တစောင်းခါးကြော် ပူပူလေးကို ထမင်းဖြူနွေးနွေးလေးနဲ့ စားလိုက်ရတဲ့ အရသာက အတော်လေးကို ခံတွင်းတွေ့တတာပါ။ တစောင်းချဉ်လည်း ရှိသလို အခါးကြိုက်သူတွေအတွက်ကတော့ တစောင်းခါးကို ပိုကြိုက်ကြပါတယ်။ တစောင်းခါးကို အညာစာ ကြိုက်သူတော်တော်များများလည်း နှစ်သက်ကြပါတယ်။ အရသာက ခါးသက်သက်ဆိုပေမယ့် တော်တော်လေး ထမင်းမြိန်စေတဲ့ အစားအစာ တစ်မျိုးပါ။
ဒီတစ်ခေါက်တော့ ထမင်းမြိန်စေတဲ့ တစောင်းခါးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲဆိုတာ ပြောပြပေးချင်ပါတယ်။
တစောင်းခါး ဆိုတာ
တစောင်းခါး ဆိုတာက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အရွက်လေးတွေက ရှားစောင်းလက်ပပ်ပင်လိုပဲ အထဲမှာ အနှစ်သားလေးတွေပါတဲ့ အစိမ်းရောင် ရှည်ရှည် အတောင့်လေးတွေပါ။ ဘေးအနားသတ်လေးတွေမှာ ဆူးလေးတွေပါတတ်ပါတယ်။ မြေမှာကပ်ပေါက်တတ်တဲ့ အပင်ငယ် တစ်မျိုးပါ။ အရသာက ဖန်ခါးခါးလေးပါ။
တစောင်းခါးမှကရနိုင်မယ့် အာဟာရဓာတ်တွေက ဘာတွေလဲ!
အရသာ ခါးသက်သက်လေး ရှိတဲ့ တစောင်းခါးမှာ
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း
- ကယ်လ်ဆီယမ်
- မဂ္ဂနီဆီယမ်
- ပိုတက်ဆီယမ်
- အမျှင်ဓာတ်
- ရေဓာတ်တို့ ပါဝင်နေပါတယ်။
တစောင်းခါး ကျန်းမာစေဖို့ ထောက်ကူပေးသလား!
တစောင်းခါးက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။
- ဝိတ်ကျစေနိုင်တယ် – တစောင်းခါးက အမျှင်ဓာတ် ကြွယ်ဝသလို ရေဓာတ်လည်း ပြည့်ပြည့်ဝဝ ပါဝင်နေပါတယ်။ အဆာခံစေနိုင်ပြီး ကိုယ်တွင်းအဆီတွေကိုလည်း လောင်ကျွမ်းစေနိုင်တာကြောင့် ဝိတ်ချချင်သူတွေ စားသုံးပေးလို့ ရပါတယ်။ တစောင်းခါး မှာ အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ အင်ဇိုင်းတွေလည်း ပါပါတယ်။
- အင်အားပြည့်စေတယ် – တစောင်းခါးမှာ ကာဗိုဟိုက်ဒရိတ် ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။
- သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ် – တစောင်းခါးမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အင်ဇိုင်းနဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့အတွက် စားပေးလို့ ရပါတယ်။ ဆေးသောက်နေရတယ်ဆိုရင်တော့ အများကြီးမစားပါနဲ့။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ် – တစောင်းခါးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာက ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေလှပစေတယ်။
- ကျောက်ကပ် ကျန်းမာစေတယ် – ကျောက်ကပ်က ကိုယ်တွင်းက အညစ်အကြေးတွေ၊ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ တစောင်းခါးမှာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကျောက်ကပ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
- မျိုးအောင်နိုင်ခြေ မြင့်စေတယ် – တစောင်းခါးက အဆီတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အမျိုးသားတွေမှာ သုက်ပိုးပမာဏ တိုးစေဖို့ လုပ်ဆောင်ပေးသလို သုက်ပိုးတွေကို ဓာတ်တိုးပျက်စီးတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
- အသည်း ကျန်းမာစေတယ် – တစောင်းခါးက အသည်းမှာ အဆီတွေစုတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အသည်းဆဲလ်တွေ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။
- ကြွက်သားကျန်းမာစေတယ် – တစောင်းခါးက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေသလို ကိုယ်အလေးချိန်ကို ချပေးပြီး အဆီတွေကျစေတာက ကြွက်သားတက်စေဖို့ ထောက်ကူပေးပါတယ်။ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာက ကြွက်သားတွေကို ပြေလျော့စေပြီး ကြွက်တက်တာမျိုး မဖြစ်စေဖို့ရော ကြွက်သားဒဏ်ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ပါ ထောက်ကူပေးပါတယ်။
- အစာခြေစနစ် ကျန်းမာစေတယ် – အမျှင်ဓာတ် ပါဝင်နေတာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေသလို အူတွေရဲ့ အာဟာရစုပ်ယူနိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။
- သွေးတွင်းအဆီ ကျစေတယ် – တစောင်းခါးမှာ ပါတဲ့ အမျှင်ဓာတ်က သည်းခြေရည် ထွက်ရှိစေဖို့ ထောက်ကူပေးပြီး သွေးတွင်းမှာ အဆီဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးတွင်းအဆီများသူတွေ စားပေးလို့ ရပါတယ်။
- ဘက်တီးရီးယားတွေ တိုက်ဖျက်ပေးတယ် – တစောင်းခါးက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး မှိုပိုးတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။
- နှလုံးကျန်းမာစေတယ် – ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ထောက်ကူပေးသလို သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကြွက်သားတွေ သန်မာစေဖို့ ထောက်ကူပေးပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
တစောင်းခါးက လူတိုင်းနဲ့ တည့်ပေမယ့် ဓာတ်မတည့်မှု ခံစားရဖူးသူတွေ၊ ရောဂါအခံ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးပါ။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုင်မိခင်တွေရောပါ။
ဘာတွေသတိထားရမလဲ
တစောင်းခါးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် အလွန်အကျွံ စားမယ်ဆိုရင်တော့
- လေထိုးလေအောင့်တာ
- ဝမ်းချုပ်တာ
- အစာအိမ်ရောင်တာ
- မအီမသာဖြစ်တာ
- လျှာတွေရောင်တာ
- အိပ်မပျော်တာ
- ခြေကုန်လက်ပမ်းကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ!
တစောင်းခါးကို ထုပြီး ဆားနဲ့နယ် ခဏနှပ်ထားပြီး ရေစင်အောင်ဆေးလို့ ပုစွန်ခြောက် ငါးနီတူ စတာတွေနဲ့ ကြက်သွန်အဖြူအနီ ဆီသတ်ပြီး ကြော်ထားတဲ့ တစောင်းခါးကြော်လေးက တော်တော်လေး စားလို့ ကောင်းပါတယ်။