အသည်းအဆီဖုံးတယ်ဆိုတာက အရက်သောက်မှ ဖြစ်တတ်တာမျိုး မဟုတ်ပါဘူး။ နေ့စဉ်မှာ စားသုံးမိနေတဲ့ အချို့သော အစားအစာတွေကြောင့်လည်း အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!
နေ့စဉ်စားသုံးမှုမှာ ပါဝင်နေတဲ့ အခုလို အစားအစာတွေက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။
- အချိုရည်တွေ
ဆိုဒါတွေ၊ အချိုရည်တွေ၊ စွမ်းအားဖြည့်အချိုရည်တွေ၊ နို့လက်ဖက်ရည်တွေ၊ Bubble Tea၊ Iced Coffeeတွေ၊ သကြားလုံးတွေ၊ အချိုပွဲတွေနဲ့ အချိုစွက်ထားတဲ့ သစ်သီးခြောက်တွေက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါ တယ်။
- သန့်စင်ထားတဲ့ ကစီဓာတ်
အဖြူရောင် ပေါင်မုန့်၊ ဖြူနေအောင် ဖွတ်ထားတဲ့ဆန်၊ ပါစတာ၊ သန့်စင်ထားတဲ့ ဂျုံတွေကလည်း သွေးတွင်းအဆီကို များစေပြီး အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။
- ပြည့်ဝဆီတွေ
အဆီများတဲ့ အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေ (ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း)၊ ထောပတ်၊ အဆီပြည့်ချိစ်၊ ဒိန်ချဉ် စတာတွေကလည်း ပြည့်ဝဆီက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။

- ဆီကြော်စာတွေ
အာလူးချောင်းကြော်၊ ကြက်ကြော်၊ အာလူးကြော်တွေ အဆာပြေစားစရာ အကြော်အလှော်တွေကလည်း ပြည့်ဝဆီတွေ ပါဝင်မှုများပြီး အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။
- ပြုပြင်ထားတဲ့ အစားအစာတွေ
အေးခဲထားတဲ့ အစားအစာတွေ၊ ဆီသွတ်ဘူးတွေနဲ့ ဆားပါဝင်မှု များတဲ့ အစားအစာတွေ၊ ခရက်ကာတွေနဲ့ ဘီစကစ်၊ ကွတ်ကီး စတာတွေကလည်း အဆီပါဝင်မှုနဲ့ အငန်ပါဝင်မှုများတာကြောင့် အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။
- အရက်၊ ဘီယာ
အရက်၊ ဘီယာ၊ ဝိုင်တွေက အသည်းကို ရောင်ရမ်းစေတာ၊ အဆီဖုံးတာနဲ့ အသည်းပျက်စီးတာတွေကို ဖြစ်စေနိုင် ပါတယ်။
အသည်းကျန်းမာစေဖို့ ဘာစားရမလဲ!
အသည်းအဆီဖုံးနိုင်ခြေကို လျှော့ချနိုင်ဖို့နဲ့ အသည်းကျန်းမာစေဖို့အတွက် နေ့စဉ်စားသုံးမှုမှာ –
- နှံစားသီးနှံတွေ – ဆန်လုံးညို၊ အုတ်ဂျုံ နဲ့ ပေါင်မုန့်ညို၊ ပေါင်မုန့်ကြမ်း စတာတွေကို စားပေးလို့ ရပါတယ်။
- အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ – အမျှင်ဓာတ် ကြွယ်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ အသီးအရွက်အရောင်စုံစုံလင်လင်တွေကို စားပေးတာကလည်း သွေးတွင်းအဆီကို ကျဆင်းစေပြီး အသည်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
- ကျန်းမာရေးနဲ့ညီတဲ့ အဆီ – သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကို စားပေးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို ရရှိစေပြီး အသည်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အဆီနည်းတဲ့ ပရိုတင်း – အဆီပါဝင်မှုနည်းတဲ့ ငါးတွေ၊ ပင်လယ်ငါးတွေ၊ ပဲအမျိုးမျိုးနဲ့ ပဲနီလေးတွေကို စားပေးတာကလည်း အသည်းအဆီဖုံးနိုင်ခြေကို လျှော့ချပေးနိုင်သလို အသည်းကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
များသောအားဖြင့်ကတော့ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေကတော့ သကြားတွေ၊ ပြည့်ဝဆီတွေနဲ့ သန့်စင်ထားတဲ့ ကစီဓာတ်တွေနဲ့ အယ်လ်ကိုဟောစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ နေ့စဉ်စားသုံးမှုမှာ ဆန်လုံးညို၊ အုတ်ဂျုံ၊ အသီးအရွက်နဲ့ ငါးစတာတွေကို စားပေးဖို့ အကြံပြုလိုက်ပါရစေ။





