နွေရာသီမှာ ပူပြင်းတဲ့ရာသီဥတု အခြေအနေကြောင့် ချွေးထွက်များပြီး ပတ်ဝန်းကျင်က ဖုန်မှုန့်တွေနဲ့ စိုထိုင်းဆများတဲ့ အနေအထားတွေက ချွေးနံ့ဆိုးဖြစ်စေတာ၊ ကိုယ်နံ့ဆိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ ရာသီဥတုအောက်မှာ ကိုယ်နံ့ဆိုးကင်းစေဖို့ စားပေးသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
နွေပူပူမှာ ကိုယ်နံ့ဆိုး ကင်းစေဖို့ ဒါလေးတွေ စားပေးပါ
နွေပူပူမှာ ကိုယ်နံ့ဆိုးကင်းစေဖို့ဆိုရင်တော့ နေ့စဉ် စားသုံးမှုမှာ အခုလို အစားအစာလေးတွေကို ထည့်သွင်းစားသုံးပေးဖို့ လိုပါမယ်။
- အချဉ်ဓာတ်ပါတဲ့ သစ်သီးတွေ
အချဉ်ဓာတ်ပါတဲ့ အသီးတွေ ဖြစ်တဲ့ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီးလိုမျိုး အသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဒီအသီးလေးတွေကို စားပေးမယ်ဆိုရင် ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးရာ ရောက်သလို ချွေးနံ့ဆိုးတွေကိုလည်း ကင်းစေမှာပါ။
- လက်ဖက်စိမ်းရေနွေးကြမ်း
လက်ဖက်စိမ်းရေနွေးကြမ်းမှာ epigallocatechin gallate (EGCg) နဲ့ epicatechin gallate (ECg) တို့ ပါဝင်နေတာကြောင့် ကိုယ်နံ့ဆိုးစေနိုင်တဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ခြေကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်နံ့ဆိုးကင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
- အခွံမာသီးတွေ၊ အစေ့အဆန်တွေ
ဇင့်ဓာတ်ကြွယ်ဝတာက ကိုယ်နံ့ဆိုးကင်းစေဖို့ ထောက်ကူပေးနိုင်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ဇင့်ဓာတ် အားဖြည့်ပေးနိုင်တဲ့ အခွံမာသီးတွေ၊ အစေ့အဆန်တွေကို စားပေးလို့ ရပါတယ်။ ဒီလို စားပေးတာက ဇင့်ဓာတ် ပြည့်ဝစေပြီး နွေရာသီမှာ ကိုယ်နံ့ဆိုး ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
ကလိုရိုဖီး ပါဝင်နေတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်နံ့ဆိုးကင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင် အသီးအရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဆလတ်ရွက် စတာတွေကို စားပေးလို့ ရပါတယ်။
- အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ အစားအစာတွေ
အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတဲ့ ဒိန်ချဉ်၊ ကင်မ်ချီ၊ ချဉ်ဖက်စတာတွေကို စားပေးတာက အကျိုးပြု ဘက်တီးရီးယားတွေ များစေပြီး ကိုယ်နံ့ဆိုးတာတေံ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
- ဖာလာစေ့
ဖာလာစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ polyphenolic compoundတွေ ပါဝင်နေတာကြောင့် ကိုယ်နံ့ဆိုးတွေ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
နွေရာသီမှာ ချွေးထွက်များတာနဲ့တင် အတော်စိတ်အနှောင့်အယှက် ဖြစ်နေရတဲ့ အနေအထားမှာ ကိုယ်နံ့ဆိုးတာကိုပါ ထပ်ပြီး စိတ်မညစ်ရစေဖို့ နေ့စဉ် စားသုံးမှုမှာ အခုပြောခဲ့တာလေးတွေကို ထည့်သွင်း စားသုံးတာအပြင် ရေများများ သောက်ပေးတာ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာလေးတွေကို လုပ်ဆောင်ပေးရင်း အနံ့အသက်ဆိုး ကင်းစေဖို့ လုပ်ဆောင်ကြဖို့ အကြံပြုလိုက်ပါရစေ။