အသည်းရောင် အသားဝါ အေ ဆိုတာက အဖြစ်များတဲ့ အသည်းကျန်းမာရေး ပြဿနာပါ။ ကူးစက်မြန်တဲ့ အသည်းရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ အဖြစ်များတဲ့ အသည်းရောင်အသားဝါ အေ ရောဂါက ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ။ ဘယ်အခြေအနေတွေကြောင့် ကူးစက်နိုင်လဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
လက္ခဏာများ
အသည်းရောင်အသားဝါ အေ လက္ခဏာတွေက ဗိုင်းရပ်စ်ကူးစက်ခံရပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ လက္ခဏာတွေ စတင်ပေါ်လာပါတယ်။ ဒါပေမယ့် လူတိုင်းမှာ လက္ခဏာတွေ ပေါ်လာတာတော့ မတူကြပါဘူး။ လက္ခဏာတွေ အနေနဲ့ကတော့ –
- ဖြစ်နေကျ မဟုတ်ဘဲ အရမ်းပင်ပန်းနေတာ၊ အားနည်းနေတာ
- ရုတ်တရက် အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ မအီမသာဖြစ်တာ
- ဗိုက်ထဲက မခံမရပ်နိုင်အောင် အောင့်တာ (အထူးသဖြင့် ဗိုက်ရဲ့ညာဘက်ခြမ်းအပေါ်နား နံရိုးအောက်ဖက်နားလေးက အောင့်တာ)
- ရွှံ့စေးရောင်ဝမ်းတွေ သွားတာ
- အဖျားငွေ့ငွေ့ ရှိနေတာ
- ဆီးအရောင်ရင့်နေတာ (ဆီးတွေ ဝါနေတာ)
- အဆစ်တွေ နာတာ
- မျက်ဖြူသားတွေ ဝါနေတာ
- အရေပြားတွေယားယံတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက သိပ်မပြင်းထန်တဲ့ အနေအထားကနေ ရက်သတ္တပတ် အနည်းငယ်အကြာမှာ သက်သာသွားတတ်ပါတယ်။ တစ်ခါတလေမှာ လအတော်ကြာ အပြင်းဖျားနာတာမျိုးလည်း ရှိနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသမလဲ!
အသည်းရောင် အသားဝါ အေ လက္ခဏာလို့ ယူဆရတဲ့ ရောဂါလက္ခဏာတွေကို ခံစားနေရပြီဆိုရင် အမြန်ဆုံး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အသည်းရောင် အသားဝါ အေပိုး ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးနှံတာကို လုပ်ဆောင်လို့ ရပါတယ်။ ကာကွယ်ဆေးထိုးပြီး ၂ ပတ်အကြာမှာ ခန္ဓာကိုယ်မှာ ရောဂါကို ခုခံနိုင်တဲ့ ကိုယ်ခံအား ထွက်လာမှာပါ။
- ရောဂါဖြစ်ပွားနေတဲ့ နေရာကို မကြာသေးခင်ကာလက သွားခဲ့ဖူးတာ
- ရေဆိုးနုတ်စနစ် အားနည်းတဲ့နေရာတွေဆီ သွားလာခဲ့တာ
- ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ စားသောက်ဆိုင်မှာ စားသောက်ခဲ့ဖူးတာ
- ရောဂါပိုးရှိသူနဲ့ အတူနေခဲ့မိတာ
- ရောဂါပိုးရှိသူနဲ့ အနီးကပ် နေထိုင်နေမိတာမျိုးဆိုရင် ဆရာဝန်နဲ့ သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။
ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ
အသည်းရောင်အသားဝါ အေဆိုတာ အသည်းဆဲလ်တွေကို အသည်းရောင် အသားဝါ အေ ဗိုင်းရပ်စ် ဝင်ရောက်ကူးစက်ပြီး အသည်းကိုရောင်ရမ်းစေတဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ အသည်းရောင်ရမ်း တာက အသည်းရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေသလို အခြားရောဂါလက္ခဏာတွေကိုလည်း ခံစားရစေနိုင်ပါတယ်။
ရောဂါပိုးရှိနေတဲ့ မစင်က အစားအစာတွေကနေတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ရာကနေ ကူးစက်ပါတယ်။ ရောဂါပိုး ရှိသူနဲ့ အနီးကပ်ထိတွေ့ဆက်ဆံမှုတွေကနေလည်း ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါအေပိုးက မျက်နှာပြင်တစ်ခုပေါ်မှာ လအတော်ကြာတဲ့အထိ ရှင်သန်နေနိုင်ပါတယ်။ အသည်းရောင် အသားဝါ အေပိုးက ပုံမှန်ထိတွေ့ဆက်ဆံတာ၊ နှာချေတာ၊ ချောင်းဆိုးတာတွေကနေတဆင့်တော့ ကူးစက်တာမျိုး မရှိပါဘူး။
ရောဂါပိုး ဘယ်လို ကူးစက်ပျံ့နှံ့နိုင်လဲ!
