ဘုရင့်နိုင်ငံတော်
“သေဆုံးခြင်းသမိုင်းကို မှင်ရည်ဖြင့် ပုံဖော်ရေးဖွဲ့ကြသော်ငြား အသက်သွေးဖြင့်သာ ရှင်သန်ခွင့်ကို ရနိုင်ပေမည်”
ရော့ဒ်ရစ်ခ် ဟာလော
အန်းလ်ဝစ်ခ်ရဲတိုက်သည် နယ်စပ်နယ်နိမိတ်တစ်လျှောက်ရှိ လူရိုင်းမျိုးနွယ်စုများ၏ တိုက်ခိုက်မှုများကို ခုခံရာတွင် ခံစစ်တန်း၏ ပထမဆုံးသောစည်းဟု ဆိုနိုင်သည်။ အမေ့ခံ ခံတပ်ကြီးကို တောင်စောင်းတစ်ခုပေါ်တွင် တည်ဆောက်ထားပြီး အင်္ဂလန်မြောက်ပိုင်းရှိ ချက်ဗယော့တ်တောင်တန်းဒေသတစ်လျှောက် အချက်အခြာလမ်းကြောင်းများကို ထိမ်းချုပ်နိုင်သည့် နေရာလည်းဖြစ်၏။ ခံတပ်မြို့တွင်းသို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းမှာ မျှော်စင်ခပ်မြင့်မြင့်ဖြင့် တွဲလျက်တည်ဆောက်ထားသော ဂိတ်ပေါက်ဝတွင် စစ်ဆေးခံပြီး ကျဉ်းမြောင်းသည့် လမ်းမှတဆင့် ဖြတ်သန်းသွားရန်သာရှိသည်။ နေ့စဉ်နှင့်အမျှ ကုန်စည်များကို သယ်ဆောင်လာကြသော ဝန်တင်မြင်းများနှင့် လူအပေါင်းတို့သည် အထက်ပါနည်းလမ်းအတိုင်းပင် ရဲတိုက်ထံသို့ လိုအပ်သည့် ကုန်စည်များကို ပို့ဆောင်ကြရသည်။ ကျူးကျော်သူများရောက်ရှိလာပြီး ကျေးရွာများကိုဖျက်ဆီးတိုက်ခိုက်ကာ အဓမ္မပြုကျင့်မှုများ၊ လုယက်သတ်ဖြတ်မှုများ ပြုလုပ်လာသည့်အခါတိုင်း ဒေသခံများသည် ရဲတိုက်ရှိရာသို့ စုဝေးထွက်ပြေးလာကြပြီး သူတို့၏ ရဲတိုက်အရှင်သခင်ထံမှ ကာကွယ်မှုကို ရယူကြသည်။
၁၁ ရာစုအတွင်း တည်ဆောက်ခဲ့ပြီး အင်္ဂလန်၏ မြောက်ဘက်အကျဆုံး နော်သမ်ဘာလန်အတွင်းပိုင်းတွင် တည်ရှိနေသော အန်းလ်ဝစ်ခ်ခံတပ်မှာ စကော့တလန်နယ်စပ်နှင့် မိုင် ၂၀ ဝန်းကျင်သာကွာဝေးပြီး တိုင်းရေးပြည်ရေးအခြေအနေများကြောင့် နိုင်ငံ၏အရေးအပါဆုံးနေရာအဖြစ် ပိုပိုထင်ရှားလာခဲ့သည်။ ရဲတိုက်ကို နှစ်အတန်ကြာအောင် အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး အဝင်ဂိတ်ဝကို ကာကွယ်ပေးနိုင်စေရန် ကြိုးဖြင့် အတင်အချပြုလုပ်ရသည့် ထူထဲလှသော သံကွန်ခြာတံခါး၊ အကာအကွယ်ကောင်းများဖြင့် ဖန်တီးထားသည့် သူရဲခို၊ ၂၁ ပေမြင့်ပြီး ကျုံးပေါ်တွင်တည်ရှိနေသည့် ကြိုးဆိုင်းတံတားနှင့် ၇ ပေ ထူသည့် တံတိုင်းတို့ကို ဖြည့်တင်းတည်ဆောက်ခဲ့သည်။ ပတ်ဝန်းကျင်ဧရိယာတွင်လည်း အဌဂံပုံသဏ္ဍာန်ရှိပြီး ကျောက်တုံးတို့ဖြင့် မွမ်းမံထားသည့် စောင့်ကြည့်မျှော်စင်တစ်ခု တည်ဆောက်ထားသေး၏။ အဆိုပါ မျှော်စင်တွင် ပါစီအိမ်တော်မှ ဆင်းသက်လာသည့် အနွယ်တော်တို့နှင့် လက်ဆက်ထားသည့် မင်းစိုးရာဇာမိသားစုများ နေထိုင်ကြသည်။
ခံတပ်၏ တည်ဆောက်ပုံအရ အကယ်၍အပြင်ဘက်အကျဆုံးတံခါးကို ကျူးကျော်သူများ ဖြိုဖျက်ဝင်လာနိုင်ခဲ့မည်ဆိုလျှင်ပင် ရန်သူများကို တုန်လှုပ်သွေးပျက်သွားစေနိုင်မည့် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သေးသည်။ ခံတပ်၏ အပြင်ဘက်ဝန်းအတွင်း မျှော်စင်မြင့် ၄ ခုရှိနေသည့်အတွက် ရန်သူများကို အမြင့်မှ မြှားများ၊ လှံများနှင့် ရေနွေးပူများ၊ ဆီပူများဖြင့်တိုက်ခိုက်နိုင်မည်ဖြစ်ပြီး နောက်ဆုံးအခြေအနေတွင် သစ္စာရှိလူယုံများက မျှော်စင်များ၏ အောက်ခြေတစ်ခုလုံးကို မီးတင်ရှို့ရန်အထိ စီစဉ်ထားသည်။ ရန်သူများအနေဖြင့် ထူထဲသည့်နံရံနှင့် မြှားမိုးရွာချမှုများအကြား ဘေးကျပ်နံကျပ် ခြေမှုန်းခံရစေရန် စီမံထားခြင်းဖြစ်၏။ ယင်းအပြင် အောက်ခြေရှိရန်သူများကို ပိုက်ကွန်များနှင့် ချုပ်နှောင်ဖမ်းယူပြီး မြေတိုက်အကျဉ်းခန်းထဲ ထည့်သွင်းထားနိုင်သေးသည်။ အဆုံးအစွန်အခြေအနေတွင် ခံတပ်ကျရှုံးသွားခဲ့လျှင်ပင် နောက်ဆုံးခံစစ်ကစားရန် နေရာ ၂ ခု ထပ်မံပြင်ဆင်ထားသေးသည်။ သို့ဖြစ်ရာ ပါစီအိမ်တော်၏ ခံတပ်ကြီးသည် မြောက်ဘက်နယ်နိမိတ်ကို ကာကွယ်ရန်နှင့် စောင့်ကြည့်ထိမ်းသိမ်းရန်အတွက် အကြီးမားဆုံးသော ပြင်ဆင်ထားရှိမှုကြီးဖြစ်လေသည်။
ဝက်စထရို့စ်ရှိ King’s Landing မှ ဝင်းတားဖောလ်၊ ထိုမှတဆင့် နံရံတံတိုင်းအပြင်ဘက်အထိ သွားရောက်နိုင်သည့် ဘုရင့်လမ်းမကြီးသည် တကယ့်လက်တွေ့သမိုင်းတွင် လန်ဒန်မှ အီဒင်ဘာ့ဂ်အထိ ဖောက်လုပ်ထားသည့် မြောက်ပိုင်းမဟာလမ်းမကို မှီငြမ်းထားခြင်းဖြစ်သည်။ အဆိုပါလမ်းမကို ဖြတ်သန်းသွားလာမည်ဆိုလျှင် မဖြစ်မနေ အန်းလ်ဝစ်ခ်ကို ဖြတ်သန်းရမည်ဖြစ်သည်။ ထိုခေတ်ထိုအခါကာလများက အန်းလ်ဝစ်ခ်ကို ထိမ်းချုပ်နိုင်သူများသည် စကော့တလန်သို့သွားရောက်ရာ လမ်းကြောင်းကို ထိမ်းချုပ်နိုင်သူများ ဖြစ်ခဲ့ကြသည်။ ယင်းကြောင့်ပင် အန်းလ်ဝစ်ခ်ကို ထိမ်းချုပ်ခွင့်ရထားသည့် ပါစီအိမ်တော်သည် ယင်းကာလများက စကော့တလန်နယ်စပ်နှင့် (အင်္ဂလန်နှင့် စကော့တလန်ကို ပိုင်းခြားပေးထားသည့်) ရောမခေတ် နံရံတံတိုင်းဟောင်းအပြင်ဘက်အထိ သြဇာလွှမ်းမိုးနိုင်ခဲ့လေသည်။
ပါစီအိမ်တော်သည် အင်္ဂလန်မြောက်ပိုင်း၏ ဦးဆောင်အာဏာပိုင်များဖြစ်လာခဲ့ပြီး အကယ်၍ စကော့တလန်တို့ ကျူးကျော်ဝင်ရောက်လာမည်ဆိုလျှင်ပင် ပါစီများဘက်ကမှ ဝင်ရောက်တိုက်ခိုက်ပေးမည့် သြဇာခံ မြောက်ပိုင်းဒေသ နောက်ထပ် ၅ ခု အထိ ရှိနေသေးသည်။ မြောက်ပိုင်းဒေသတွင် သြဇာကြီးမားသည့် တခြားသော မိသားစုအိမ်တော်များ တည်ရှိကြသော်လည်း ပါစီတို့သည် အင်အားအကြီးဆုံးနှင့် အထက်ဆုံးဟု ရည်ညွှန်းခံကြရသကဲ့သို့ မြောက်ပိုင်းဘုရင်များဟုလည်း သမုတ်ခံကြရ၏။ သမိုင်းပညာရှင် အလက်ဇန်းဒါး ရို့စ်၏အဆိုအရ ပါစီများအနေဖြင့် ကိုယ်ပိုင် ဥပဒေ၊ ကိုယ်ပိုင် စစ်တပ်၊ ကိုယ်ပိုင် ငွေကြေးဖြင့် တစ်စင်ထောင်လာကြရာ ဝက်စ်မင်နစ္စတာ (လန်ဒန်) အခြေစိုက် တောင်ပိုင်းအာဏာပိုင်တို့အတွက် ၎င်းတို့သည် ထိမ်းချုပ်ရခက်ခဲသည့် ပြိုင်ဘက်များဖြစ်လာကြသည်ဟု ဆိုသည်။
တကယ်တမ်းဆိုရမည်ဆိုလျှင် ပါစီအိမ်တော်သည်လည်း အင်္ဂလန်နိုင်ငံတစ်ဝှမ်းရှိ တခြားသော သြဇာတိက္ကမကြီးမားလှသည့် မိသားစုများကဲ့သို့ပင် ဒေသတွင်းမှာတင်မက ပြည်ပတွင်ပါ သြဇာလွှမ်းမိုးနိုင်ခဲ့ကြသည်။ ပထမဆုံး ပါစီမျိုးဆက်ဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ မန်းဖရက်ဒ် ဆိုသူသည် အေဒီ ၈၉၆ ခုနှစ်တွင် လုယက်မှုများကြောင့် ပြင်သစ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အဆိုပါနေရာတွင် ပါစီအိမ်တော်ကို ဆက်လက်တည်ထောင်ခဲ့သည်။ သူသည် ပြင်သစ်အနောက်ဘက်ကမ်းရှိ ဖရန်ရှားတွင် နယ်မြေထူထောင်ခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါအရပ်ကို နော်မန်ဒီဟု ခေါ်တွင်သည်။ ယင်းနောက်ပိုင်းတွင် ပြင်သစ်အနောက်မြောက်ပိုင်းဒေသများသို့ ပါစီနွယ်ဝင်များ ဆက်တိုက်ခြေချလာကြပြီး အောင်နိုင်သူ ဝီလီယံလက်ထက် ၁၀၆၆ ခုနှစ်တွင်မူ ဒေသတွင်းရှိ ပြင်သစ်စကားပြော အထက်တန်းလွှာများကို လုံးဝသုတ်သင်ဖယ်ရှားလိုက်တော့သည်။
ကြမ်းတမ်းပြီး အရိုင်းဆန်သည့် မြောက်ပိုင်းဒေသတွင် နယ်စားမြို့စား အငယ်စားများအနေဖြင့် ပါစီများ၏ သြဇာရိပ်သို့ ပိုမိုခိုဝင်လာကြပြီး ပါစီအိမ်တော်၏ အင်အားသည် ပိုမိုတန်ခိုးထွားလာခဲ့သည်။ နော်မန်စ်အနွယ်ဝင်တို့ အင်္ဂလန်ကျွန်းမကြီးသို့ရောက်ရှိပြီး မျိုးဆက် ၁၁ ခု အကြာတွင် သူတို့၏ မျိုးဆက်ဖြစ်သည့် ပါစီတို့သည် သူကောင်းမျိုးနွယ်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီး နော့သမ်ဘာလန်မှ သူကောင်းမျိုးများဟု ဘွဲ့အမည် အပ်နှင်းခြင်းခံခဲ့ရလေသည်။
ပါစီတို့အနေဖြင့် လူမုန်းများသည့် ကျူးကျော်သူများအဖြစ် ဒေသတွင်းအာဏာကို စတင်တည်ဆောက်ခဲ့ကြခြင်း ဖြစ်သော်လည်း နောင်တွင် ဤမြောက်ပိုင်းဒေသကို အင်မတန်ချစ်မြတ်နိုးသည့် ဦးဆောင်သူများဖြစ်လာခဲ့ကြတော့၏။ ယော့ခ်ရှိုင်းယားအရပ်တွင် စတင်ခြေချချိန်၌ သူတို့သည် တိုင်းပြည်၏ ခုနှစ်ခုမြောက် အကြီးမားဆုံး သီးစားမြေပိုင်ရှင်များ အဆင့်မှာသာ ရှိကြသေးသည်။ သို့သော်လည်း ဟင်နရီ ဒီ ပါစီသည် နှစ်အနည်းငယ်အကြာတွင် စကဲလ်တန်အရပ်မှ မှူးမတ်မျိုးတစ်ဦးဖြစ်သည့် ဒုတိယမြောက် အဒမ် ဒီ ဘရုပ်စ်၏ သမီးဖြစ်သူ အစ္စဘဲလ်နှင့် လက်ဆက်ခဲ့သည်။ အဆိုပါ လက်ထပ်မင်္ဂလာပွဲသည် ပါစီအတွက်သာမက နောက်မျိုးဆက်တစ်ခုလုံးအတွက်ပါ အကျိုးရှိစေခဲ့သည်မဟုတ်ပါလော။ ဒေသတွင်း ဖြေရှင်းစရာ အရေးကိစ္စတစ်စုံတစ်ရာပေါ်တိုင်း ပါစီနှင့် သူ၏မျိုးနွယ်တော်များသည် စကဲလ်တန်ရဲတိုက်သို့ သွားရောက်ကာ တိုင်ကြားဖြေရှင်းသည့် အလေ့အထပေါ်ပေါက်လာခဲ့သည်။ အဆိုပါအလေ့အထသည် ၁၆ ရာစုနှစ်ရောက်၍ ရှေးဟောင်းအလေ့အထများကို ပြုပြင်ပြောင်းလဲမှုမလုပ်ခင်အချိန်အထိ တာရှည်ခံခဲ့လေသည်။
သူတို့အနေဖြင့် ကြွယ်ဝပြီး အင်အားကောင်းလာရုံမျှသာမက လူထု၏ နှစ်လိုချစ်ခင်မှုကိုလည်း ပိုင်ဆိုင်လာကြသည်။ မြောက်ပိုင်းသားတို့သည် ပါစီ၏ လက်ရုံအောက်တွင် ရင်နှင့်ဖြစ်သည့် ကြည်ညိုနှစ်လိုစိတ်ဖြင့် စုရုံးဝင်ရောက်ကြည်သည်။ ထောင်နှင့်ချီသည့် နောက်လိုက်နောက်ပါများကြောင့် လန်ဒန်ရှိ ပြည့်ရှင်မင်းလျှင်ပင် သတိမူရသည့် အခြေအနေသို့ ဆိုက်ရောက်လေတော့သည်။ အထူးသဖြင့် မြောက်ပိုင်းသားတို့သည် တစ်ခါဘူးမျှ မြင်ဖူးတွေ့ဖူးခြင်းမရှိသည့်အပြင် ခရီးကလည်း အလှမ်းကွာလှသည့် လန်ဒန်မှ ပြည့်ရှင်မင်းထက် ဒေသကိုချစ်သည့် ပါစီတို့ကိုသာ ပိုမိုနှစ်လိုကြသည်မှာမဆန်း။ “သူတို့ (ပါစီ) တွေက မြောက်ပိုင်းသားတွေနဲ့ ဖျက်ဆီးမှုတွေအကြားကမှာ ရပ်နေတဲ့ နောက်ဆုံးလူတွေပါ။ ပါစီက ဒီဒေသခံတွေရဲ့ ဦးဆောင်သူ၊ ကာကွယ်သူ၊ တရားစီရင်သူနဲ့ ငြိမ်ဝပ်ပိပြားစေသူပါပဲ” လို့ သမိုင်းပညာရှင်များက မှတ်ချက်ပြုကြလေ၏။
ပါစီက သူ့နောက်လိုက်များကို အမြဲငဲ့ညှာစောင့်ရှောက်တတ်သည်။ ဤအချက်ကို သက်သေပြသနေသည်က တက္ကသိုလ်အဓိပတိထံ ဟင်နရီ ဒီ ပါစီရေးပို့သည့် မင်းခစားယောင်္ကျားအမှုထမ်းအတွက် ထောက်ခံစာပင်ဖြစ်သည်။ “ဆာ သောမတ် ဒီ ဟီတန်ရဲ့ သားဖြစ်သူ အယ်လင်းကို ကျွန်တော် စေလွှတ်လိုက်ပါတယ်။ သူက သူ့ရဲ့ လယ်မြေတွေကို ဆုံးရှုံးထားရသူပါ” လို့ ဖော်ပြထားပြီး ထိုခေတ် ထိုအခါက သူကောင်းမျိုးနွယ်တို့ပြုမူနေကျ မိမိကိုယ်ကို ချီးမြှောက်ရေးသားခြင်းမျိုးကို ရှောင်ရှားခဲ့သည်။ ပါစီ၏ သားဖြစ်သူမှာလည်း ပုန်ကန်ထကြွခဲ့ကြသည့် ဒေသခံများအရေးကို ဝင်ရောက်ဖြေရှင်းပေးဖူးသည်။ ပါစီ၏ စစ်သားများက ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ကာ ဘုရင့်ဂုဏ်သိက္ခာကို ကာကွယ်ခဲ့ကြခြင်းဖြစ်၏။ ငတ်မွတ်ခေါင်းပါးနေသည့် ကျေးလက်နေလူထုကို စားနပ်ရိက္ခာကူညီထောက်ပံ့ခြင်းသည် တောင်ပိုင်းမှ မူးမတ်မျိုးနွယ်များ လုပ်လေ့လုပ်ထရှိသည့် အပြုအမူမျိုးတော့ဖြင့် မဟုတ်ချေ။
ဤသို့နှင်ပင် ပါစီတစ်ယောက် ဒေသတွင်းတွင် ဂုဏ်သိက္ခာအရှိန်အဝါကြီးမားလာခဲ့ပြီး မာ့ချ်အရှေ့ပိုင်းဒေ၏ ကွပ်ကဲသူများ (Warden of East March) ထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ အဆိုပါပုဂ္ဂိုလ်များသည့် သြဇာတိက္ကမကြီးမားသူများဖြစ်ကြပြီး စကော့တလန်နယ်စပ်၏ အရှေ့ပိုင်းနယ်မြေကို ကာကွယ်ရသူများဖြစ်သည်။ ဝက်စထရို့စ်တို့၏ “နယ်စပ်ကိုဖြတ်ကျော်သည်နှင့် ဘုရင့်နာမတော်ကို ဦးထိပ်ပန်ဆင်ကာ မည်သည်သူကိုမဆို အတားအဆီး၊ အစစ်အဆေး၊ အမေးအမြန်း မရှိပဲ ဆောင်မြဲဓားကို ဆွဲကိုင်ခုတ်လွှဲရန် တာဝန်ရှိသူများ” နှင့် အတူတူပင်ဖြစ်သည်ဟု ဆိုနိုင်၏။ တကယ့်လူပုဂ္ဂိုလ်များမှာမူ ၁၂ ရာစု ပရက်စတန် ဥပဒေ၏ ပြဌာန်းချက်နှင့်အညီ ဥပဒေကိုချိုးဖေါက်သူများနှင့် အပြစ်ရှိသူများကိုသာ အရေးယူခွင့်ရှိသည်ကိုမူ သတိချပ်ရန်လိုပေသည်။
ဟင်နရီ ဒီ ပါစီနှင့်ပတ်သက်ပြီး လူသိအများဆုံး ကိစ္စများမှာ ၁၂၉၄ ခုနှစ်တွင် အိမ်တော်၏ သင်္ကေတအဖြစ် ခြင်္သေ့တစ်ကောင် မွေးမြူခဲ့ခြင်းနှင့် မူးမတ်သူရဲကောင်း အရွန်ဒယ်လ် (Earl of Arundel) ၏ သမီးဖြစ်သူ အယ်လီယေနော် (Eleanor) ကို ဒုတိယအိမ်ထောင်အဖြစ် လက်ထပ်ခဲ့ခြင်းတို့ပင်။ အရွန်ဒယ်လ်တို့သည် ဝဲလ်ရှ် (ဝေးလ်စ်) နယ်စပ်ရှိ အင်္ဂလို-နော်မန်နွယ်ဝင်မိသားစုဝင်များဖြစ်ကြပြီး သူတို့ကို အနီရောင်လွင်ပြင်မှ ရွှေခြင်္သေ့များဟု တင်စားကြသည်။ သူတို့၏ မျိုးရိုးအစဉ်အဆက်ကို ခြေရာခံမည်ဆိုပါမူ ပထမ ဟင်နရီဘုရင် (Henry I) ၏ မုဆိုးမ မိဘုရား အဒယ်လိုင်ဇာ (Adeliza) အထိ တော်စပ်မှုရှိသည်။ ပါစီတို့၏ ခြင်္သေ့မွေးစားမှုမှာ အရွန်ဒဲလ်တို့နှင့် သွေးသားတော်စပ်မှုကို ဖော်ပြရန်ဖြစ်ပြီး ပါစီမင်းဆက်၏ တည်ထောင်သူ ဂျု့စ်လန် ဒီ လူးဗန် (Joscelin de Louvain) ကို ဂုဏ်ပြုရန်လည်းဖြစ်သည်ဟု ဆိုကြသည်။ ဂျု့စ်လန်ကို ဖလန်းမစ်ရှ်တို့၏ ခြင်္သေ့ဟု ဆိုကြသည်မဟုတ်လား။
အိမ်တော်တံဆိပ်များနှင့် နိမိတ်လက္ခဏာများကို တိုက်ဆိုင်ဆင်ခြင်ယူမည်ဆိုရင် ဝက်စထရိုးစ်တို့၏ ဆစ်ဂျေးလ်စ် မိသားစု (The Sigils) သည် ပါစီအိမ်တော်နှင့် အကျိုးအကြောင့်သင့်လျော်စွာ နှိုင်းယှဉ်နိုင်သည့် အခြေအနေတွင်ရှိ၏။ တံဆိပ်တော်တို့သည် အလယ်ခေတ်ကာလများတွင် အလွန်အရေးပါအရာရောက်သည့်အရာများ ဖြစ်ကြသည်။ ဒီကနေ့ခေတ်တွင် မိမိဖခင် ဘယ်သူဘယ်ဝါဆိုသည်ကို ပြောပြသည်မျိုးနှင့် ဆင်တူမည်။ ဝက်စထရိုးစ်တို့၏ သြဇာတိက္ကမအကြီမားဆုံး မိသားစုကြီးသည် မျိုးနွယ်သမိုင်းကို ပြန်လှန်သည့်အခါ ရှေးဟောင်းကမ္ဘာမှ တစ်စိတ်တစ်ပိုင်းအားဖြင့် ဒဏ္ဍာရီနှင့်နွယ်ဆက်နေသည့် ခေတ်ဟောင်းမင်းများနှင့် ပတ်သက်မှုရှိနေခြင်းသည်ပင်လျင် ပါစီတို့နှင့် ဆင်တူမှုကို ပိုအားကောင်းစေသည်မဟုတ်ပါလော။ ပါစီတို့သည်လည်း ဝက်ဆက်စ် (Wessex)၊ မားရှား (Mercia) နှင့် နော်သမ်ဘရီးယားတို့မှ ရှေးဟောင်းမင်းဆက်များနှင့် အမျိုးအဆွေတော်စပ်မှုရှိကြသူများပင်။ သူတို့အားလုံးသည် နော်မန်ဒီတို့ဘက်မှ မြို့စားကြီး ဝီလီယံ၏ တိုက်ခိုက်ကျူးကျော်မှုအောက်တွင် စင်းစင်းဝပ်ကျရှုံးသွားကြရသူများ ဖြစ်ကြလေသည်။ မျိုးနွယ်စုတို့သည် သူတို့၏ အရေးပါသည့် သမိုင်းကြောင်းများကို အောင်နိုင်သူတို့၏ မှတ်တမ်းများနှင့်ပေါင်းစပ်ကာ လက်ဆင့်ကမ်းအမွေခံလာခဲ့ကြရင်း အလယ်ခေတ်တိုင် ရောက်ခဲ့လေတော့သည်။
အိမ်တော်တံဆိပ်တော်အကြောင်း ပြန်ဆက်ရမည်ဆိုမူ အဆိုပါအမှတ်အသားသည် အရောင်ကာလာနှင့် ဒီဇိုင်းပုံစံတစ်ခု ဆိုသည်ထက် များစွာ ပို၏။ အထက်တွင် ရည်ညွှန်းခဲ့သလိုပင် မိမိတို့၏ ဖခင်မည်သူဖြစ်သည်ကို ညွှန်ပြနေသည့် အမှတ်အသားတစ်ခု၊ နှောင်းလူတို့လက်ဆင့်ကမ်းလာသည့် မိသားစုတစ်ခုကို သမိုင်းကြောင်းဟု ဆိုရမည်။ တိုက်ပွဲကြီးငယ်တို့တွင် စိတ်ခွန်အားပေးရာ အမှတ်သညာတစ်ခုဖြစ်လာသည်။ ဆိုစကားပင်ရှိသည်မဟုတ်လား “မိသားစုတံဆိပ်တော်ဟူသည် မျိုးကောင်းရိုးကောင်းမှ ဆင်းသက်လာသည့် သူရဲကောင်းတစ်ဦးအတွက် ရှေးလူတို့၏ ရဲစွမ်းသတ္တိကို ဆက်ခံရယူရန်နှင့် မိသားစု၏ ဂုဏ်သိက္ခာကို မမေ့မလျော့ပဲ ကိုယ်တိုင် ရဲရင့်လာစေရန် တိုက်ပွဲအတွင်း ရဲဆေးတင်ပေးသည့်အရာ” ဟူသတတ်။
သမိုင်းမှတ်တမ်းများအရ ဟင်နရီ ဒီ ပါစီ (Henry Percy, 1st Baron Percy) ကို ၁၂၇၃ ခုနှစ်တွင် ဖွားမြင်သည်။ သူ၏ ဦးလေး ၆ ဦးလုံးမှာ ကလေးအဖတ်မတင်ခဲ့ကြသလို သူ၏ မွေးချင်း ၂ ဦးမှာလည်း အကြောင်းအရင်း သေချာစွာမသိရပဲ ဆုံပါးသွားခဲ့သောကြောင့် မိသားစု၏ အရေးအပါဆုံးဘဝကို ငယ်ငယ်ရွယ်ရွယ်မှာတင် ရရှိခဲ့သူပင်။ မိခင်ဘက်မှ အဘိုးဖြစ်သူမှာ ဆာရေးအရပ်မှ မူးမတ်သူရဲကောင်း ဂျွန် ဒီ ဝါရန်းန် (John de Warenne, Earl of Surrey) ဖြစ်ပြီး တော်ဝင်အမိန့်စာချွန်ဖြင့် ဂုဏ်ပြုခံထားရသည့် သြဇာတိက္ကမကြီးမားသူတစ်ဦးဖြစ်သည်။
အန်းလ်ဝစ်ခ် ရဲတိုက်ကို နော်မန်တို့ကျူးကျော်စဉ်ကာလမှစပြီး မျိုးဆက်အလိုက် လက်ဆင့်ကမ်းတိုးချဲ့တည်ဆောက်လာကြခြင်းဖြစ်သည်။ ယခင်းကာလများအတွင်း ဗြိတိန်တစ်ဝှမ်းတွင် ရဲတိုက်ခံတပ်ပေါင်း ၅၀၀ ဝန်းကျင်လောက် ပေါ်ထွန်းလာခဲ့သည်။ စကော့ထ်တို့ တွိဒ်မြစ် (River Tweed) ကို ဖြတ်ကျော်ကာ ကျူးကျော်တိုက်ခိုက်ချိန်တွင် ကြံ့ကြံ့ခံခုခံနိုင်ခဲ့မှုကြောင့် စတင်ထင်ရှားလာခဲ့ခြင်းဖြစ်သည်။ ထိုခေတ် ထိုအခါက ခေတ်စားခဲ့သည့် Motte-and-bailey castle အမျိုးအစားဖြစ်သည်။ Motte-and-bailey ဆိုသည်မှာ အလယ်ခေတ် ခံစစ်နည်းဗျူဟာတစ်ခုဖြစ်ပြီး ကျောက်တုန်းဖြင့်တည်ဆောက်ထားသည့် ဗဟိုမျှော်စင်ခံတပ် (Motte) ကို ကျယ်ပြောသည့် ခြံဝန်း (Bailey) ဖြင့် ကာကွယ်ထားခြင်းဖြစ်သည်။ ဒီ ပါစီက အဆိုပါခံတပ်ကို ကျူံးတူးမြောင်းထပ်ဖြည့်ပြီး ပတ်ပတ်လည်တွင် မျှော်စင်အသစ်များ ထပ်မံတည်ဆောက်ခဲ့သည်။ ယင်းကြောင့် ရှေးဟောင်းခံတပ်များထက် တိုက်ခိုက်နိုင်စွမ်းရော ကာကွယ်နိုင်စွမ်းပါ ပိုထိရောက်လာသည်။ အဝင်ဝ သံကွန်ယက်တံခါးမကြီး၊ ကြိုးဆွဲတံတားနှင့် အသေးစား ခံတပ်ငယ် ၈ ခုကိုပါ ထပ်တိုးချဲ့ခဲ့သည့်အခါ ထိုခေတ်ထိုအခါက နည်းပညာအမြင့်မားဆုံး ခံတပ်ဧရိယာကြီးဖြစ်လာခဲ့တော့သည်။ မြစ်ကြောင်းပေါ်ရှိ ကျွန်းကမူလေးပေါ်တွင် တည်ဆောက်ထားသည့်ခံတပ် ဖြစ်သည့်အားလျော်စွာ သဘာဝတရားကြီး၏ အကူအညီကိုလည်း ရရှိပြန်၏။ ယင်းကြောင့် အဆိုပါ ခံတပ်သည် ကျူးကျော်သူ ၆၀၀ ကို အစောင့် ၁၆ ယောက် ဖြင့် အသာတကြည်ကာကွယ်နိုင်စွမ်းရှိသည်ဟု ဆိုကြလေသည်။
တစ်ဖက်တွင်မူ ပါစီ၏ သက်တမ်းတစ်လျှောက်လုံးတွင် အင်္ဂလန်ပြည့်ရှင်နှင့် စကောတလန်ဘုရင်တို့အကြား ဆက်ဆံရေးသည် တနေ့တခြား ပိုမိုဆိုးရွားလာနေခဲ့သည်။ ယင်းကြောင့် ပါစီအနေဖြင့် နယ်စပ်မျဉ်းတစ်လျှောက်တွင် နှစ်ပေါင်း၂၀ နီးပါး တိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့ရ၏။ ပုန်ကန်သူများကို နှိမ်နင်းရသည့်အပြင် မြောက်ပိုင်းမှ ကျူးကျော်သူများကိုလည်း ကာကွယ်ရသေးသည်။ ယင်းကြောင့်ပင် ၁၂၉၆ ခုနှစ်တွင် ဒီ ပါစီတစ်ယောက် အက်ဒွပ်ဘုရင်ထံမှ သူရဲကောင်းဘွဲ့ (Knight) ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ်လေသည်။ အဆိုပါဘွဲ့သည် စကော့တလန်တို့၏ အကြီးဆုံးမြို့ဖြစ်သည့် ဘားဝစ်ခ် (Berwick) ကို ကိုယ်ပိုင်စစ်တပ်ဖြင့် ဝန်းရံနိုင်ခဲ့ပြီးနောက် ၃ နှစ်အကြာတွင်ဖြစ်လေ၏။
နယ်စပ်ဖြတ်ကျော်စစ်ပွဲများသည် တန်ဖိုးကြီးမားတတ်ကြစမြဲပင်။ ၁၃၀၇ ခုနှစ်တွင် ဖြစ်သည်။ ကားရစ်ခ်အရပ် (Carrick) ရှိ ထမ်းဘယ်ရီ ရဲတိုက်တွင် ဒီ ပါစီနှင့် သူ၏ နောက်လိုက်နောက်ပါ ၃၀၀ တို့ ရှိနေချိန်တွင် ဘရု့စ်မှ ရောဘတ် (Robert the Bruce) ဦးဆောင်သည့် စကော့တလန်တို့၏ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရလေတော့သည်။ တိုက်ပွဲသည် အတော်ပင် ပြင်းထန်ဆိုးရွားရက်စက်လွန်းခဲ့ပြီး အဆိုပါတိုက်ပွဲပြီးစီးချိန်ကတည်းက ဒီ ပါစီတစ်ယောက် စကော့တလန်ဘက်သို့ ခြေပင်မလှမ်းရဲလောက်အောင် ကြောက်ရွံ့သွားခဲ့သည်ဟု ဆိုကြလေ၏။
၁၃၁၄ ခုနှစ်၌ နော်သမ်ဘရီယာသို့ ချဉ်းကပ်တိုးဝင်လာနေသည့် ဆောင်းဦးရာသီသည် အလွန်ပင် အေးစက်ပြင်းထန်လှသည်။ ပါစီအတွက်တော့ ဆောင်းဦးသည် မအေးမြနိုင်။ ပြည့်ရှင်မင်း၏ တစ်ချက်လွှတ် ဖိအားပေးအမိန့်အရ နယူးကာဆယ် (Newcastle) နှင့် မြောက်ပိုင်းဒေသများကို ကာကွယ်ရန် တာဝန်ကျလာသည်။ ယင်းသည် ပါစီ၏ နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲ၏ အရှိန်အတက်ဆုံးအချိန်ဖြစ်သည့် အောက်တိုဘာလအတွင်းတွင် စကော့တလန်မြင်းသည်တော်များ၏ လက်ချက်ဖြင့် ပါစီတစ်ယောက် အသက်ပေးလိုက်ရသောကြောင့်ပင်။ ထိုအချိန်တွင် ပါစီ၏ အသက်မှာ ၄၁ နှစ်အရွယ်သာရှိသေးသည်။
သူ သေဆုံးသွားသော်ငြား သူ၏ အိမ်တော်မှာ ဆက်လက်ရှင်သန်ခဲ့သည်။ ပိုမိုအားကောင်းလာခဲ့သည် တိုင်ဝိန်း လန်နစ္စတာ ပြောခဲ့သလိုပင်။ “ငါသေသွားခဲ့ပြီး အချိန်တွေ အများကြီးကြာတဲ့အခါ မင်းရယ်၊ မင်းညီရယ်၊ မင်းညီမရယ်၊ သူတို့ရဲ့ ကလေးတွေရယ်လည်း သေသွားပြီးတဲ့နောက်မှာ ငါတို့အားလုံး မြေကြီးထဲမှာ ပုပ်သိုးဆွေးမြေ့သွားလိမ့်မယ်။ ဒီမိသားစုရဲ့ နာမည်ကတော့ ရှင်သန်နေရမယ်။ မင်းတို့ရဲ့ ပုဂ္ဂိလိကအောင်မြင်မှုတွေ ဂုဏ်သိက္ခာတွေမဟုတ်ဘူး။ ဒီမိသားစုနာမည် ရှင်ကျန်နေရမယ်” ဟူသတတ်။
၁၂၉၀ နှင့် ၁၃၀၀ ပြည့်နှစ်အကြားကာလတွင် ၁၃၆ ဦးသော မှူးမတ်တို့ နန်းတော်သို့ ဆင့်ခေါ်ခံခဲ့ရသည်။ ၁၅၀၀ ပြည့်နှစ်သို့ရောက်သည့်အခါ ယင်းတို့ထဲမှာ ၁၆ ဦး၏ အိမ်တော်များသာ ရှင်သန်ကျန်ရစ်ခဲ့ကြ၏။ ယင်းထဲတွင် ပါစီအိမ်တော်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ပါစီအိမ်တော်သားများသည် ယနေ့ခေတ်တိုင် တည်ရှိနေကြဆဲ၊ မိသားစုတံဆိပ်အောက်တွင် စုရုံးနေကြဆဲ။ သူတို့သည် တစ်နှစ်လျှင် ၆ လ အန်းလ်ဝစ်ခ်တွင်လာရောက်နေထိုင်ကြသည်။ ရဲတိုက်တွင် ရုပ်ရှင်ရိုက်ကူးရန် ငှားရမ်းကြသည်။ ယင်းမှရရှိသည့် ရန်ပုံငွေဖြင့် ရဲတိုက်ကို ပြုပြင်ထိမ်းသိမ်းရင်း ယနေ့တိုင်တည်ရှိနေကြဆဲ။ ဟယ်ရီ ပေါ်တာ (Harry Potter) ရုပ်ရှင်စီးရီးကို ကြိုက်နှစ်သက်ကြသည့် ပရိတ်သတ်များတော့ မှတ်မိကြမည်ထင်သည်။ ဟော့ဂ်ဝစ် ကျောင်းတော် (Hogwarts School of Witchcraft and Wizardry) ဆိုသည်မှာ ဟင်နရီ ဒီ ပါစီ၏ အန်းလ်ဝစ်ခ် ရဲတိုက်ပင် ဖြစ်လေသည်။
The Real History that Inspired Game of Thrones
Book by Ed West
Chapter : The Realm
အလုပ်မရှိအကိုင်မရှိ
အားအားယားယား
အပျင်းပြေ
ရောက်တက်ရာရာ
မောင်မိုးဇွန်