ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းပြောင်းလဲမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ခက်တာကို ကိုယ်ဝန်ဆောင်မိခင်တိုင်းလိုလို ခံစားကြရပါတယ်။ ဒီလို ခံစားရတာကို သက်သာစေဖို့ နေထိုင်စားသောက်မှုလေးတွေကို သေချာလေး ဂရုစိုက်ပေးတာက အတိုင်းအတာ တစ်ခုအထိကို ညဘက် အိပ်မပျော်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ဆိုရင် ဘယ်လို အစားအသောက်လေးတွေကို စားပေးသင့်လဲဆိုတာကို ပြောပြလိုက်ပါတယ်။
ကိုယ်ဝန်ဆောင်အိပ်မပျော်ခြင်း ဆိုတာ
ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်တာက အဖြစ်များတဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။ နောက်တစ်ခု ဖြစ်နိုင်တာက အိပ်နေပေမယ့်လည်း ကောင်းကောင်း အိပ်မပျော်ဘဲ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲတာ၊ ဇီဝကမ္မဖြစ်ပျက်မှုနှုန်း ပြောင်းလဲတာ၊ ခန္ဓာကိုယ် အခြေအနေ ပြောင်းလဲတာတွေက သက်တောင့်သက်သာနဲ့ ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေနိုင်ပါတယ်။
ညဘက်မှာ အိပ်ရေးပျက်များတာက ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကိုရော ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက် အနေနဲ့ တစ်ညတာကို ပျမ်းမျှ ၇ နာရီ ကနေ ၉ နာရီလောက် အိပ်စက်ဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ စားပေးသင့်တာလေးများ
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းပေးနိုင်မှာ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်ပြီး မေမေရော ဘေဘီလေးပါ ကျန်းမာမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ ဘယ်လို အစားအစာလေးတွေကို စားသုံးပေးသင့်လဲဆိုတာကို မျှဝေပေး ပါရစေ။
- နှံစားသီးနှံတွေ
နှံစားသီးနှံတွေမှာ ကစီဓာတ်ကြွယ်ဝစွာ ပါဝင်နေပြီး ကောင်းမွန်တဲ့ အိပ်စက်မှုကို ရစေနိုင်တဲ့ ဆီရိုတိုနင်နဲ့ မယ်လ်လာတိုနင် ဟော်မုန်းတွေ ထွက်ရှိမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ဆိုရင် – ဆန်လုံးညို၊ အုတ်ဂျုံ၊ ပေါင်မုန့်ညို၊ ဘာလီစတာတွေကို စားပေးလို့ ရပါတယ်။
- အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့နဲ့ နေရထိုင်ရတာကို သက်တောင့်သက်သာ ဖြစ်စေနိုင်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အခြား အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလ အိပ်မပျော်တာကို သက်သာစေဖို့အတွက် ဟင်းနုနွယ်၊ ကိုက်လန်၊ တရုတ်နံနံ၊ မုန်ညှင်းစတာတွေကို စားပေးလို့ ရပါတယ်။
- အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ
အခွံမာသီးတွေနဲ့ အစေ့အဆန်တွေက မဂ္ဂနီဆီယမ်၊ tryptophan နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါဝင်နေတဲ့ အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ ဖရုံစေ့၊ နေကြာစေ့လိုမျိုး အစေ့အဆန်တွေနဲ့ အခွံမာသီးတွေ စားပေးတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- နို့နဲ့နို့ထွက်ပစ္စည်းတွေ
နို့နဲ့နို့ထွက်ပစ္စည်းတွေက မယ်လ်လာတိုနင် ထွက်ရှိမှုကို တိုးစေပြီး ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့ ကယ်လ်ဆီယမ်နဲ့ tryptophan တို့ ပါဝင်နေတာကလည်း ကိုယ်ဝန်ဆောင် အိပ်မပျော်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကောင်းကောင်းအိပ်ပျော်စေဖို့ဆိုရင် နွားနို့ပူပူလေး သောက်ပေးတာ၊ ဒိန်ချဉ်စားတာ၊ ချိစ်စားတာတွေ လုပ်ပေးလို့ ရပါတယ်။
- အဆီနည်းပရိုတင်း
အဆီနည်းတဲ့ ပရိုတင်းတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်မှုကြောင့် အိပ်ပျော်ဖို့ခက်တာကို သက်သာစေနိုင်တဲ့ tryptophan ကို ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ဆိုရင် အရေခွံမပါတဲ့ ကြက်ရင်အုံသား၊ ကြက်ဆင်သား၊ ပဲပြား၊ ပဲအမျိုးမျိုး၊ ငါးစတာတွေကို စားပေးလို့ ရပါတယ်။
- သစ်သီးများ
အချို့သော သစ်သီးတွေက သဘာဝအချိုဓာတ် ပါဝင်နေသလို ဗီတာမင်တွေလည်း ပါဝင်နေတာက ဆီရိုတိုနင်နဲ့ မယ်လ်လာတိုနင်ဟော်မုန်းထွက်ရှိမှုကို ကောင်းစေဖို့ ထောက်ကူပေးတာကြောင့် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှု ရရှိစေဖို့ဆိုရင် ငှက်ပျောသီး၊ ချယ်ရီသီး၊ ကီဝီသီး၊ ဘယ်ရီသီးတွေ၊ ပန်းသီး စတာတွေကို စားပေးလို့ ရပါတယ်။
- ဆေးဖက်ဝင် ရေနွေးကြမ်းများ
ဆေးဖက်ဝင်ရေနွေးကြမ်းတွေ ဖြစ်ကြတဲ့ ချာမိုမိုင်းရေနွေးကြမ်း၊ ပူဒီနံရေနွေးကြမ်း၊ လာဗင်ဒါရေနွေးကြမ်းတွေကို သောက်သုံးပေးတာကလည်း ကိုယ်ဝန်ဆောင် အိပ်မပျော်တာကို သက်သာစေနိုင်ပါတယ် ဒီနေရာမှာ သတိထားရမှာက တစ်နေ့ကို တစ်ခွက်လောက်ပဲ သောက်ဖို့နဲ့ ညနေပိုင်းတွေမှာ မသောက်ဘဲ မနက်ခင်းပိုင်းမှာ သောက်ဖို့ပါ။
ဒါတွေအပြင် ကိုယ်ဝန်ဆောင်ကာလ အိပ်မပျော်တာကို သက်သာစေဖို့ အတွက် ကြက်ဥအနှစ်စားပေးတာ၊ မှိုစားပေးတာ၊ နေရာင်နွေးနွေးလေး ခံပေးတာ၊ ဗီတာမင် D ဖြည့်စွက်ထားတဲ့ ဆီရီယယ်လိုမျိုး အစားအစာတွေကို စားပေးတာကလည်း နည်းလမ်းကောင်းပါပဲ။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာများရင် ဘာတွေဖြစ်နိုင်လဲ!
Lotoshinn ရဲ့ စကားလက်ဆောင်
ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ချိန်တွေက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် အာဟာရ လုံလောက်အောင် စားဖို့ လိုသလို ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် ရရှိစေဖို့လည်း လိုပါမယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ဆိုရင်တော့ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D၊ tryptophan နဲ့ Omega-3 Fatty Acid ကြွယ်ဝတဲ့ အစားအစာလေးတွေကို နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့ လိုပါမယ်။