ဘာလဲ Law Firm
၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပွင့်လင်းမြင်သာလာမှုနှင့် စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကဏ္ဍမျိုးစုံတွင် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာအရှိဆုံး နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ခံလာရသည်။
အထူးသဖြင့် စီးပွားရေးကဏ္ဍတွင် နိုင်ငံတကာ၏ စိတ်ပါဝင်စားမှုသိသိသာသာမြင့်တက်လာပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အများအပြားဝင်ရောက်လာချိန်တွင် ကျွဲကူးရေပါအနေဖြင့် စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေရေးရာဝန်ဆောင်မှုများဆောင်ရွက်ပေးသည့် Corporate Law Firm များ၏ အခန်းကဏ္ဍသည်လည်း တဖြည်းဖြည်းနှင့် ရှေ့တန်းသို့ရောက်လာခဲ့လေသည်။
Law Firm ဟုဆိုရာတွင် မြန်မာလူမျိုးအမျာစုသည် အခန်းကျဉ်းလေးများအတွင်း ငုတ်တုတ်ထိုင်နေလေ့ရှိသော ကဏ္ဍမျိုးစုံကို ဥပဒေရေးရာဝန်ဆောင်မှုများပေးနေသည့် ပြည်တွင်းရှေ့နေများကို ပြေးမြင်မိမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာတွင်မူ Law Firm များသည် ကဏ္ဍတစ်ခုခြင်းစီကို သီးသန့်ကျွမ်းကျင်သော ရှေ့နေ အများအပြားပါဝင်သည့် ဥပဒေရေးရာဝန်ဆောင်မှုကုမ္ပဏီကြီးများကိုဆိုလို သည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ Corporate Law Firm အရေအတွက် များပြာလာနေပြီဖြစ်သော်လည်း ပြည်ပမှ ကုမ္ပဏီများသာများပြားပြီး ပြည်တွင်းဥပဒေပညာရှင်များတည်ထော်ထားသည့် ကုမ္ပဏီအရေအတွက်မှာမူ လက်ချိုးရေတွက်၍ ရနိုင်အောင် နည်းပါးလှသည်။
နိုင်ငံတကာ Law Firm များသည် ၎င်းတို့၏ Clients များ ပြည်တွင်းသို့ ဝင်ရောက်လာသောကြောင့် ဥပဒေနှင့် အကြံပေးလုပ်ငန်းများဆောင်ရွက်ရန် ဝင်ရောက်လာခြင်းရှိသကဲ့သို့ တစ်ချို့ကုမ္ပဏီများမှာ တိုင်းပြည်၏ ရေရှည်အလားအလာများကို မျှော်မှန်း၍ ဝင်ရောက်လာကြသည်။ ပြည်တွင်းရှိ Corporate Law Firm များ နှင့် ချိတ်ဆက် လုပ်ကိုင်ကြခြင်းများလည်းရှိသည်။
သက်ဆိုင်ရာနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများကလည်း စိတ်ပါဝင်စားသော ကဏ္ဍများနှင့် လုပ်ငန်းအခွင့်အလမ်းများကို စုံစမ်းလေ့လာရန် ပြည်တွင်းပြည်ပ Corporate Law Firm များမှ တဆင့် ချိတ်ဆက် စုံစမ်းလာကြသည်။
“အရင်တုန်းကဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေက လုပ်ငန်းတွေက သူတို့ဆီက Law Firm တွေနဲ့ ချိတ်ဆက်ဝင်လာတယ်။ အခု ကျွန်တော်တို့ Law Firm က အမေရိကန်နဲ့ပတ်သတ်ပြီး ဝင်လာတယ်။ သက်ဆိုင်ရာနိုင်ငံတွေစီးပွားရေးလုပ်ငန်းတွေက သက်ဆိုင်ရာ Law Firm ကို အားကိုးတဲ့သဘောပေါ့။” ဟု ပြည်တွင်းတွင် လုပ်ငန်းများလုပ်ကိုင်နေပြီဖြစ်သည့် အမေရိကန်အခြေစိုက် Herzfeld Rubin Meyer & Rose Law Firm ကုမ္ပဏီမှ ဥပဒေအရာရှိ ဦးကျော်ဟိုးကဆိုသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ Corporate Law Firm များ ဝင်လာရသော အကြောင်းအရင်းမှာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် စီးပွားရေးပွင့်လင်းလာမှုကြောင့်ဟု စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေအကြံပေးပညာရှင်များကဆိုသည်။
ဘာကြောင့်လိုအပ်သလဲ
“တချို့တွေက အထင်လွဲနေတာတွေရှိတယ်။ တကယ်တော့ Law Firm ဆိုတာ ပွဲစားမဟုတ်ဘူးဗျ” ဟု မြန်မာ Corporate Law Firm တစ်ခုဖြစ်သည့် U Nyunt Tin & Associates Advocates & Solicitors မှ Councillor ဖြစ်သူ ဦးမင်းတေဇညွန့်တင်ကဆိုသည်။
အဓိကအားဖြင့် Corporate Law Firm များသည် ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် သီးခြားကုမ္ပဏီထူထောင်ခြင်း၊ ဖက်စပ်လုပ်ငန်းတည်ထောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် MIC နှင့်ညှိနှိုင်းဆွေးနွေးရသည့်ကိစ္စရပ်များ၊ အစိုးရရေးရာကိစ္စများ၊ စာချုပ်ချုပ်ဆိုခြင်း၊ စာချုပ်အကြမ်းရေးဆွဲခြင်း၊ ဥပဒေရေးဆွဲခြင်း၊ တရားစွဲဆိုခြင်း၊ ခုံသမာဓိ၊ အလုပ်သမားရေးရာကဏ္ဍများ၊ လူဝင်မှုကြီးကျပ်ရေးရာကိစ္စများ၊ စီးပွားရေးဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များအတွက် အကြံပေးဖြေရှင်းပေးခြင်းများဆောင်ရွက်ပေးသည်။
ထို့အပြင် သယ်ယူပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ အာမခံ၊ လုပ်ငန်းရေးရာလေ့လာဆန်းစစ်မှုများ၊ ပိုင်ဆိုင်မှုကိစ္စရပ်များ၊ အိမ်ခြံမြေရေးရာ ကိစ္စရပ်များ၊ သွင်းကုန်/ထုတ်ကုန်၊ ကုန်သွယ်ရေးကိစ္စရပ်များစသည့် ကဏ္ဍအသီးသီးရှိ စီးပွားရေးလုပ်ငန်းအမျိုးမျိုး အတွက် ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်သည်။
“Law Firm တွေမှာက နိုင်ငံခြားတွေရော ပြည်တွင်းကရော ရှေ့နေတွေရှိတယ်။ ပြည်တွင်းရှေ့နေတွေက ကိုယ့်နိုင်ငံရဲ့ ဥပဒေတွေအပြင် သူတို့ဆီက ဥပဒေတွေလေ့လာရတယ်။ ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတွေကျတော့ ကျွန်တော်တို့ပြည်တွင်းက ရှေ့နေတွေက မလုပ်ဖူးဘူး။ အဲဒီလိုကြတော့ သူတို့နဲ့ပူးပေါင်းပြီး လုပ်တာမျိုးလိုအပ်တယ်။” ဦးကျော်ဟိုးကဆိုသည်။
ပြည်ပမှ Corporate Law Firm အများအနေဖြင့် ပြည်တွင်းရှေ့နေများနှင့် ပြည်ပအကြံပေးများကို တွဲဖက်ခန့်ထားလေ့ရှိပြီး နိုင်ငံတကာ Corporate Law Firm များတွင် လုပ်ကိုင်နေသော မြန်မာရှေ့နေများအနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံတကာဥပဒေများကိုပါ စနစ်တကျလေ့လာထားရသည်။
စာချုပ်စာတမ်းများဖြင့် စနစ်တကျ လုပ်ငန်းများလုပ်ကိုင်လေ့ရှိသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအတွက် Corporate Law Firm များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသော အနေအထားတွင်ရှိသည်။
“နိုင်ငံတကာမှကြတော့ လုပ်ငန်းစကတည်းကိုက MoU နဲ့စမယ်။ ပြီးတော့ JV၊ Partnership၊ Licensing ဘာပဲလုပ်လုပ် စာချုပ်တွေနဲ့ပဲသွားမယ်။ အဲဒီလိုစာချုပ်တွေနဲ့အလုပ်လုပ်တဲ့အခါကြတော့ Law Firm တွေရဲ့ အခန်းကဏ္ဍက ဥပဒေနဲ့အညီ အလုပ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတိုင်းအတွက် အလွန်အရေးပါတယ်။” ဟု ဦးမင်းတေဇညွန့်တင်က ဆိုသည်။
နိုင်ငံတကာလုပ်ငန်းကြီးများအတွက် အရေးပါလှသော Law Firm များသည် ပြည်တွင်းကလုပ်ငန်းရှင်များနှင့်မူ နီးစပ်မှုသိပ်မရှိပေ။ ပြည်တွင်းလုပ်ငန်းရှင်များသည် Corporate Law Firm များဖြင့် ချိတ်ဆက်လုပ်ကိုင်မှု နည်းပါးပြီး တစ်ဦးချင်းရှေ့နေများ၊ ပြည်တွင်းမှ အကုန်အကျသက်သာသော ဥပဒေကုမ္ပဏီငယ်လေးများနှင့် ချိတ်ဆက်လုပ်ကိုင်မှုပိုများသည်။
“ပြည်တွင်းကလုပ်ငန်းရှင်တွေက Law Firm တွေ ဘာတွေနဲ့ တွဲလုပ်တာမျိုးသိပ်မရှိဘူး။ ဒါတွေကလည်း အလေ့အထတွေနဲ့ဆိုင်ပါတယ်။ နှစ်ပေါင်း လေး ငါးဆယ်လောက်လည်း အဲဒီလို ကိစ္စမျိုးတွေနဲ့ အထိအတွေ့ မရှိခဲ့တာကြောင့်ဖြစ်မယ်ထင်တယ်။” ဟု ပြည်တွင်းစက်မှုလုပ်ငန်းတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်နောင်ကဆိုသည်။
ထို့အပြင်ပြည်တွင်းတွင် ကုမ္ပဏီ Registration လုပ်ငန်းပိုင်းအတွက် တာဝန်ယူဆောင်ရွက်ပေးနေသော Corporate Law Firm အလွန်နည်းပါးနေသေးပြီး ပြည်ပ Corporate Law Firm များမှာလည်း ဈေးနှုန်းမြင့်မားမှုကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် Corporate Law Firm များနှင့် ချိတ်ဆက်လုပ်ကိုင်မှု နည်းပါးခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“တကယ်တော့ Law Frirm တွေက အရမ်းအရေးပါတယ်။ အစိုးရဌာနတွေနဲ့ ဆက်ဆံရာမှာရော လုပ်ငန်းမှတ်ပုံတင်တဲ့ Process ဆောင်ရွက်ရာမှာရော စနစ်တကျနဲ့ ဆောင်ရွက်ပေးနိုင်တယ်။ ဒါပေမယ့် ပြည်တွင်းကုမ္ပဏီတွေအနေကတော့ Law Firm တွေနဲ့ ပူေးပါင်းဆောင်ရွက်တာ နည်းတယ်။” ဟု အမျိုးစားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဦးဝင်းလွင်ကဆိုသည်။
စိန်ခေါ်မှုများ
မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းများရှိနေသည်ဟု ဆိုသော်လည်း အမှန်တကယ်လာရောက်ရင်းနှီးမြှုပ်နှံမှုထက် သတိကြီးကြီးထား၍ စောင့်ကြည့်လေ့လာသူများက ပိုများနေအဖြင့် ပြည်တွင်း၊ ပြည်ပ Corporate Law Firm များအနေဖြင့် မျှော်လင့်ထားသလောက် အလုပ်မဖြစ်ကြသေးပေ။
ထို့အပြင် ပြည်ပမှ Law Firm များအနေဖြင့် အိမ်ခြံမြေဈေးနှုန်းမြင့်မားမှုများ၊ နိုင်ငံတကာစံချိန်မှီ မြန်မာရှေ့နေရှားပါးမှုများနှင့် ရင်ဆိုင်နေရသည်ဟု ဥရောပအအခြေစိုက် Audier & Partners Law Firm မှ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဥပဒေအကြံပေးအရာရှိ Mrs. Florence Grangerat က ပြောကြားသည်။
ထို့အပြင် ပွင့်လင်းမြင်သာမှုအားနည်းသော အစိုးရဌာနများနှင့် အချက်အလက် အမှန်များကို ပြင်ပသို့ မထုတ်ပြန်လိုသော မြန်မာကုမ္ပဏီများထံမှ သတင်းအချက်အလက်များရယူရာတွင်လည်း Law Firm များအားလုံး အခက်အခဲများကြုံတွေ့နေရသည်။
