Psoriasis (ဆိုရီရေးစစ်) ဆိုတာက အရေပြားဆဲလ်တွေကို စုပုံစေပြီး အရေပြားအပေါ်ယံအလွှာမှာ အမာရွတ်တွေ ဖြစ်စေနိုင်တဲ့ ကိုယ်ခံအားမှားယွင်းတိုက်ခိုက်မှုကြောင့် ဖြစ်လာရတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကလည်း ဆိုရီရေးစစ် ခံစားနေရသူတွေမှာ ဒီကျန်းမာရေး ပြဿနာကို ပိုဆိုးစေတာမျိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံ များစွာတွေထဲက တစ်ခုပါ။
ဒီတစ်ခေါက်မှာတော့ ဆိုရီရေးစစ် ရှိသူတွေအနေနဲ့ သတိထားဆင်ခြင်လို့ရအောင် ဘယ်လို အစားအစာတွေက ဆိုရီရေးစစ်ပြဿနာကို ပိုဆိုးစေနိုင်သလဲ ဆိုတာကို ပြောပြပေးသွားပါမယ်
ဆိုရီရေးစစ်ကျန်းမာရေးပြဿနာ ခံစားနေရသူတွေက အခြားသော သူတွေနဲ့စာရင် အဝလွန်တာမျိုး၊ အမျိုးအစား-၂ ဆီးချိုရောဂါ ခံစားရတာမျိုးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ခြေက ပိုများနေတတ်ပါတယ်။
ဒါကြောင့် ဆိုရီရေးစစ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေနဲ့ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို လျှော့ချဖို့ဆိုရင် နေ့စဉ် စားသောက်မှုကို သေချာလေး ဆင်ခြင်ဖို့ လိုပါမယ်။
အချို့သော အစားအစာတွေက ဆိုရီရေးစစ်တွေကို ပိုဆိုးစေတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီလို ခံစားရနိုင်ခြေကလည်း တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်ခံအား တုံ့ပြန်မှုပေးမူတည်ပြီး ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။
ဆိုရီရေးစစ် (Psoriasis) ရှိနေရင် ရှောင်သင့်တဲ့ အရာများ
ဆိုရီရေးစစ် အရေပြားပြဿနာကို ခံစားနေရပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေနဲ့ လက်ရှိခံစားနေရတဲ့ အခြေအနေထက် ပိုဆိုးလာတာမျိုးတွေ မဖြစ်စေဖို့ဆိုရင် အခုပြောပြတဲ့ အစားအစာလေး တွေကို ရှောင်ဖို့လိုပါမယ်။
- ဂလူတန် ပါတဲ့ အစားအစာတွေ
ဂလူတန်ဆိုတာက ဂျုံလိုမျိုး နှံစားသီးနှံတွေထဲမှာ ပါဝင်နေတဲ့ ပရိုတင်း တစ်မျိုးပါ။ နေ့စဉ်စားသုံးမှုမှာ ပါဝင်နိုင်တဲ့ အရာတွေအနေနဲ့ တွေ့ရနိုင်တာကတော့ ပေါင်မုန့်၊ ပက်စတာနဲ့ ဂျုံကို အခြေခံပြီးထုတ်ထားတဲ့ အစားအစာတွေပါ။
၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ ဂလူတန်ပါတဲ့ စားစရာတွေကို တတ်နိုင်သမျှ လျှော့စားပေးတာက ဆိုရီရေးစစ်ကို သက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။
- အနီရောင် အသားတွေ
အနီရောင် အသားတွေမှာ arachidonic acid လို့ခေါ်တဲ့ polyunsaturated fatty acid ပါဝင်နေတာကြောင့် ဆိုရီရေးစစ်ကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပိုဆိုးစေနိုင်ပါတယ်။ အနီရောင်အသားတွေ အများကြီး ပါဝင်နေတဲ့ အစားအစာတွေက ဆိုရီရေးစစ်ကြောင့် ရောင်ရမ်းမှုတွေကို ပိုဆိုးစေနိုင်ပါတယ်။
အနီရောင်အသားတွေကို ရှောင်လိုက်တာက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ဆိုရီရေးစစ် ပိုမဆိုးလာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ဒါကြောင့် ဆိုရီရေးစစ်ရှိတယ်ဆိုရင် အနီရောင် အသားတွေကို တတ်နိုင်သမျှလျှော့စားပါ။
- ပြုပြင်ထားတဲ့ အစားအစာတွေ
ပြုပြင်ထားတဲ့ အသားတွေနဲ့ အစားအစာတွေက ဆိုရီရေးစစ်အပါအဝင် ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေရှိတာက ပြုပြင်ထားတဲ့ အစားအစာတွေက အမျိုးအစား-၂ ဆီးချိုရောဂါ၊ အဝလွန် နဲ့ နှလုံးရောဂါတွေအပါအဝင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာ တွေကို ဖြစ်စေနိုင်ပါတယ်။
ဆိုရီရေးစစ်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ အဝလွန်တာ၊ အမျိုးအစား-၂ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင်လည်း ပြုပြင်ထားတဲ့ အစားအစာတွေကို အများကြီး မစားတာမျိုး လုပ်ဖို့ လိုပါမယ်။
- အရက်
အရက်နဲ့ အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေက ဆိုရိရေးစစ်ရဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်သလို ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ်လက္ခဏာတွေ ရှိမယ်ဆိုရင် အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို တတ်နိုင်သမျှ လျှော့သောက်ဖို့ လိုပါမယ်။
