ဝက်ခြံရှိသူလေးတွေအတွက် ကျန်းမာစေဖို့ နည်းလမ်းများ

ဝက်ခြံရှိသူလေးတွေအတွက် ကျန်းမာစေဖို့ နည်းလမ်းများ
ဝက်ခြံရှိသူလေးတွေအတွက် ကျန်းမာစေဖို့ နည်းလမ်းများ

ဝက်ခြံဆိုတာက လူတော်တော်များများ ခံစားကြုံတွေ့ဖူးနိုင်တဲ့ အရေပြားနဲ့အလှအပဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဒီလို ဝက်ခြံဖြစ်တာက အပျိုဖော် လူပျိုဖော်ဝင်ချိန် ဟော်မုန်းပြောင်းလဲချိန်မှာ ခံစားရနိုင် သလို လေဒီလေးတွေမှာဆိုရင် ရာသီလာခါနီး ဟော်မုန်းပြောင်းလဲချိန်တွေမှာလည်း ဝက်ခြံတွေ ထွက်နိုင်သလို ရှိရင်းစွဲ ဝက်ခြံတွေ ပိုမိုရောင်ရမ်း နာကျင်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ဘာတွေကြောင့် ဝက်ခြံထွက်ရတာလဲဆိုတာနဲ့ ဝက်ခြံရှိသူလေးတွေအတွက် ကျန်းမာစေဖို့ နည်းလမ်းများ အကြောင်းကို ပြောပြပေးချင်ပါတယ်။

ဝက်ခြံတွေ ဘာကြောင့် ဖြစ်ရတာလဲ!

ဝက်ခြံတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိနိုင်သလို တစ်ဦးနဲ့တစ်ဦးမှာ တူချင်မှလည်း တူနိုင်မှာပါ။ အတွေ့ရများတဲ့ အကြောင်းအရင်းတွေကတော့ – 

  • ဟော်မုန်းပြောင်းလဲမှု
  • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသုံးမှုပုံစံ ရှိတာ
  • ရေလုံလောက်အောင် မသောက်တာ
  • ကိုယ်လက်လှုပ်ရှားမှု မရှိတာ
  • စိတ်ဖိစီးမှုများတာ
  • အိပ်ရေးပျက်များတာ
  • အသားအရေနဲ့ ကိုက်ညီမှုမရှိတဲ့ Skincare တွေကို သုံးမိတာတွေပါ။

ဒါတွေအပြင် မျက်နှာကို လက်နဲ့ခဏခဏ ကိုင်တာမျိုး၊ နေရောင်နဲ့ ထိတွေ့မှုများတာတွေကလည်း ဝက်ခြံထွက်လွယ်တဲ့ အသားအရေကို ထိခိုက်မှု များစေနိုင်ပါတယ်။

ဝက်ခြံရှိသူလေးတွေအတွက် ကျန်းမာစေဖို့ နည်းလမ်းများ
ဝက်ခြံရှိသူလေးတွေအတွက် ကျန်းမာစေဖို့ နည်းလမ်းများ

ဝက်ခြံရှိသူလေးတွေအတွက် ကျန်းမာစေဖို့ နည်းလမ်းများ

ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်လေးတွေ အနေနဲ့ ဝက်ခြံသက်သာစေပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင် နေ့စဉ်ဘဝမှာ အခုပြောပြမယ့် နည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။ 

  • အသားအရေကို ပုံမှန် ထိန်းသိမ်းပါ

ဝက်ခြံထွက်လွယ်သူတွေအတွက် အရေးအကြီးဆုံး သတိထားရမယ့် အချက်တစ်ခုကတော့ အသားအရေ ထိန်းသိမ်းမှုကို ပုံမှန်လေး လုပ်ဆောင်ဖို့ပါ။ မျက်နှာကို တစ်နေ့နှစ်ကြိမ် အသားအရေအမျိုးအစားနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို သုံးတာကစလို့ Toner သုံးတာ၊ Moisturizer သုံးတာမျိုးတွေကို သေချာလေး ဂရုစိုက်သင့်ပါတယ်။ အပြင်သွားတဲ့အခါမှာလည်း နေလောင်ကာခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားဖို့လည်း လိုပါမယ်။