“Law Firm ဆိုပေမယ့် ဥပဒေတွေကြီးပဲဖတ်နေလို့မရဘူး။ အစိုးရဌာနတွေကို သွားပြီးတော့ အစိုးရအရာရှိတွေကို မေးရမြန်းရတာမျိုးရှိတယ်။ အဲဒီနေရာမျိုးမှာ သတင်းအချက်အလက်ရရှိဖို့က အခက်အခဲတွေရှိနေတယ်။” ဟု သူမကဆိုသည်။
မြန်မာနိုင်ငံ၏ Advocacy Act အရ ပြည်ပတွင် လိုင်စင်ရှိထားသော ရှေ့နေများအနေဖြင့် ပြည်တွင်းတွင် ရှေ့နေလုပ်ပိုင်ခွင့်မရှိပေ။ ထို့ကြောင့် နိုင်ငံတကာ Corporate Law Firm များတွင် ပြည်ပရှေ့နေများက Consultant လုပ်၍ မြန်မာရှေ့နေများကို ရှေ့နေအဖြစ် ပြန်လည်ငှားရမ်း အသုံးပြုရသည်။
“မြန်မာရှေ့နေအများစုက အင်္ဂလိပ်လို ပြောကြ ရေးကြတဲ့နေရာမှာ အားနည်းတယ်။ စီးပွာေးရးနဲ့သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ သိပ်မနီးစပ်ဘူး။ နိုင်ငံခြားကုမ္ပဏီကြီးတွေ ဝင်လာတဲ့အခါမှာ Licensing လုပ်တဲ့ စာချုပ်မျိုးတွေ၊ Partnership လုပ်တဲ့ စာချုပ်မျိုးတွေ၊ နိုင်ငံတကာအဆင့်မှီတဲ့ စာချုပ်တွေကို မြန်မာရှေ့နေတွေရေးဖို့ အခက်အခဲရှိတယ်။” ဟု ဦးမင်းတေဇညွန့်တင်ကဆိုသည်။
ပြည်တွင်းမှ Law Firm များ၏ အကျပ်အတည်း
ပြည်တွင်းတွင် Law Firm များရှိနေသော်လည်း သီးသန့် Corporate Law Firm အရေအတွက် မှာလည်း အလွန်နည်းပါးပြီး လုပ်ကိုင်နိုင်စွမ်းမှာလည်း အကန့်အသတ်များစွာရှိနေသည်။ ယင်းအနေအထားသည် လက်ရှိအချိန်တွင် ပြဿနာမရှိနိုင်သော်လည်း ရေရှည်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာ Corporate Law Firm များ ပိုမိုများပြားလာမည်ဆိုပါက အခက်အခဲများ အများအပြားရှိလာမည်ဖြစ်သည်။
“ရေရှည်မှာ Local Law Firm တွေအနေနဲ့ သူတို့အောက်ကို ဝင်မှာလား သူတို့နဲ့တွဲမှာလားဆိုတဲ့ အကြောင်းတရား နှစ်ရပ်ရှိတယ်။ မြန်မာတွေရဲ့ အဓိကပြဿနာက ပေါင်းရဲတဲ့ သတ္တိမရှိဘူး၊ ပြောင်းရဲတဲ့ သတ္တိလည်းမရှိဘူး။ ကိုယ်က Local မှာ ဘယ်လောက်အောင်မြင်နေပစေ နိုင်ငံတကာဈေးကွက်ထဲမှာ ဝင်နိုင်အောင်လို့ အပြင်နဲ့မပေါင်းလို့ကိုမရဘူး။” ဟု ဦးမင်းတေဇညွန့်တင် ကဆိုသည်။
နိုင်ငံတကာ Corporate Law Firm များ နေရာရလာချိန်တွင် ပြည်တွင်းမှ Corporate Law Firm များ အနေဖြင့် အရည်အသွေးပြည့်မှီအောင်ပြုလုပ်ပြီး နိုင်ငံတကာဈေးကွက်အတွင်းဝင်နိုင်ရန် နိုင်ငံတကာ Corporate Law Firm များ နှင့် ပူေးပါင်းဆောင်ရွက်ခြင်းများလည်းဆောင်ရွက်သင့်ကြောင်း ပြည်တွင်း Corporate Law Firm အသိုင်းအဝိုင်းမှ တာဝန်ရှိသူ အချို့က ဆိုကြသည်။
“ပေါင်းခြင်းဟာ အရှုံးပေးပြီးတော့ ဝကွက် ထိုးအပ်လိုက်တာမဟုတ်ဘူး။ ကိုယ်ကပေါင်းနိုင်တဲ့ အရည်အသွေးရှိအောင်လုပ်ရမယ်။ မဖြစ်မနေပေါင်းကိုပေါင်းရတော့မယ်။ မပေါင်းပဲနဲ့ ရပ်တည်လို့မှမရတာ။” ဟု ဦးမင်းတေဇညွန့်တင် ကဆိုသည်။
မျှော်လင့်ချက်များ