အခုလို အခြေအနေတွေကြောင့် အသည်းရောင် အသားဝါ အေပိုး ကူးစက်ခံရနိုင်ပါတယ်။
- ရောဂါပိုးရှိသူက ရေအိမ်အဆင်းမှာ လက်တွေကိုသေချာစွာ သန့်စင်ဆေးကြောထားတာမျိုး မရှိတဲ့ လက်နဲ့ ကိုင်တွယ်ထားတဲ့ အစားအစာတွေကို စားသောက်မိတာ
- သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွေကို စားမိတာ
- မသန့်ရှင်းတဲ့ သောက်သုံးရေကို သောက်မိတာ
- ရောဂါပိုးရှိတဲ့ ရေနဲ့ဆေးကြောထားတဲ့ အစားအစာတွေကို စားမိတာ
- ညစ်ညမ်းနေတဲ့ ရေပြင်ကနေရတဲ့ ငါးနဲ့ ပင်လယ်စာတွေကို အစိမ်းစားတာ
- ရောဂါပိုးရှိနေပေမယ့် လက္ခဏာမပြတဲ့သူနဲ့ တရင်းတနှီးထိတွေ့မိတာ
- ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာတွေကြောင့်လည်း အသည်းရောင် အသားဝါ အေပိုး ကူးစက်ခံရနိုင်ပါတယ်။
သတိထားသင့်တဲ့ ရောဂါကူးစက်ခံရနိုင်တဲ့ အခြေအနေများ
အခုလို အခြေအနေတွေ ရှိနေပြီဆိုရင်တော့ ရောဂါကူးစက်ခံရနိုင်ခြေ မြင့်နေပြီလို့ သတ်မှတ်လို့ ရပါတယ်။
- ရောဂါပိုးဖြစ်ပွားမှုမြင့်နေတဲ့ နေရာကို သွားရောက်လည်ပတ်မိတာ
- အမျိုးသားအချင်းချင်း တွဲမိတာ
- ရောဂါပိုးရှိသူတဲ့ တစ်အိမ်တည်း အတူတူနေနေတာ
- ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံတာ
- HIV ပိုးကူးစက်ခံထားရတာ
- ကြုံရာကျပန်းနေထိုင်နေတာ
- မူးယစ်ဆေးသုံးစွဲနေတာမျိုးတွေက ရောဂါကူးစက်ခံရနိုင်ခြေကို မြင့်တက်စေပါတယ်။
နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်မလဲ!
အသည်းရောင် အသားဝါ အေပိုးက အခြား ကူးစက်တတ်တဲ့ အသည်းရောင်အသားဝါ ပိုးတွေနဲ့ မတူပါဘူး။ ဒီဗိုင်းရပ်စ်က အသည်းကို ရေရှည်ထိခိုက်စေတာမျိုး မရှိပါဘူး။
ရုတ်တရက်အသည်းရဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေတာက တော်တော်လေး ဖြစ်ခဲပါတယ်။ ဒီအခြေအနေက အသက်အရွယ်ကြီးရင့်သူတွေနဲ့ နာတာရှည်အသည်းရောဂါ ခံစားနေရသူတွေမှာပဲ ဖြစ်နိုင်တာပါ။ ပြင်းထန်တဲ့ အသည်းထိခိုက်မှု ခံစားရမယ်ဆိုရင်တော့ ဆေးရုံတက်ရောက်ကုသမှု ခံယူဖို့ လိုပါမယ်။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုမှာပါ။
ဘယ်လိုကာကွယ်ကြမလဲ!
အသည်းရောင် အသားဝါ အေရောဂါက ကြိုတင်ကာကွယ်လို့ ရပါတယ်။ ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီး ကာကွယ်လို့ ရပါတယ်။ ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးပြီး ၆ လအကြာမှာ ထပ်ဆောင် ကာကွယ်ဆေး တစ်ကြိမ်ထပ်ပြီး ထိုးနှံပေးရမှာပါ။ အချို့သော ကာကွယ်ဆေးတွေက အသည်းရောင် အသားဝါ အေ ဗိုင်းရပ်စ်ကိုရော ဘီဗိုင်းရပ်စ်ကိုပါ ကာကွယ်ပေးပါတယ်။ နှစ်မျိုးစပ် ကာကွယ်ဆေးကတော့ ၆ လတစ်ကြိမ်စီနဲ့ ၃ ကြိမ် ထိုးနှံရမှာပါ။
ဘယ်သူတွေ ထိုးသင့်လဲ!
- အသက် ၁ နှစ်ပြည့်ပြီးတဲ့ ကလေးတိုင်း
- ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတိုင်း
- ရောဂါပိုးရှိတဲ့နေရာတွေကို သွားလာနေရသူတွေ
- ကျန်းမာရေးဝန်ထမ်းတွေ
- လိင်တူချစ်သူ (အမျိုးသားများ)
- လိင်လုပ်သားများ
- ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ဆက်ဆံနေရသူတွေ
- မူးယစ်ဆေးသုံးစွဲသူတွေ
- နာတာရှည်အသည်းရောဂါရှိသူတွေ
- ကြိုတင်ကာကွယ်ထားချင်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံပြီး အသည်းရောင်အသားဝါ အေပိုးကို ကာကွယ်ထားလို့ ရပါတယ်။
ခရီးသွားလာတဲ့အခါ ဘေးကင်းလုံခြုံစေဖို့
ရောဂါဖြစ်ပွားတဲ့နေရာတွေကို ခရီးသွားရတာမျိုး ရှိလာမယ်ဆိုရင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေး ထိုးနှံထားလို့ ရသလို ဒီနည်းလမ်းလေးတွေကိုလည်း လိုက်နာတာ အကောင်းဆုံးဖြစ်မှာပါ။
- သစ်သီးတွေကို ရေဆေး အခွံနွှာပြီးမှ စားသုံးပါ။ ကြိုတင်လှီးစိတ်ထားတာတွေကို မစားပါနဲ့။
- သေချာ မကျက်တဲ့ အသား၊ ငါးတွေမစားပါနဲ့
- အသားစိမ်း ငါးစိမ်းတွေ မစားပါနဲ့
- ရေသန့်ကိုပဲ သောက်ပါ
- သွားတိုက်တဲ့အခါမှာလည်း ရေသန့်ကိုပဲ သုံးပါ
- ရေခဲတွေကို မစားပါနဲ့
- ဖျော်ထားတဲ့ ဖျော်ရည်တွေ မသောက်ပါနဲ့
- ရေသန့်မရှိတဲ့အခြေအနေမျိုးမှာ ရေကို ကျိုချက်သောက်သုံးပါ
- တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ
- အစားစားခါနီးတိုင်း လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာဆေးကြောပါ
- ရေအိမ်အဆင်းနဲ့ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့ပြီးတိုင်းမှာလည်းလက်ကို သေချာသန့်စင်ဆေးကြောပါ။
Lotoshin ရဲ့ စကားလက်ဆောင်
အသည်းရောင် အသားဝါ အေဆိုတာက ကူးစက်မြန်တဲ့ အသည်းကူးစက်မှုတစ်ခုပါ။ အသည်းရောင် အသားဝါ အေပိုး ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ အသည်းရောဂါတစ်ရပ်ပါ။ အသည်းရောင်တာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ အများကြီး ရှိပြီး ဒီဗိုင်းရပ်စ်တွေက အသည်းကို ရောင်ရမ်းစေတာနဲ့ အသည်းစွမ်းဆောင်ရည် ကျတာကို ဖြစ်စေနိုင်ပါတယ်။
ရောဂါပိုးရှိနေတဲ့ ရေတွေ အစားအစာတွေကို စားမိသောက်မိတာ၊ ရောဂါပိုးရှိသူတွေနဲ့ တရင်းတနှီး ထိတွေ့ဆက်ဆံတာ၊ ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုတွေကို မျှဝေသုံးစွဲတာတွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာ အသည်းရောင် အသားဝါ အေ ပိုးက သူ့အလိုလို သက်သာသွားတတ်ပြီး အသည်းကို ရေရှည် ထိခိုက်စေတာမျိုးတော့ မရှိပါဘူး။
တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာ ဂရုစိုက်မယ်၊ လက်ကို မကြာခဏ သန့်စင်ဆေးကြောမယ်ဆိုရင် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။ အသည်းရောင် အသားဝါ အေ ကာကွယ်ဆေး ကြိုတင်ထိုးနှံပြီး ကာကွယ်လို့လည်း ရပါတယ်။