နိဒါန်း
တစ်ခုသောအချိန်ကာလ၌ ငယ်ရွယ်ပျိုမြစ်သည့် လူငယ်လေးတစ်ဦးသည် ဖခင်ဖြစ်သူဆုံးရှုံးခဲ့သည့် ရာဇပုလ္လင်ကို ပြန်လည်ရယူရန် တော်လှန်ရေးတစ်ရပ် ဦးဆောင်ဆင်နွဲလေသည်။ ကလေးဘဝတွင် မျက်မြင်ကြုံခဲ့ဖူးသည့် ဖခင်ဘုရင်ကြီး၏ ထီးနန်းနှင့် အသက်ဆုံးရှုံးမှုမှ သူ့အနေဖြင့် သင်ခန်းစာကောင်းများ ရယူနိုင်ခဲ့ပြီးဖြစ်၏။ သူတို့မျိုးရိုးသည် တက်ကြွပြီး သြဇာတိက္ကမနှင့်ပြည့်စုံသည့် မြောက်ပိုင်းမင်းဆက်များမှ တိုက်ရိုက်ဆင်းသက်လာကြသူများ ဖြစ်ကြသည်။ ဤအချက်ကြောင့်ပင်လျှင် သူ၏တန်ဖိုးနှင့် လက်စားချေလိုမှုကို တိုက်ပွဲများဖြင့် သက်သေပြခဲ့ခြင်းဖြစ်ချေမည်။ သူ့အနေဖြင့် ငယ်ရွယ်စဉ်မှာပင် တိုက်ပွဲပေါင်းမြောက်များစွာကို အနိုင်ယူနိုင်ခဲ့သကဲ့သို့ အနီးချုပ်စပ် ပဒေသရာဇ်နယ်မြေဒေသများကို ဦးဆောင်နေကြသည့် အရှိန်အဝါကြီးမားလှသော မိသားစုများ၏ သစ္စာခံမှုကိုလည်း ရယူနိုင်ခဲ့သည်။ တိုက်ပွဲများတစ်လျှောက် ၎င်းအား အဓိကပံ့ပိုးထောက်ခံပေးခဲ့သူမှာ မိခင်ဖြစ်သူကိုယ်တိုင် ဖြစ်၏။ မိခင်ဖြစ်သူ မိဘုရားကြီးသည် သားတော်ကို ပံ့ပိုးရင်း တခြားသော လူမမယ်သားငယ် နှစ်ဦးကိုလည်း ရက်စက်ကြမ်းတမ်းလှသည့် ရန်သူများ၏လက်မှ ကင်းဝေးစေရန် အားထုတ်ကြိုးပမ်းရသူ ဖြစ်၏။ မိဘုရားကြီးအနေဖြင့် အမျိုးသားများထက်ပင် ပိုမိုသာလွန်သော စိတ်အားထက်သန်မှု၊ ဂုဏ်သိက္ခာရှိမှု၊ စိတ်ဓာတ်ခိုင်မာမှုများဖြင့် သားကြီးဖြစ်သူကို အားပေးထောက်ခံခဲ့သည်။ အပြည့်အဝ မရင့်ကျက်သေးသော်ငြား ထီးနန်းကိုပြန်လည်ရယူနိုင်ရန် အင်တိုက်အားတိုက်ကြိုးပမ်းနေသည့် သားဖြစ်သူအတွက် သူမကိုယ်တိုင် တိုက်ပွဲများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွဲတိုက်ခိုက်ပေးခဲ့လေသည်။
ယခုဇာတ်လမ်းသည် စာရေးဆရာ ဂျော့ မာတင် ရေးသားခဲ့သည့် A song of Ice and Fire ဝတ္ထုများကိုအခြေခံကာ HBO ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည့် Game of Thrones ဇာတ်လမ်းတွဲကို ပြန်ပြောင်းပြောပြနေခြင်းဟု စာရှုသူတို့ ထင်မြင်ယူဆနိုင်သည်။ သို့သော်ငြားလည်း ယခုဇာတ်ကြောင်းသည် ဝက်စထရိုးစ် တို့၏ ဇာတ်လမ်းမဟုတ်ချေ။ အင်္ဂလန်နိုင်ငံတွင် ၁၄၆၁ ခုနှစ်က အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် အစစ်အမှန် သမိုင်းဖြစ်ရပ်တစ်ခုသာဖြစ်လေသည်။ ၎င်းခုနှစ်၏ မတ်လ ၂၄ ရက်နေ့တွင် ဗြိတိန်မြေပေါ်တွင် သွေးအစွန်းဆုံးတိုက်ပွဲကြီး တစ်ခု စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲကို “သွေးလွှမ်းသော မြက်ခင်း ” ဟု ခေါ်ဆိုကြပြီး မြောက်ပိုင်းဘုရင့်နိုင်ငံဟောင်းတည်ရှိရာ ယော့ခ်ရှိုင်းယားအရပ်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။ ပြင်းထန်သည့် နှင်းမုန်တိုင်းအကြားတွင် ကျားကုတ်ကျားခဲတိုက်ခိုက်ခဲ့ကြသည့် တိုတန်တိုက်ပွဲ သည် အရက်စက်ဆုံးနှင့် သတ်ဖြတ်မှုအများဆုံးတိုက်ပွဲအဖြစ် နောင်တွင်ထင်ရှားလေသည်။ ယင်းတိုက်ပွဲတစ်ခုတည်း အပြီးမှာပင် စစ်သည်သူရဲပေါင်း ၂၈၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြကြောင်း မှတ်တမ်းများက ဆိုကြ၏။ အဆိုပါအခိုက်အတန့်သည် ယင်းကာလများကဖြစ်ပျက်ခဲ့သည့် ၆ နှစ်ကြာ အကြမ်းဖက်လူသတ်ပွဲများ၏ အရှိန်အမြင့်ဆုံးအခိုက်အတန့်ဖြစ်ပြီး ယင်းတိုက်ပွဲသည် ဘုရင့်နိုင်ငံတော်၏ ရာဇပုလ္လင်ကို ဆက်ခံမည့်သူ မည်သူဖြစ်သည်ဆိုသည်ကို အဖြေထွက်သွားစေခဲ့သည့် အဆုံးအဖြတ်တိုက်ပွဲလည်း ဖြစ်ချေသည်။
၎င်းစစ်ကာလအတွင်း ရာဇပုလ္လင်ကို သိမ်းပိုက်ရန်အားထုတ်သူမှာ မာ့ချ်မှ သူကောင်းဘွဲ့ခံ အက်ဒွပ် ဆိုသူဖြစ်သည်။ ယော့ခ်အိမ်တော် မှ ၁၈ နှစ်အရွယ် အဆိုပါလူငယ်လေးသည် ဖခင်ဖြစ်သူ ရစ်ချတ် ခေါင်းဖြတ်အသတ်ခံရသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရသူလည်းဖြစ်၏။ အက်ဒွပ်သည် လန်ကက်စတာအိမ်တော် မှ ဆဌမမြောက် ဟင်နရီဘုရင် နှင့် မိဘုရားကြီး မာဂရက် တို့ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဟင်နရီဘုရင်သည် ရစ်ချတ်ကို ခေါင်းဖြတ်ခဲ့သူဖြစ်ပြီး ယင်းဖြစ်ရပ်ကြောင့် ယော့ခ်အိမ်တော်သားများ တော်လှန်ပုန်ကန်မှုဖြစ်ရပ် ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။
