လေထုညစ်ညမ်းမှုဆိုတဲ့ စကားလုံးက အခုဆိုရင် ကိုယ်တွေနဲ့ သိပ်တောင်မစိမ်းတော့တဲ့ စကားလုံးလေး တစ်လုံးဖြစ်လာနေတယ်နော်။ တိုးတက်လာမှုဗတွနဲ့အညီ တိုးချဲ့လာတဲ့ စက်ရုံတွေ ယာဉ်ရထားတွေ မော်တော်ကားတွေကနေ ထုတ်လွှတ်တဲ့ အငွေ့တွေကြောင့် လေထုထဲမှာ ညစ်ညမ်းမှုတွေက တစ်နေ့ထက် တစ်နေ့ တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပြင်းထန်လို့ လာနေပါတယ်။ ဒါကြောင့် ရှောင်လွှဲဖို့ခက်တဲ့ လေထု ညစ်ညမ်းမှုကြားမှာ ကျန်းမာနေစေဖို့ ဘာလေးတွေစာပေးလို့ ရမလဲဆိုတာလေးကို မျှဝေပေးချင်ပါတယ်။
လေထုညစ်ညမ်းမှုကြား ကျန်းမာနေဖို့ ဘာတွေ စားကြမလဲ!
လေထုညစ်ညမ်းမှုတွေကြားမှာ ကျန်းမာနေစေဖို့ အဓိက စားပေးသင့်တာက antioxidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေကိုပါ။ ဒီလို စားသုံပေးတာက ညစ်ညမ်းမှုကြောင့် ထိခိုက်နိုင်ခြေတွေကို လျှော့ချပေးနိုင်မှာပါ။ ဒီတော့ antioxidant ကြွယ်ဝတဲ့ အစားအစာလေးတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
- အစိမ်းရောင် ဟင်းသီးဟင်းရွက်လေးတွေ
ဂေါ်ဖီမျိုးရင်းဝင်လေးတွေ ဖြစ်တဲ့ ပန်းပွင့်စိမ်း၊ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ တာအိုးရွက်၊ ဟင်းနုနွယ်၊ ပဲနံ့သာရွက်၊ မုန်လာဥဖြူတို့လိုမျိုး ရောင်ရမ်းမှုကို တိုက်ဖျက်ပေးပြီး အဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ sulforaphane ပါဝင်နေတဲ့ အသီးအရွက်တွေကို စားပေးတာကလည်း လေထု ညစ်ညမ်းမှုကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးပါတယ်။
- Omega-3 ကြွယ်ဝတဲ့ အစားအစာတွေ
Omega-3 ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ မက်ကာရယ်စတဲ့ ပင်လယ်ငါးတွေ၊ သစ်ကြားသီး၊ ချိုင်ယာစေ့စတာတွေက လေထုညစ်ညမ်းမှုကြောင့် အဆုတ်ရောင်တာတွေကို သက်သာစေဖို့နဲ့ ကိုယ်တွင်းရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အရောင်အသွေးစုံလင်တဲ့ သစ်သီးလေးတွေ
ဘယ်ရီသီး၊ အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီး၊ ရှောက်ချိုသီး၊ ကီဝီသီး၊ မာလကာသီး၊ နှင်းသီး၊ စတော်ဘယ်ရီစတာတွေကလည်း လေထုညစ်ညမ်းမှုကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- အရောင်အသွေးစုံတဲ့ အသီးအနှံတွေ
ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ ငရုတ်ပွ စတာတွေက ဘီတာရယ်လ်ရိုတင်း ပါဝင်နေတာ ကြောင့် လေထုညစ်ညမ်းမှုကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။ lycopene ပါဝင်နေတဲ့ ခရမ်းချဉ်သီးကို အစိမ်းစားပေးမယ်ဆိုရင် လေထုညစ်ညမ်းမှုကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချနိုင်မှာပါ။

- ဟင်းခတ်အမွှေးအကြိုင်တွေ
နနွင်း၊ ဂျင်း (ချင်း)၊ ကြက်သွန်ဖြူတို့ကလည်း အသက်ရှူလမ်းကြောင်း ကျန်းမာစေပြီး ဓာတ်တိုးမှုတွေကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်တာကြောင့် အခုလို ကာလမှာ စားပေးသင့်ပါတယ်။
- ဆီလီနီယမ် ကြွယ်ဝတဲ့ အစားအစာတွေ
မှိုအမျိုးမျိုး၊ နေကြာစေ့နဲ့ အစေ့အဆန်တွေက အဆုတ်ကို လေထုညစ်ညမ်းမှုကြောင့် ထိခိုက်နိုင်ခြေကနေ လျှော့ချပေးနိုင်ပါတယ်။
- ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ
ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ပဲနီလေး၊ ဆင်ခေါင်းပဲ၊ ဖရုံစေ့၊ နေကြာစေ့တွေက ကိုယ်ခံအားရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး ဆဲလ်တွေကိူ ပြန်လည်ပြုပြင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။
- ရေဓာတ်ပြည့်ဝဖို့ ဂရုစိုက်ပါ
ရေကို နေ့စဉ်တိုင်းမှာ လုံလုံလောက်လောက် သောက်ပါ၊ အုန်းစိမ်းရည်၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ ဆေးဖက်ဝင် ရေနွေးကြမ်း စတာတွေကို သောက်ပေးတာကလည်း ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဒါတွေကိုတော့ လျှော့ပါ
လေထုညစ်ညမ်းမှုနဲ့ နေ့စဉ်ထိတွေ့နေရချိန်မှာ ကျန်းမာစေတဲ့ အစားအစာတွေကို စားသုံးမှုနဲ့အတူ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားတွေ၊ အချိုကဲတာတွေ၊ ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီတွေ၊ အသင့်စား၊ အမြန်စားနဲ့ အငန်ကဲ၊ အစပ်ကဲတာမျိုးတွေကိုလည်း ရှောင်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
နေ့စဉ်ထိတွေ့နေရတဲ့ လေထုညစ်ညမ်းမှုတွေကြားမှာ ကျန်းမာစေဖို့ဆိုရင် အာဟာရပြည့်ဝမျှတအောင်စားပါ။ အိမ်တွင်းမှာပဲ လုပ်လို့ရမယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပါ။ ရေလုံလောက်အောင် သောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အပြင်က ပြန်လာတိုင်း အဝတ်အစားလဲပါ။ ကိုယ်လက်သန့်စင်ပါ။ နှာခေါင်းကို ရေရှူပြီး ဆေးကြောတာမျိုးလေးတွေလည်း လုပ်ပေးပါ။