အမှန်တကယ် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများထက် ရင်းနှီးမြှုပ်နှံမယ့်သူများက မြန်မာပြည်သို့လာရောက်ရင်းနှီးမြှုပ်နှံရန် သတိထားစောင့်ကြည့်မှုများရှိနေသော်လည်း Corporate Law Firm များ အနေဖြင့်မူ အနာဂတ်ကာလတွင် ပိုမိုအခြေအနေကောင်းများဖြစ်ပေါ်လာမည်ဟု ယုံကြည်နေကြသည်။
“လက်ရှိမှာက အချိုးချကြည့်ရင် Clients ၅ ဦးလောက် လာဆွေးနွေးရင် တစ်ဦး သို့ နှစ် ဦးလောက်ပဲ အလုပ်တကယ်လုပ်ဖြစ်တယ်။ ကျန်တဲ့သူတွကတော့မေးမြန်းပြီးတော့ သတိထားစောင့်ကြည့်နေကြတုန်းပဲရှိသေးတယ်။” ဟု Mrs. Florence Grangerat က ဆိုသည်။
အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသူအများစုက ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လိုသော်လည်း တိုင်းပြည်အခြေနေကို စောင့်ကြည့်နေကြပြီး အိမ်နီးချင်းနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများကလည်း အာဆီယံစီးပွားရေးအသိုက်အဝန်းကာလ၊ ၂၀၁၅ ရွေးကောက်ပွဲစသည့် အကြောင်းအရာအမျိုးမျိုးကို စဉ်းစား၍ စောင့်ဆိုင်းနေမှုများရှိသည်။
“၂၀၁၅ ကို မျှော်လင့်တယ်။ ၂၀၁၅ ကိုစောင့်မယ်။ ဆိုတဲ့ စကားကို Client တစ်ယောက်နှစ်ယောက်ကပြောတာမဟုတ်ဘူး။ တော်တော်များများကပြောနေတာ။ Clients တွေက ပြောလာကြတဲ့အခါ Law Firm တွေကလည်း Clients တွေရဲ့စကားတွေကြောင့် ၂၀၁၅ ကို မျှော်လင့်နေကြတာပါ။” ဟု Mrs. Florence Grangerat က ဆိုသည်။
မည်သည့်အပြောင်းအလဲများဖြစ်ပေါ်လာမည်ကို မည်သူမျှ အတိအကျ မခန့်မှန်းနိုင်ကြသေးသော်လည်း ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အပြောင်းအလဲများကြောင့် အခွင့်လမ်းမဖြစ်နိုင်ပဲ စိန်ခေါ်မှုများသာ ဖြစ်လာနိုင်သည်ဟု တချို့ကဆိုသည်။
“လက်ရှိအချိန်မှာ ကျွန်တော်တို့အနေနဲ့ အခုချိန်မှာ နိုင်ငံတကာက Corporate Law Firm တွေနဲ့ယှဉ်နိုင်တယ်။ သို့သော် ၂၀၁၅ နောက်ပိုင်းကြရင်တော့ ယှဉ်နိုင်ဖို့ နည်းဗျူဟာအသစ်တွေထပ်ချရမယ်။ ဒါပေမယ့် တော်တော်လေးတော့ ရုံးကန်ရမယ့်အနေအထားဖြစ်တယ်။” ဟု ဦးမင်းတေဇညွန့်တင်ကဆိုသည်။
လက်ရှိ နိုင်ငံတကာ Corporate Law Firm များ မျှော်လင့်နေသော ၂၀၁၅ ဆိုသည်မှာ AEC Blue Print ကို အခြေခံကာခန့်မှန်းပြောဆိုနေခြင်းသာဖြစ်ပြီး လက်တွေ့ဖြစ်နိုင်ခြေ နည်းပါးကြောင်း ၎င်းကဆိုသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နိုင်ငံတကာမှ စိတ်ဝင်စားမှုများရှိနေဆဲဖြစ်သည်။ လာရောက်လေ့လာစုံစမ်းမှုများရှိနေသကဲ့သို့ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေဆဲ လုပ်ငန်းများကလည်းမနည်းပေ။ သို့သော် Corporate Law Firm အများစုကမူ လက်ရှိ အနေအထားကို အကောင်းမြင်ကြသည်။
“၂၀၁၅ မှာ ဘာဖြစ်မယ်တော့ သေချာမသိဘူးပေါ့။ ဒါပေမယ့် အခြေအနေပေါ်မူတည်ပြီးတော့ အကောင်းတွေဖြစ်လာမယ်လို့မျှော်လင့်တယ်။” ဟု Mrs. Florence Grangerat က ဆိုလေသည်။
ရဲဇွန်အောင်
ဇူလိုင်၊ ၂၀၁၄
The Voice Weekly