နှစ်သက်သူတွေ ရှိသလို အနံ့တောင်မခံနိုင်ဘူးဆိုတဲ့သူတွေလည်း ရှိပေမယ့် ဆေးဖက်ဝင်တယ်ဆိုတာကတော့ ငြင်းလို့ မရပါဘူး။ ဒါကြောင့် အခုတစ်ခေါက်တော့ ပူဒီနာရွက်လေးအကြောင်း ပြောပြပေးချင်ပါတယ်။
ထူးခြားတဲ့ အနံ့နဲ့ အရသာကြောင့် အချိုယမကာတွေနဲ့ ဟင်းလျာတွေမှာ အသုံးများကြတဲ့ ပူစီနံက ရှေးယခင်ကတည်းက သဘာဝဆေးဖက်ဝင်အပင်အဖြစ် အသိအမှတ်ပြုခံထားရတာပါ။ စိတ်ကိုရော လူကိုပါ ချက်ချင်းလန်းဆန်းသွားစေနိုင်တဲ့ ပူစီနံရဲ့ အံ့မခန်းဆေးဖက်ဝင်အစွမ်းတွေကို Lotoshinn ကနေ စုစည်းတင်ပြပေးလိုက်ပါတယ်။
ပူဒီနာ (Perpermint Leaves) ဘယ်လောက်အထိ ဆေးဖက်ဝင်လဲ!
ပူဒီနာရွက်က အခုလိုလေး ဆေးဖက်ဝင်ပါတယ်။
၁။ အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်
Menthol ပါဝင်လို့ အစာအိမ်နဲ့ အူလမ်းကြောင်းက ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်ရှိပါတယ်။ အစာစားပြီးရင် ဖြစ်တတ်တဲ့ ဗိုက်ပွတာ၊ ဗိုက်အောင့်တာ၊ အစာမကြေတာနဲ့ လေထိုးလေအောင့် ဝေဒနာတွေကို အမြန်ဆုံး သက်သာစေဖို့ ပူဒီနာရွက်လေးတွေကို ဝါးစားပေးတာ ဒါမှမဟုတ် ပူဒီနာရေနွေးကြမ်း သောက်ပေးတာက အလွန်ထိရောက်ပါတယ်။
၂။ အသက်ရှူလမ်းကြောင်းကို သန့်စင်စေတယ်
ပူဒီနာရဲ့ ရှိန်းဖိန်းဖိန်းအနံ့က နှာခေါင်းပိတ်တာ၊ လည်ချောင်းနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆင်မပြေမှုတွေကိုလည်း သက်သာစေနိုင်စွမ်းရှိပါတယ်။ လေပြွန်တွေကို ပွင့်စေပြီး အသက်ရှူရ ပိုမိုလွယ်ကူစေတဲ့အတွက် ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ခဏခဏ နှာစေးတတ်သူတွေအတွက် သဘာဝကပေးတဲ့ ဆေးစွမ်းကောင်းတစ်မျိုးပါပဲ။
၃။ ဦးနှောက်စွမ်းဆောင်ရည်နဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးတယ်
လေ့လာတွေ့ရှိချက်များအရ ပူဒီနာရဲ့ အနံ့ကို ရှူရှိုက်ပေးရုံနဲ့တင် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးနိုင်ပြီး အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ အလုပ်လုပ်နေချိန် ဒါမှမဟုတ် စာကြည့်နေချိန်မှာ စိတ်ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာတွေကို လျော့ပါးစေဖို့ ပူဒီနာက အထောက်အကူပြုနိုင်ပါတယ်။
၄။ ခံတွင်းကျန်းမာရေးနှင့် ကိုယ်နံ့ကို သင်းပျံ့စေတယ်
ပူဒီနာမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ (Antimicrobial) အာနိသင် ပါဝင်တာကြောင့် ခံတွင်းနံ့ဆိုးတာကို ဖယ်ရှားပေးရုံတင်မကဘဲ သွားနဲ့ ခံတွင်းအတွင်း ပိုးမွှားများ ပေါက်ဖွားမှုကိုပါ တားဆီးပေးပါတယ်။ ဒါ့အပြင် ကိုယ်တွင်းအပူကို ငြိမ်းစေလို့ ခန္ဓာကိုယ်ကို အတွင်းပိုင်းကနေ လန်းဆန်းနေစေမှာပါ။

လိုက်နာရမယ့် အချက်လေးများ
၁။ အစာအိမ်အချဉ်ပြန်တတ်သူ (GERD ဝေဒနာရှင်) များအတွက်တော့ တစ်ခါတလေမှာ ရင်ပူတာကို ပိုဆိုးစေနိုင်လို့ အသင့်အတင့်သာ စားသုံးသင့်ပါတယ်။
၂။ အစိမ်းစားမယ်ဆိုရင် ပိုးသတ်ဆေးနဲ့ ဘက်တီးရီးယားတွေ ကင်းစင်အောင် ရေစင်စင်ဆေးကြောဖို့ မမေ့ပါနဲ့နော်။
Lotoshinn ရဲ့ စကားလက်ဆောင်
စိတ်ညစ်ညူးနေတဲ့အခါ ဒါမှမဟုတ် လူက နုံးချိနေတဲ့အခါ ပူဒီနာရဲ့ လတ်ဆတ်တဲ့ အနံ့နဲ့ အရသာကို ခံစားကြည့်လိုက်ပါ။ သဘာဝကပေးတဲ့ ဒီဆေးဖက်ဝင်အရွက်လေးတွေက သင့်ရဲ့ နေ့ရက်တွေကို ပိုမိုကျန်းမာလန်းဆန်းစေမှာ အသေအချာပါပဲရှင်။
ရေးသားသူ – ခင်ဘုဏ်းရှိန်