ဖခင်ဖြစ်သူနှင့် အကိုဖြစ်သူ အက်ဒ်မွန် တို့ ဝိတ်ခ်ဖီးလ်ဒ်အရပ် တွင် သတ်ဖြတ်ခံခဲ့ရပြီးသည့်နောက် ရက်သတ္တပတ်အတန်ကြာတွင် အက်ဒွပ်တစ်ယောက် ပုန်ကန်မှုကိုစတင်ခဲ့ခြင်း ဖြစ်သည်။ တမဟုတ်ခြင်းပင်လျှင် သူနှင့် နောက်လိုက်နောက်ပါများသည် ဝေးလ်စ်နယ်စပ်အနီးရှိ မော်တီမာလမ်းဆုံ ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ အက်ဒွပ်၏ ဖခင်ဖြစ်သူ ရစ်ချတ်သည် ကြီးကျယ်ခမ်းနားလှသည့် သမိုင်းဝင် စစ်သည်တော်ဘုရင်ကြီးတစ်ဦးဖြစ်သည့် တတိယမြောက် အက်ဒွပ်မှ ဆင်းသက်လာသည့် မျိုးဆက်ဝင်တစ်ဦးဖြစ်သည်။ ၁၄၅၀ ဝန်းကျင်ကာလများတွင် ထင်ရှားလာခဲ့ပြီး သြဇာတိက္ကမကြီးမားသူတစ်ယောက် ဖြစ်လာခဲ့သော်လည်း ရာဇပုလ္လင်ကိုတော့ဖြင့် ဆက်ခံခွင့်မရခဲ့ချေ။ သည့်အစား သူ၏အိပ်မက်မျှော်လင့်ချက်တို့ ပြက်ရယ်ပြုခံခဲ့ရကာ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့ ယော့ခ်မြို့လမ်းမပေါ်တွင် အိုးစားကွဲသွားခဲ့ခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။ ယင်းကြောင့်ပင် သားဖြစ်သူ အက်ဒွပ်က ဖခင်ဖြစ်သူ၏ အိပ်မက်များကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် ဖခင်ဖြစ်သူအတွက် လက်စားခြေရန် တော်လှန်ရေးတစ်ရပ်ဆင်နွဲခဲ့ခြင်းဖြစ်လေ၏။ ရင့်ကျက်လာသည်နှင့်အမျှ အက်ဒွပ်၏ အောင်ပွဲများသည် ပိုမိုကြီးမားလာခဲ့သော်လည်း ယင်းအောင်မြင်မှုများမှာ သူ၏ ကြင်ဖက်သတို့သမီးရွေးချယ်မှုကြောင့် အန္တရာယ်မသက်ရောက်ခင် အချိန်အထိသာ တာရှည်ခံခဲ့သည်။
ယင်းကာလက ယော့ခ်အိမ်တော်နှင့် လန်ကက်စတာအိမ်တော်တို့၏ အားပြိုင်မှုများသည် သူတို့ကိုယ်၌ကိုပင် ပြန်လည်ထိခိုက် အားယုတ်သွားစေခဲ့သည်။ မျိုးဆက် ၃ ၊ ၄ ခုစာမျှသော မျိုးနွယ်ဝင်များ၏ အလောင်းကောင်များနှင့် အရိုးစုများသည် အင်္ဂလန်အနှံ့အပြားရှိ တိုက်ပွဲနေရာများတွင် ပြန့်ကျဲနေခဲ့တော့သည်။ နာမည်ကျော် ကာဆင်စစ်ပွဲ သည် သူတို့အားလုံး၏ အဆုံးသတ် အခိုက်အတန့်ပင်။ အဆိုပါ နန်းမွေလုစစ်ပွဲများကြောင့် ယင်းကာလ နိုင်ငံတစ်ဝှမ်းရှိ ၂၅% သော မင်းမျိုးမင်းနွယ် အမျိုးသားတို့ ရက်ရက်စက်စက် အသတ်အဖြတ်ခံခဲ့ကြရပြီး တစ်ချို့သောအိမ်တော်များမှာ လုံးဝပြိုလဲပျက်ယွင်းသွားခဲ့ကြရသည်။ လက်စားခြေမှုများနှင့် စစ်ပွဲဥပဒေသများ၏ သက်ရောက်မှုပင်ဖြစ်ချေ၏။
ယခုဇာတ်လမ်းသည် နှောင်းခေတ်လူတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ပြဇာတ်ရေးဆရာ ဝီလီယံ ရှိတ်စပီးယားနှင့် ၁၉ ရာစု ဝတ္ထုရေးဆရာ ဝေါ်လ်တာ စကော့တို့၏ ဖန်တီးရေးဖွဲ့မှုများကြောင့်ဟု ဆိုနိုင်သည်။ မိသားစုနှစ်စု၏ ရန်ငြိုးနှင့် ရာဇပုလ္လင်လုပွဲကိုအခြေခံကာ စကော့ ရေးဖွဲ့ခဲ့သည့် “နှင်းဆီစစ်ပွဲ ” သည် လူကြိုက်များပြီး ထင်ရှားခဲ့သည်။ အဆိုပါစာအုပ်ပါ သမိုင်းအချက်အလက်များနှင့် ဇာတ်ကြောင်းများသည် ဂျော့ဂျ် မာတင်၏ စိတ်ကူးယဉ်ဇာတ်လမ်းအပေါ်လည်း ကြီးကြီးမားမား သက်ရောက်လွှမ်းမိုးနိုင်ခဲ့သည်ဟု ဆိုရမည်။ မာတင် ကိုယ်တိုင်ကလည်း အဆိုပါ ခေတ်ကာလက လူပုဂ္ဂိုလ်များနှင့် ဇာတ်ကြောင်းများကို နှစ်ခြိုက်သဘောကျသည့်အပြင် သူ့ဇာတ်လမ်းတွင် မြှုပ်နှံကာထည့်သွင်းရေးဖွဲ့ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ဖူးသည်။ A song of Ice and Fire သည် The Realm သို့မဟုတ် ဘုရင့်နိုင်ငံတော် ၇ ခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဝက်စထရို့စ်ကျွန်း တောင်ဘက်ခြမ်းရှိ နိုင်ငံရေးအခြေအနေကို အဓိက ဇာတ်လမ်းတည်ထားခြင်းဖြစ်သည်။ မာတင်၏ ဇာတ်လမ်းသည် အာဏာပိုင်စိုးမှုအတွက် ရာဇပုလ္လင်ကို သိမ်းပိုက်ရန် မိသားစုအသီးသီးက ကြိုးပမ်းနေကြပုံများကို ပြောပြနေသည်။ အဆိုပါမိသားစုများတွင် The Realm တွင် အကြွယ်ဝဆုံးမိသားစုဖြစ်ပြီး မြို့တော် King’s Landing ကိုထိမ်းချုပ်ခွင့်ရရှိထားသည့် လန်နစ္စတာမိသားစု ၊ မြောက်ပိုင်းဘုရင့်နိုင်ငံဟောင်းကို ဦးဆောင်သူများဖြစ်သည့် စတာ့ခ်မိသားစု နှင့် ပဝေသနီခေတ် နိုင်ငံတည်ထောင်သူ ဘိုးဘေးများ၏ အဆက်အနွယ်များဖြစ်သည့် ဘရာသီယွန်တို့ ပါဝင်နေကြ၏။ ဤသည်မှာပင် ရက်စက်သည်နှင့်အမျှ စိတ်ပျက်ဝမ်းနည်းဖွယ်ရာကောင်းလွန်းလှပြီး ရာဇပုလ္လင်အောင်ပွဲနှင့် သေခြင်းတရားတို့ထဲမှ တစ်ခုကိုသာ ရွေးချယ်ယှဉ်ကစားခွင့်ရှိနေသည့် ကမ္ဘာတစ်ခုအကြောင်း ဇာတ်လမ်းဖြစ်ပေသည်။
တခြားတစ်ဖက်တွင်လည်း Game of Thrones သည် ခမ်းနားလှသည့် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်သာမက အစစ်အမှန် Realm ဖြစ်သည့် အင်္ဂလန်နိုင်ငံ၏ သမိုင်းတစ်စိတ်တစ်ပိုင်းကို လှစ်ဟပြနေသည့် ပုံပမာတစ်ခုဟု ဆိုရပေမည်။ အဆိုပါဇာတ်လမ်းသည် မူရင်းစာရေးသူ၏ စိတ်ကူးဉာဏ်ကွန့်မြူးမှုဖြင့် ကမ္ဘာ့သမိုင်းကို တစ်နည်းတစ်ဖုံတင်ပြချက်ဖြစ်သည်။ နှင်းဆီစစ်ပွဲသာမက နှစ်တစ်ရာစစ်ပွဲ ၊ ခရူးဆိတ်စစ်ပွဲ ၊ နော်မန်အောင်ပွဲ ၊ ဥရောပနှင့် အရှေ့အနီးဒေသဝန်းကျင်မှ သမိုင်းအဖြစ်အပျက်များ၊ ရှေးဟောင်း ဂရိ၊ အီဂျစ်နှင့် ရောမတို့၏ ကမ္ဘာများ၊ အလယ်ခေတ်လူ့အဖွဲ့အစည်းဖြစ်တည်မှုများနှင့် ဉာဏ်သစ်ခေတ် ဖြစ်ပေါ်တိုးတက်မှုများကိုသာမက မော်ဒန်ခေတ်ဦးကမ္ဘာ အကြောင်းများကိုပါ ရောနှောယှက်နွယ်ရေးဖွဲ့ထားခြင်းဖြစ်ပေသည်။ ၅ ရာစုနှစ် ဆက်ဇွန်ကျူးကျော်မှု မှသည် နောင် နှစ် ၁၀၀၀ အကြာတွင်ဖြစ်ပျက်ခဲ့သည့် ယော့ခ်အိမ်တော်ကျရှုံးမှုများအထိ အင်္ဂလန်ရာဇပုလ္လင် အကျပ်အတည်းများနှင့် ဆက်နွယ်နေသည့်ဇာတ်ကြောင်းများကို ကိုးကား၍ စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးရေးဖွဲ့မှုဟု ဆိုနိုင်၏။
၁၉၉၃ ခုနှစ်တုန်းက မာတင်တစ်ယောက် စာအုပ်၏ ပထမမူကြမ်းအကြောင်းကို သူ၏ အေးဂျင့်ဖြစ်သူထံ စာလိပ်မူပေးပို့ အကြောင်းကြားစဉ်ကတည်းက ခုလို ရေးသားပြောဆိုခဲ့ဖူးသည်။ “ပူးပေါင်းကြံစည်မှုတွေ၊ တန်ပြန်ကြံစည်မှုတွေ၊ ရည်မှန်းချက်တွေ၊ သတ်ဖြတ်မှုတွေ၊ လက်စားချေမှုတွေနဲ့အတူ ဘုရင့်နိုင်ငံ ၇ ခုရဲ့ ရာဇပုလ္လင်ကို ကြီးမားတဲ့ဆုလာဘ်တစ်ခုအဖြစ် ဖန်တီးမယ်” ဟု သူက ဆိုခဲ့ခြင်းဖြစ်သည်။ သူဖန်တီးခဲ့သည့် ဝက်စထရို့စ်ဆိုသည်မှာလည်း နှိပ်စက်ကလူပြုမှုများ၊ လိင်အမြတ်ထုတ်မှုများ၊ ပြည့်တန်ဆာလုပ်ငန်းများ၊ သွေးသားရင်း လိင်ဆက်ယှက်မှုများ၊ လိင်တူဆက်ဆံမှုများနှင့် အဓမ္မပြုကျင့်မှုများ မသတီစရာကောင်းလောက်အောင် ထင်ဟပ်နေပြီး အစစ်အမှန်သမိုင်းအချက်အလက်နှင့် စိတ်ကူးယဉ်ဖန်တီးမှုတို့အကြားက ပုံရိပ်တစ်ခုဟု ဆိုနိုင်သည်။ အဆိုပါ စကားစုအပေါ် သမိုင်းပညာရှင်များ၏ အမြင်ကလည်း ထူးခြားသည်။ “အလယ်ခေတ် ဗြိတိန်ကျွန်းစုသမိုင်းထဲက အသိအမှတ်ပြုခံရဖို့ လျော့လျဲနေတဲ့ အချက်တွေကို ထင်ဟပ်ပြနိုင်ပြီးတော့ ၁၅ ရာစု နှင်းဆီစစ်ပွဲခေတ် အင်္ဂလန်နိုင်ငံရဲ့ အကြောင်းအရာတွေ လွှမ်းမိုးနေတဲ့ စကားလုံး” ဟု သုံးသပ်ခဲ့ကြသောကြောင့်ပင်။ မာတင်ရေးဖွဲ့ခဲ့သည့် ဇာတ်လမ်းသည် အကြွင်းမဲ့ သမစိတ္တဖြစ်သည့် ဇာတ်လမ်းတစ်ခုဖြစ်သည်။ သူ၏ ဇာတ်လမ်းတွင် မှန်ခြင်း မှားခြင်းမရှိချေ။ လူ့သဘော လူ့မနောကိုသာ အာရုံစိုက်ဖော်ပြနိုင်ရန် အားထုတ်ထားသည်။ ဤသည်မှာပင် Game of Thrones ၏ စိတ်ဝင်စားဖွယ်ရာအချက်ဟု ဆိုနိုင်ပေသည်။
Game of Thrones သည် သမိုင်းဖြစ်ရပ်များကို ကွယ်မြှုပ်၍ဖန်တီးထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်မှာ မှန်သော်လည်း တခြားတစ်ဖက်တွင်လည်း အာသာဘုရင်ကြီး နှင့် ခရီတီယန် ဒီ ထရိုင်းယက်စ်တို့ ကဲ့သို့သော ဥရောပ ဒဏ္ဍာရီဇာတ်လမ်းများကိုလည်း မှီငြမ်းကိုးကားထားပြန်သည်။ အလယ်ခေတ် ဥရောပကမ္ဘာအပေါ် နှောင်းလူတို့ ရှုမြင်ပုံကို ထင်ဟပ်ထားခြင်းဟုလည်း ဆိုကြ၏။ စိတ်ကူးယဉ်ဆန်းကြယ်ဇာတ်လမ်းများ၏ သဘောသဘာဝမှာ စာဖတ်သူနှင့် စာရေးဆရာတို့၏ အတွေးအမြင်ကို ပိုမိုလွတ်လပ်စေလေ့ရှိသည်။ သို့ဖြစ်ရာ Game of Thrones မှ မိမိတို့ရနိုင်မည့် အချက်မှာ “နှင်းဆီစစ်ပွဲအကြောင်းကို သမိုင်းနောက်ခံအချက်အလက် အနှောင်အဖွဲ့မပါပဲ ခမ်းနားစွာ ပြန်ပြောင်းပြောဆိုချက်” ဟု ဆိုကောင်းဆိုရမည် ထင်၏။ အကြောင်းမှာမူ သမိုင်းနောက်ခံအကြောင်းတရားများကို မှီငြမ်းကိုးကားထားသည်ဆိုသော်ငြား သမိုင်းဇာတ်ကောင်များနှင့် တစ်ထေရာတည်းကိုက်ညီသည့် ဇာတ်ဆောင်မျိုးကိုအတိအကျမြင်နိုင်မည်မဟုတ်သည့်အပြင် အဓိကနေရာဖြစ်သည့် ဝက်စထရို့စ်သည်လည်း အလယ်ခေတ်နှောင်းပိုင်း နိုင်ငံရေးအကျပ်အတည်းကာလ၊ အင်္ဂလန်နှင့် ပြင်သစ်တို့တွင် ပြည်တွင်းစစ်မီးများတောက်လောင်နေချိန်၊ အငတ်ဘေး၊ ပလိပ်ရောဂါ၊ လူမှုရေးနှင့် ဘာသာရေးကသောင်းကနင်းဖြစ်မှုများ ဖြစ်ပွားနေချိန် ဥရောပကို အခြေတည်ထားသည်။ သို့ဖြစ်ရာ ဝက်စ်ထရို့စ်သည် ၁၃၁၅ နှင့် ၁၄၆၁ အကြား ဥရောပ၏ မည်သည့်နေရာတွင်မဆို အခြေတည်ထားသည်ဟု မှတ်ယူနိုင်သည့် အနေအထားမျိုးဖြစ်၏။ ယင်းကြောင့်ပင် ဤဇာတ်လမ်းသည် ဥရောပသမိုင်း၏ နောက်ဖေးဘက်ခြမ်းမှ အဖြစ်အပျက်များကို တဖက်လှည့်ဖြင့် ဖော်ပြနိုင်သည့် သမိုင်းစာအုပ်မဟုတ်သော သမိုင်းဇာတ်လမ်းတစ်ခုဖြစ်နေခြင်းဖြစ်လေသည်။
XXXXXX
အလယ်ခေတ်တိုင်းပြည်များ၏ နိုင်ငံရေးအခြေအနေများသည် သိမ်မွေ့နက်နဲလေ့ရှိပြီး အားကောင်းသည့် ဘုရင်များက အထက်တန်းလွှာများနှင့် မင်းစိုးရာဇာများကို ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းအပေါ် အမြဲတစေ မှီတည်နေလေ့ရှိသည်။ သို့သော်လည်း ပြီးခဲ့သည့်ရာစုနှစ်၏ အလယ်ဗဟိုကာလများတွင် အင်္ဂလန်နိုင်ငံ၏ ရာဇပုလ္လင်ပေါ်၌ စိုးစံခဲ့သော သက်ဦးဆံပိုင်ဘုရင်များထဲမှ ၂ ဦးမှာ အရူးဘုရင်များဖြစ်နေ၏။ အကျိုးအကြောင်းမဆင်ခြင်တတ်ပဲ ကြောင့်ကျလွန်ကာ စိတ်ဖောက်ပြန်နေသည့် ကလေးအရွယ်ဘုရင် ဒုတိယမြောက် ရစ်ချတ် နှင့် ကျပ်မပြည့်သည့်အပြင် စိတ်ကစဉ့်ကလျားဝေဒနာပါ ခံစားနေရသည့် ဆဌမမြောက် ဟင်နရီတို့ ဖြစ်ကြသည်။ ယင်းကာလများသည် တော်လှန်ပုန်ကန်မှုများ အရှိန်အမြင့်ဆုံး အခိုက်အတန့်များ ဖြစ်ကြသည်။
အလားတူပင် Game of Thrones တွင်လည်း စိတ်အခြေအနေမူမမှန်ပဲ ဖောက်ပြန်သည့် အာဏာပိုင်များကို တော်လှန်ပုန်ကန်မှုများကို ပါရှိနေသည်။ ဝက်စထရို့စ်တွင် အရူးဘုရင် အေရီးစ် တာဂါရီယန် ကို ဖြုတ်ချကာ ဦးဆောင်ပုန်ကန်သူ ရောဘတ် ဘရာသီယွန် က အာဏာသိမ်းခဲ့သည်မဟုတ်ပါလော။ ရောဘတ်သည် လှပကျော့ရှင်းသလောက် ရက်စက်၍ အကြင်နာတရားကင်းမဲ့သော ဆာစီ လန်နစ္စတာ နှင့်လက်ထပ်ခဲ့သူဖြစ်သည်။ သူမသည် အလယ်ခေတ် သြဇာတိက္ကမကြီးမားလှသည့် အမျိုးသမီးများနည်းတူ လော်လည်ဖောက်ပြားတတ်သည်ဟု စွပ်စွဲခံရသူတစ်ဦးဖြစ်ပြီး သက်သေမခိုင်လုံသော်လည်း ရင်သွေး ၃ ဦးလုံးသည် အမွှာအကိုအရင်းဖြစ်သူ ဂျေမီ နှင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု သမုတ်ခြင်းလည်း ခံရ၏။ အထူးသဖြင့် အရူးဘုရင်တစ်ပါးဖြစ်လာမည့် ဂျော့ဖရေ မှာ ဆာစီနှင့် ဂျေမီတို့၏ ရင်သွေးဖြစ်သည်။
မြို့တော်ဖြစ်သည့် King’s landing အရပ်တွင် အဓိက အာဏာကို ကိုင်စွဲထားကြသူများမှာ စပိုင်ကွန်ယက်ကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်သည့် ဗရီးစ် ၊ ငွေရှင်ကြေးရှင်တစ်ဦးဖြစ်သကဲ့သို့ ဆောင်ကြာမြိုင်လုပ်ငန်းလုပ်ကိုင်သူ ပီတာ ဘေးလစ်ရှ် ၊ ဆာစီနှင့် ဂျေမီတို့၏ အကိုဖြစ်သူ တိုင်ရီယွန် လန်နစ္စတာ ၊ ရက်စက်တတ်ပြီး မင်းစိုးရာဇာအနွယ်တော် စစ်သည်တော်တစ်ဦးဖြစ်သည့်အပြင် လန်နစ္စတာမောင်နှမ ၃ ဦးတို့၏ ဖခင်ဖြစ်သူ တိုင်ဝိန်း လန်နစ္စတာတို့ ဖြစ်သည်။ ဘုရင် ၅ ပါးစစ်ပွဲ စတင်ချိန်တွင် သူတို့၏ နိုင်ငံရေးအာဏာသည် လန်နစ္စတာများ မြောက်ပိုင်းမှ စတာ့ခ်တို့ကို ရင်ဆိုင်နိုင်ရန်အတွက် အဓိကကျခဲ့သည်။
တကယ့်အပြင်လောကတွင်လည်း စတုတ္ထမြောက် အက်ဒွပ်ဘုရင် ၏ ဇာတ်ကြောင်းများသည် မာတင်၏ဇာတ်လမ်းထဲမှာ ရောဘတ် ဘရာသီယွန်နှင့် ရော့ဘ် စတာ့ခ် ကဲ့သို့သော ဇာတ်ကောင်များကို ဖန်တီးနိုင်စေမည့် စိတ်ကူးစိတ်သန်းမျိုး ပေါ်ထွက်အောင် အထောက်အကူပြုခဲ့သည်။ စတာ့ခ်တို့ကဲ့သို့ပင် အက်ဒွပ်၏ မျိုးနွယ်များဖြစ်သည့် မာ့ချ်တို့သည် မြောက်ပိုင်းရှိ ဆင်းရဲပြီး ရှေးကျသော အင်္ဂလို-ဆက်ဆွန်မျိုးနွယ် မင်းဆက်များမှ ဆင်းသက်လာကြသူများဖြစ်ကြသည်။ တိုင်းပြည်ကို မစုစည်းနိုင်ခင် ဘုရင့်နိုင်ငံ ၇ နိုင်ငံခေတ်တွင် သူတို့၏ နယ်မြေကို နော့သမ်ဘရီယာ ဟု ခေါ်ဆိုကြသည်။ အက်ဒွပ်သည် ရော့ဘ် စတာ့ခ်ကဲ့သို့ပင် တိုက်ပွဲတိုင်းကို အောင်နိုင်အောင် တိုက်ခိုက်နိုင်ခဲ့သလို ခန့်ညားပြီး အကြောက်အရွံ့ကင်းသည့် မိဘုရားကိုလည်း ပိုင်ဆိုင်ခဲ့သေးသည်။
ထိုခေတ်ထိုအခါက သွေးသံရဲရဲ နိုင်ငံရေးအားပြိုင်မှုများသည် အင်္ဂလန်နိုင်ငံ၏ အလယ်ခေတ်ကို အဆုံးသတ်သွားစေသကဲ့သို့ ခေတ်သစ်တစ်ခုကို စတင်ဖို့ တွန်းအားဖြစ်စေခဲ့၏။ ခေတ်သစ်ကို စတင်စေမည့် အဆုံးအဖြတ်အရာများသည် အရှေ့ဘက်မှ ရောက်ရှိလာခဲ့ပြီး ယင်းတို့မှာ သေနတ်ယမ်းများဖြစ်သည်။ Game of Thrones ဇာတ်လမ်းပါ နဂါးတို့ ရောက်ရှိလာပုံနှင့် နှိုင်းယှဉ်ချိန်ထိုး တွေးဆစရာပင်။ ခေတ်သစ်သည် နည်းပညာပိုမိုဖွံ့ဖြိုးလာခဲ့သည်နှင့်အမျှ ရက်စက်ကြမ်းကြုပ်မှုနှင့် မတည်ငြိမ်မှုများပိုလာခဲ့သည့်အလျောက် “အာဏာပိုင်မျိုးနွယ်တွေ ဖြုတ်ချခံရရင် အုတ်ဂူအတွင်းကလွဲပြီး ရောက်စရာနေရာမရှိ” ဆိုတဲ့ သမိုင်းဝင်မှတ်ချက်မျိုး သမုတ်ခံရသည်အထိ ဖြစ်လာခဲ့လေသည်။ တနည်းဆိုရလျှင်မူ ဆာစီက စတာ့ခ်ကို ပြောခဲ့သည့် စကားအတိုင်းဖြစ်လေ၏။ “ဒါက ရာဇပုလ္လင်ကို အပြိုင်လုကြတဲ့ကစားပွဲပါ။ ရှင် အနိုင်ယူမလား အသက်အသေခံမလား” ဟူသတတ်။
ဤနိုင်ငံရေးအကျပ်အတည်းကြီးသည် နှစ်တစ်နှစ်၏ အစဦးကာလ ရှည်လျားလှသော ဆောင်းရာသီတွင် စတင်ခဲ့လေသည်။
Iron, Fire, and Ice: The Real History that Inspired Game of Thrones
Book by Ed West
Chapter : Introduction
အလုပ်မရှိအကိုင်မရှိ
အားအားယားယား
အပျင်းပြေ
ရောက်တက်ရာရာ
မောင်မိုးဇွန်