  • မျက်နှာကို လက်နဲ့ ခဏခဏ မထိပါနဲ့

မျက်နှာကို လက်နဲ့ ခဏခဏ ထိတာက မျက်နှာပေါ်ကို အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေနဲ့ အဆီတွေ ရောက်ရှိစေပြီး ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဝက်ခြံတွေကို သက်သာစေဖို့နဲ့ ဝက်ခြံတွေ ပိုဆိုးမသွားစေဖို့ မျက်နှာကို လက်နဲ့ ခဏခဏ ထိတာကို ရှောင်ပါ။ 

  • အာဟာရပြည့်ဝမျှတအောင် စားပါ

နေ့စဉ်စားသုံးမှုတွေမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေနဲ့ အဆီမပါတဲ့ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။

ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အမြန်စား အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေ၊ အငန်ကဲ၊ အချိုကဲတဲ့ အစားအစာတွေက ဝက်ခြံကို ရောင်ရမ်းမှုတွေ ပိုဆိုးစေနိုင်တာကြောင့် ဒါတွေကို ရှောင်ဖို့ လိုပါမယ်။ 

ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်စေဖို့ ရေလည်း လုံလုံလောက်လောက် သောက်ပေးပါ။

  • စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုများတာက အသားအရေကို ထိခိုက်စေပြီး ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်မယ့် လေ့ကျင့်ခန်းတွေလုပ်တာ၊ ယောဂလေ့ကျင့်တာ၊ ဝင်လေထွက်လေမှတ်တာ၊ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တာကို ပုံမှန်လေး လုပ်ပေးဖို့ လိုပါမယ်။ 

စိတ်ဖိစီးမှု လျော့ကျလေလေ အသားအရေက ကျန်းမာလာလေလေပါ။

  • အိပ်ရေးဝဝအိပ်ပါ

ညဘက်တွေမှာ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ထားရှိတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို အသားအရေကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံသက်သာပြီး အသားအရေ ကျန်းမာစေဖို့ဆိုရင် ညစဉ်တိုင်းမှာ အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီ ရှိစေဖို့ ဂရုပြုပါ။ အိပ်ရာဝင်နောက်မကျစေဖို့လည်း ဂရုပြုပေးပါ။

  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးပါ

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးတာက ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းစေဖို့ ထောက်ကူပေးနိုင်သလို အရေပြားကျန်းမာလှပစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

ဒါကြောင့် တစ်ပတ်တာမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ကတာတွေကို တစ်နေ့ကို မိနစ် ၃၀ တစ်ပတ်တာကို မိနစ် ၁၅၀ ထက်မနည်းလုပ်ပေးပြီး အသားအရေ ကျန်းမာစေဖို့ ဂရုစိုက်ပေးပါ။

  • နေရောင်နဲ့ အလွန်အကျွံ မထိတွေ့ပါစေနဲ့

အပြင်ထွက်တဲ့အခါတိုင်းမှာ နေလောင်ကာခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။ နေရောင်ခြည်နဲ့ အသားအရေကို တိုက်ရိုက် ထိတွေ့စေတာက အသားအရေကို ပျက်စီးစေပြီး အရေပြားရောင်ရမ်းတာ၊ ဝက်ခြံနဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကို နေရောင်နဲ့ အလွန်အကျွံ ထိတွေ့စေတာမျိုး မလုပ်ပါနဲ့။ 

Lotoshinn ရဲ့ စကားလက်ဆောင်

ဝက်ခြံထွက်တာက ကုတ်ဖဲ့မိရင် အမာရွတ်တွေ ထင်ပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံထွက်တာကို သက်သာစေဖို့ နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ပေးရင်း အသားအရေ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်လို့ ရပါတယ်။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *