွက် နိုင်ငံတကာကုမ္ပဏီများက ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ကြရမည်ဖြစ်ကြောင်း ဦးအောင်မြတ်မိုးက ပြောကြားသည်။

တိုင်းပြည်ဖွံ့ဖြိုးလာသည်နှင့်အမျှ ယခုကဲ့သို့သော ကုမ္ပဏီများသည်လည်း မီဒီယာပြန်ကြားမှုလုပ်ငန်းများ၊ ကြော်ငြာလုပ်ငန်းများအတွက် အရေးပါလာမည်ဖြစ်သည်။ ယခုကဲ့သို့ ပြည်ပမှ ကုမ္ပဏီများ ဝင်ရောက် လာသောကြောင့် ပြည်တွင်းမှ ကုမ္ပဏီများအနေဖြင့် ဖြစ်နိုင်ခြေရှိသည်များကို ကြိုတင်ပြင်ဆင် ထားရမည်သာ ဖြစ်သည်။

” ပိုပြီးယှဉ်ပြိုင်ရတာပေါ့။ ကျွန်တော်တို့လည်း ပိုပြီး ပြင်ဆင်ရပါမယ်”ဟု နိုင်ငံတကာ ပြန်ကြားရေးကုမ္ပဏီကြီးများ ဝင်ရောက်လာခြင်း အပေါ် Today Ogilvy & Mather Myanmar မှ ဦးဂျော်ရှဝါ က မှတ်ချက်ပြုသည်။

ယခုကဲ့သို့ ပြည်ပမှကုမ္ပဏီများ ဝင်ရောက်လာခြင်းကြောင့် ဈေးကွက်ထဲတွင် အပြိုင်အဆိုင်များလာနိုင်ပါပြီး ကုမ္ပဏီနာမည်နှင့် လုပ်ငန်းIcon ကိုသေချာမတည်ဆောက်ထားနိုင်ပါက ပြင်ပကနေ Brand နှင့် Agency များကဈေးကွက်ကိုလွှမ်းမိုးသွားနိုင်ကြောင်း မီဒီယာအသိုက်အဝန်းအတွင်းမှ တာဝန်ရှိသူအချို့က မှတ်ချက်ပြုကြသည်။

ရဲဇွန်အောင်
မေ၊ ၂၀၁၃
The Voice Weekly

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *