လေဒီလေးတွေက အမျိုးသားတွေထက် ပိုပြီး ကျန်းမာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လေဒီလေးတွေက ကျန်းမာတဲ့ အလေ့အထလေးတွေကို အထွေအထူး လုပ်မယူဘဲ ပိုင်ဆိုင်ထားတာကြောင့်ပါ။ ဘယ်လို အလေ့အထလေးတွေကို ပိုင်ဆိုင်ထားတာလဲဆိုတာနဲ့ ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်စေလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
လေဒီလေးတွေဆီကနေ အမျိုးသားတို့ ကျန်းမာစေဖို့ သင်ယူသင့်တဲ့ အလေ့အထလေးတွေကို ပြောပြပေးသွားပါမယ်။
လေဒီလေးတွေဆီကနေ အမျိုးသားတို့ သင်ယူသင့်တဲ့ ကျန်းမာစေမယ့် အလေ့အထများ
လေဒီလေးတွေဆီကနေ အမျိုးသားတို့ သင်ယူသင့်တဲ့ ကျန်းမာစေမယ့် အလေ့အထများ ကတော့ –
- အိပ်ရေးဝဝအိပ်ကြတယ်
ပုံမှန်အားဖြင့်ကတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအိပ်တတ်ကြပါတယ်။ လေဒီလေးတွေက ညစဉ်တိုင်းမှာ အိပ်ချိန် အနည်းဆုံး ၈ နာရီတော့ ရှိကြပါတယ်။ တကယ်ကတော့ ကျား/ မ မရွေး ညစဉ်တိုင်းကို အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီကြား အိပ်ချိန်ရှိဖို့ လိုပါမယ်။ လေဒီလေးတွေကတော့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိစေဖို့ သေချာလေး အိပ်တတ်ကြပါတယ်။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ ဂရုစိုက်ပါ။
- သူငယ်ချင်းတွေနဲ့ အချိန်ပေးတယ်
တော်တော်များများ သိကြတာက အမျိုးသားတွေက သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းကြတာ ပိုများတယ်လို့ပေါ့။ တကယ်ကတော့ လေဒီလေးတွေက သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းကြတာ ပိုများပါတယ်တဲ့။ ဒီလိုမျိုး သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းကြတာကလည်း စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် နည်းလမ်းတစ်ခုပါပဲ။
- ဆေးလိပ်မသောက်ကြဘူး
အရွယ်ရောက်ပြီးသူ အမျိုးသား အယောက် ၁၀၀ မှာ အယောက် ၂၀ လောက်က ဆေးလိပ်သောက်ကြပေမယ့် အမျိုးသမီးတွေမှာတော့ အယောက် ၁၀၀ မှာ ၁၅ ယောက်လောက်ကပဲ ဆေးလိပ်သောက်ကြပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်ဖြစ်တဲ့ လေဒီလေးတွေဆီက ကျန်းမာရေးနဲ့ မညီတဲ့ အလေ့အထတွေကို ရှောင်တတ်တဲ့ အလေ့အထကို သင်ယူဖို့ လိုပါမယ်။
- အရက်မသောက်ကြဘူး
လေဒီလေး တော်တော်များများက ဘားထိုင်ကြရင်တောင် အရက်ဘီယာသောက်တာထက် အမြည်းတွေကို ပိုစားကြပါတယ်။ အမျိုးသားတွေကတော့ အမြည်းနည်းနည်း အရက် ဘီယာများများပေါ့။ ဒါကြောင့် အရက်ကြောင့် ဆိုးကျိုးခံစားရသူတွေက အမျိုးသားတွေ များရတာပါ။ ကျန်းမာဖို့ဆိုရင် လေဒီလေးတွေမှာ ရှိတဲ့ ဒီအရက် သိပ်မသောက်ကြတဲ့ အလေ့အထကိုလည်း သင်ယူဖို့ လိုပါမယ်။
- ဘေးကင်းရေးကို ဦးစားပေးကြတယ်
အမျိုးသမီးတွေက ဘေးကင်းရေးကို အဓိကထားတတ်ကြသလို မလိုအပ်ဘဲ မစွန့်စားကြပါဘူး။ ကားမောင်းတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ကြသလို ကားကို မြန်မြန်မောင်းတာမျိုးလည်း ရှားပါတယ်။ မလုပ်ခင်မှာလည်း အခြေအနေကို ၂ ခါပြန်တွေးတတ်ကြပါသေးတယ်။ ဒါကြောင့် ဘေးကင်း စိတ်ချရစေဖို့အတွက် လေဒီလေးတွေ လုပ်နေကျ အလေ့အထအတိုင်း အရာရာကို ၂ ခါပြန်တွေးတောတာမျိုး လုပ်ပါ။
- အရေပြားကို သေချာ ဂရုစိုက်ကြတယ်
အမျိုးသားတွေက နေရောင်ကို အကာအကွယ်မပါဘဲ ထိတွေ့ကြပါတယ်။ နေလောင်ကာခရင်မ် မလိမ်းဘဲနဲ့ပေါ့။ လေဒီလေးတွေကတော့ နေကာမျက်မှန်တပ်ကြသလို နှစ်နာရီခြား တစ်ခါ နေလောင်ကာခရင်မ်ကို လိမ်းကြ ပါတယ်။ ဒါကြောင့် အရေပြားကင်ဆာ အပါအဝင် အမျိုးမျိုးသော အရေပြားပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် လေဒီလေးတွေလိုပဲ နေလောင်ကာခရင်မ်ကို လိမ်းပေးဖို့ အကြံပြုပါရစေ။
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးကြတယ်
အမျိုးသားတွေက အသားကို ပိုစားကြပြီး အသီးအရွက်တွေကိုတော့ စားခဲကြပါတယ်။ အမျိုးသမီးတွေကတော့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အသီးအရွက်တွေကို သမမျှတအောင် စားကြပါတယ်။ ဒီလို အာဟာရမျှတအောင် စားသုံးတာက ကျန်းမာစေမယ့် အလေ့အထစ်ရပ်ပါ။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ လေဒီလေးတွေရဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတဲ့ အလေ့အထတွေကို မွေးမြူဖို့ လိုပါမယ်။
- လက်ဆေးကြတယ်
အမျိုးသားတွေက ရေအိမ်အတက်အဆင်း ကစလို့ အစားမစားခင်အထိ လက်ဆေးတယ်ဆိုတာက လုပ်ခဲကြပါတယ်။ လေဒီလေးတွေကတော့ ဒီလို မဟုတ်ပါဘူး။ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း အစားအစာတွေကို ပြင်ဆင်ခါနီး၊ ရေအိမ်အဆင်းနဲ့ အပြင်က ပြန်လာတိုင်းမှာ လက်ကို ရေနဲ့ဆပ်ပြာနဲ့ သေချာလေး ဆေးတတ်ကြပါတယ်။ ဒီအလေ့အထကပဲ အဖျား၊ တုပ်ကွေးနဲ့ အမျိုးမျိုးသော ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီအလေ့အကျင့်လေးကိုလည်း သင်ဖို့ မမေ့နဲ့နော်။
- ကျန်းမာရေးစစ်ဆေးကြတယ်
အမျိုးသားတွေက ဖျားနာရင် ဆေးခန်းပြဖို့ ပျင်းကြသလို တစ်နှစ်တစ်ခါ ဆေးစစ်ဖို့ကိုလည်း ရှောင်လွှဲနေတတ် ကြပါတယ်။ လေဒီလေးတွေကတော့ နေထိုင်မကောင်းတိုင်းမှာ သက်သာစေမယ့် နည်းလမ်းတွေကို ရှာဖွေတတ်ကြသလို ဆေးခန်းပြတာ၊ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေကို ခံယူကြပါတယ်။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အလေ့အထလေးကိုလည်း သင်ယူဖို့ လိုပါမယ်။
- စိတ်ကျန်းမာရေး ဂရုစိုက်တတ်ကြတယ်
လေဒီလေးတွေက အမျိုးသားတွေထက် ပိုပြီး စိတ်ဓာတ်ကျတတ်ကြပါတယ်။ ဒီလို အခြေအနေကပဲ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စေဖို့ အားအင်တွေ ရရှိစေပါတယ်။ နောက်ပြီး လေဒီလေးတွေက စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အလေ့အထလေးတွေကိုလည်း မွေးမြူတတ်ကြပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အလေ့အထလေးတွေ ကိုလည်း လေဒီလေးတွေဆီကနေ သင်ယူဖို့ လိုပါမယ်။
Lotoshinnရဲ့ စကားလက်ဆောင်
ကျန်းမာတဲ့ အလေ့အထတွေက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ညစဉ်တိုင်းမှာ အိပ်ရေးဝအောင် အိပ်တာကစလို့ အာဟာရမျှတအောင် စားတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်တာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ဂရုစိုက်တဲ့ အလေ့အထလေးတွေကို မွေးမြူကြဖို့ အကြံပြုတိုက်တွန်းလိုက် ပါရစေ။