ရှောက်ချိုသီး လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာက အကွင်းလိုက်လေးလှီး။ ဆားလေးနည်းနည်း၊ ငရုတ်သီးအရောင်တင်မှုန့်လေးနဲ့ နယ်ပြီး စားတာကိုဟုတ်။ နောက်ပြီး အချို့ဆိုရင် ရှောက်ချိုသီးလေးကို ခံတွင်းရှင်းပြီး အအီပြေအောင်ဆိုပြီး ဖျော်ရည် ဖျော်သောက်တာပါ။ ရှောက်ချိုသီးကို ခံတွင်းတွေ့အောင် အမျိုးမျိုး လုပ်စားကြပေမယ့် ရှောက်ချိုသီး စားရင် ကျန်းမာစေမယ်ဆိုတာကိုတော့ သိသူ ရှိသူလို မသိသူတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ရှောက်ချိုသီးစားရင် ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ရှောက်ချိုသီး ဆိုတာ
ရှောက်ချိုသီးက အိန္ဒိယ မျိုးရင်းပင်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနေရာတော်တော်များများမှာ ပေါက်ရောက်ပါတယ်။ ရှောက်ချိုသီး ဆိုတာက ရှောက်သီး၊ သံပုရာသီးမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး အခွံက အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့ နဲ့ အဝါရောင် သန်းတာအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ အပေါ်ခွံက လိမ္မော်သီးခွံလို ခွာရတော့ မလွယ်ပါဘူး အပေါ်ခွံအောက်မှာ ဂွမ်းသားလေး ပါတတ်ပြီး အဲ့အလွှာလေးကို ဖယ်လိုက်မှာ ရှောက်ချိုသီး လိမ္မော်ရောင် အမွှာလေးတွေကို မြင်ရတာပါ။
အမွှာဆိုတာက အရာလေးတွေသာ ပါတာမျိုး ဖြစ်ပြီး လိမ္မော်သီးလိုတော့ စားလို့မရပါဘူး။ ဒါကြောင့်လည်း ရှောက်ချိုသီးကို အကွင်းလိုက်လေး လှီးပြီးဖြစ်ဖြစ် အစိတ်လေးတွေ လှီးပြီးဖြစ်ဖြစ် စားကြတာပါ။
ရှောက်ချိုသီး ကပေးတဲ့ အာဟာရ
ချိုချိုချဉ်ချဉ်နဲ့ ခံတွင်းရှင်းတဲ့ ရှောက်ချိုသီးမှာ –
- ကယ်လ်လိုရီ
- ပိုတက်ဆီယမ်
- အမျှင်ဓာတ်
- သံဓာတ်
- ကယ်လ်ဆီယမ်
- ဖော့စဖရပ်
- ပရိုတင်း
- ဗီတာမင် C
- ဗီတာမင် A
- ဖလေဗာနွိုက် တို့ ပါဝင်နေပါတယ်။
ရှောက်ချိုသီး စားရင်း ကျန်းမာပါ
ရှောက်ချိုသီး စားရင်း ကျန်းမာပါ လို့ ပြောရတာက ရှောက်ချိုသီးလေးက ခွာရတာ နည်းနည်းအလုပ်ရှုပ်ပေမယ့် ခန္ဓာကိုယ်အတွက် အခုလို ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်လို့ပါ။
အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ်
ရှောက်ချိုသီးက အူနံရံတွေကို အာဟာရတွေစုပ်ယူမှုကောင်းအောင် ထောက်ပံ့ပေးသလို အစာခြေစနစ်တလျှောက်မှာရှိတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်၊ ဗိုက်ရစ်နာတာ၊ မအီမလည်ဖြစ်နေတာတွေကို သက်သာစေဖို့အတွက်လည်း ရှောက်ချိုသီးကို စားပေးလို့ရပါတယ်။
ဗီတာမင် C ပြည့်ဝစေမယ်
ခန္ဓာကိုယ်မှာ ဗီတာမင် C နည်းလာတဲ့အခါ အအေးမိတာ၊ တုပ်ကွေးဖြစ်တာနဲ့ သွားဖုံးတွေ ရောင်ရမ်းတာမျိုးဖြစ်စေနိုင်သလို ခံတွင်းနဲ့ လျှာထဲမှာ အနာတွေဖြစ်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ဒီပြဿနာတွေကင်းစေဖို့ဖြစ်ဖြစ် ခံစားနေရလို့ သက်သာဖို့ဖြစ်ဖြစ် ရှောက်ချိုသီးကို စားပေးလို့ ရပါတယ်။
ကိုယ်ခံအားကောင်းစေမယ်
ရှောက်ချိုသီးက ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသလို ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေ မခံစားရစေဖို့နဲ့ ခံတွင်းအနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ သွေးစီးဆင်းမှုကောင်းစေပြီး ကိုယ်ခံအားကိုလည်း အကောင်းဆုံးအနေအထားဖြစ်အောင် တည်ဆောက်ပေးထားတာပါ။
ဆံသားကျန်းမာစေမယ်
ဗောက်ပြဿနာ၊ ဆံသားခြောက်တာနဲ့ ဆံပင် အဖျားနှစ်ခွဖြစ်တာလိုမျိုး ဦးရေပြားနဲ့ ဆံသားပြဿနာတွေ ကင်းစေဖို့ဆိုရင် ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ရှောက်ချိုသီးကို စားပေးလို့ ရပါတယ်။
အသားအရေ လှစေမယ်
အသားအရေခြောက်နေတာ၊ အသားအရောင်မညီတာ၊ အသားကြမ်းတာတွေ သက်သာစေဖို့ဆိုရင် အရေပြားကျန်းမာရေးအတွက် အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ရှောက်ချိုသီးကို စားပေးလို့ရပါတယ်။ အနာကျက်မြန်စေဖို့ဝက်ခြံနဲ့ အမျိုးမျိုးသော အရေပြားပြဿနာတွေကိုလည်း သက်သာစေဖို့လည်း စားပေးနိုင်ပါတယ်။
ရေဓာတ် ပြည့်ဝစေမယ်
ရှောက်ချိုသီးကို စားပေးတာက ခန္ဓာကိုယ်မှာလိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်မယ့်အပြင် ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုပါ ပြည့်ဝအောင်ဖြည့်ပေးနိုင်မှာပါ။ အပူလျှပ်တာကို သက်သာစေဖို့လည်းသောက်ပေးလို့ရပါတယ်။
အရိုးကျန်းမာစေမယ်
ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက အဆစ်ရောင် ရောဂါကြောင့်ဖြစ်တဲ့ အဆစ်တွေရောင်ရမ်းတာကို သိသိသာသာ သက်သာစေနိုင်သလိုကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းအောင် အားဖြည့်ပေးနိုင်ပြီး အရိုးဆဲလ်တွေ အသစ်ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးသလို အရိုးတွေကို သန်မာစေမှာ အသေအချာပါ။
မျက်လုံး ကျန်းမာစေမယ်
ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနေမှုက အမြင်အာရုံကို ကျန်းမာစေပြီး အမြင်အာရုံဆိုင်ရာ ပြဿနာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။
ဝမ်းမှန်စေမယ်
ရှောက်ချိုသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက ဝမ်းမှန်စေဖို့ အထိရောက်ဆုံးပံ့ပိုးပေးနိုင်ပါတယ်။ ဝမ်းချုပ်တတ်ရင်တော့ ရှောက်ချိုသီးဖျော်ရည်ကို သောက်ပေးပါလို့ပြောပါရစေနော်။
ဝိတ်ကျစေနိုင်တယ်
ဝိတ်ချနေရတယ်။ အသီးဖျော်ရည်သောက်ချင်တယ်ဆိုရင် ရှောက်ချိုသီးကို ပျားရည်လေးနဲ့ရောပြီး ရေနွေးနွေးလေးနဲ့ ဖျော်လို့သောက်ပေးပါ။ အဆီကျစေပြီး မလိုချင်တဲ့ ကိုယ်အလေးချိန်အပိုတွေကိုလည်း ကျစေမှာပါ။
သွေးတွင်းအဆီ ကျစေမယ်
အမျှင်ဓာတ် ပါဝင်နေသလို ဗီတာမင် C ကြွယ်ဝတဲ့ ရှောက်ချိုသီးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
သွေးတိုးထိန်းပေးမယ်
ပိုတက်ဆီယမ် ပါဝင်နေမှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေဖို့နဲ့ ရုတ်တရက် သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေမယ်
ရှောက်ချိုသီးမှာ ပိုတက်ဆီယမ်ပါဝင်နေမှုက ကျောက်ကပ်၊ ဆီးအိမ်တို့ကို ကျန်းမာစေပြီး ဆီးလမ်းကြောင်းမှာပိုးဝင်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်နေပြီဆိုရင် သက်သာစေဖို့ဆိုရင် ရှောက်ချိုသီးစားပေးလို့ရပါတယ်။
ဒါတွေအပြင် ရှောက်ချိုသီး စားပေးတာက ပန်းနာရင်ကျပ်၊ ဂေါက်ရောဂါတွေကို သက်သာစေနိုင်သလို ကားမူးတာသက်သာစေဖို့အတွက်လည်း ရှောက်ချိုသီးကို စားသုံးပေးလို့ရပါတယ်။
# ရှောက်ချိုသီး နဲ့ ကျန်းမာရေး
- အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ်
- ဗီတာမင် C ချို့တဲ့မှု ကင်းစေမယ်
- ကိုယ်ခံအားကောင်းစေမယ်
- ဆံသားကျန်းမာစေမယ်
- အသားအရေ လှပကျန်းမာစေမယ်
- ရေဓာတ် ပြည့်ဝစေမယ်
- အရိုးသန်မာစေမယ်
- အမြင်အာရုံ ကျန်းမာမယ်
- ဝမ်းချုပ်မှု ကင်းစေမယ်
- ကင်ဆာကာကွယ်ပေးမယ်
- ဝိတ်ကျစေမယ်
- ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေမယ်
- သွေးတွင်းအဆီကျစေမယ်
- သွေးတိုးထိန်းညှိပေးမယ်။