- ကဖင်း
ကော်ဖီ၊ လက်ဖက်ရည်နဲ့ လက်ဖက်၊ ကိုလာ၊ အားဖြည့်အချိုရည်လိုမျိုး ကဖင်းဓာတ်ပါနေတဲ့ သောက်စရာတွေက ဆိုရိရေးစစ်ကို ပိုဆိုးစေနိုင်တာကြောင့် ဆိုရီရေးစစ် ရှိနေမယ်ဆိုရင် ကဖင်းပါတဲ့ စားစရာတွေကိုလည်း တတ်နိုင်သမျှ လျှော့စားဖို့ လိုပါမယ်။
ဆိုရီရေးစစ်ရှိသူတွေအနေနဲ့ တစ်နေ့ကို ကော်ဖီ ၄ ခွက်ထပ်ပိုသောက်မယ်ဆိုရင် ရောဂါလက္ခဏာတွေကို ပိုဆိုးစေနိုင်တယ်လို့ ၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ သုတေသန စစ်တမ်းတွေအရ သိရပါတယ်။
- Nightshade vegetables တွေ
Nightshade vegetables တွေ ဖြစ်ကြတဲ့
- ခရမ်းချဉ်သီး
- ငရုတ်ပွ
- အာလူး
- ခရမ်းသီးတို့လိုမျိုး အသီးတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ ဒီအသီးအနှံတွေမှာပါနေတဲ့ chemical တစ်မျိုးက ဆိုရီရေးစစ်ကိုရော ရောင်ရမ်းမှုတွေကိုပါ ပိုဆိုးစေနိုင်တာကြောင့်ပါ။
ဒါကြောင့် ဆိုရီရေးစစ်ဖြစ်နေမယ်ဆိုရင် ဒီအသီးအနှံလေးတွေကို မစားတာက အကောင်းဆုံးဖြစ်မှာပါ။
ဘာတွေ စားရမလဲ!
ရှောင်ရမယ့် အစားအစာတွေပြီးတော့ စားပေးသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ ဆိုရီရေးစစ် ရှိမယ်ဆိုရင် အပေါ်မှာ ပြောခဲ့တာလေးတွေကို ရှောင်ပြီးတော့ လက္ခဏာတွေ သက်သာစေဖို့အတွက် ဆိုရင်တော့ –
- သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ
- အိုမီဂါ သရီးကြွယ်ဝတဲ့ ငါး
- ဗီတာမင် D ဖြည့်စွက်ဆေးဝါးတွေ
- ပရိုဘိုင်အိုတစ် ပါတာတွေ
- အော်ဂဲနစ် အစားအစာတွေကို နေ့စ၁ည် စားသုံးမှုမှာ ပါဝင်အောင် စားသုံးသင့်ပါတယ်။
ဘယ်လို အခြေအနေတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်လဲ!
နေ့စဉ်ပတ်ဝန်းကျင်မှာ ထိတွေ့နေရတဲ့ အခြေအနေ အရပ်ရပ်ကလည်း ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။
- ရာသီဥတု အေးတာ၊ခြောက်သွေ့တာ
- စိတ်ဖိစီးတာ
- အရက်သောက်တာ
- အရေပြားမှာ ထိခိုက်မိတာ
- ပိုးဝင်ကူးစက်ခံရတာ (လည်ချောင်းနာတာလိုမျိုး)
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးတာ
- အချို့သောဆေးဝါးတွေကြောင့်လည်း ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။
ဆိုရီရေးစစ် ခံစားနေရတာ တူကြပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်မှာ ကိုယ်ခံအား တုံ့ပြန်ပုံချင်း မတူတာကြောင့် ဖြစ်ပေါ်ခံစားရတဲ့ အခြေအနေတွေ မတူနိုင်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်အနေနဲ့လည်း ဘယ်လို အခြေအနေတွေမှာ ဆိုရီရေးစစ်က ပိုဆိုးတတ်လဲ။ ဘယ်လိုအရာတွေက ပိုဆိုးစေနိုင်လဲဆိုတာကို သတိထားပြီး ဆင်ခြင်တာက အကောင်းဆုံးပါ။
Lotoshinရဲ့ စကားလက်ဆောင်
အချို့သော အစားအစာတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်တာကြောင့် နေ့စဉ် စားသုံးမှုမှာ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကိုယ်တိုင်ရဲ့ စားသောက်မှုတွေကို သေချာ ဂရုစိုက်ဖို့လည်း လိုပါမယ်။
ဆိုရီရေးစစ်ရှိသူတွေအနေနဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်းတဲ့ ပရိုတင်း၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ နှံစားသီးနှံတွေနဲ့ အပင်ကနေရတဲ့ အဆီတွေကို အဓိက စားသင့်ပါတယ်။
ဆိုရီရေးစစ်ရှိသူတွေ အနေနဲ့ အစားအစာလေးတွေကို သေချာလေး ဂရုစိုက် စားပေးတာ၊ နေ့စဉ်ရဲ့ အပြုအမူလေးတွေကို ဂရုစိုက်ဆင်ခြင်တာက ဆိုရီရေးစစ်ကို သက်သာစေဖို့ရော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ ဆီးချို၊ အဝလွန်တာ၊ နှလုံးရောဂါလိုမျိုး ပြဿနာတွေ ဖြစ်နိုင်ခြေကိုပါ အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်မှာပါ။
ဆိုရီရေးစစ် ရှိမယ်ဆိုရင် အစားအသောက် ဂရုစိုက်မှုနဲ့အတူ ပုံမှန် အသားအရေ ကျန်းမာရေးကို ထိန်းသိမ်းတာ၊ လိုအပ်တဲ့ ဆေးကုသမှု ခံယူတာမျိုးတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါရစေ။