၁၉၃၉ ခုနှစ်က A History of Rangoon စာအုပ်ကို ရေးသားခဲ့သူ ဗြိတိသျှလူမျိုး သမိုင်းပညာရှင် B.R.Pearn က ရန်ကုန်မြို့ကို ကာလရှည်တည်တန့် ရှည်ကြာစွာတည်ရှိနေစေရန် ဖန်တီးပေးထားသည့် အရာ နှစ်ခုရှိသည် ရေးသားခဲ့ဖူးသည်။ ဆိုလိုသည်မှာ ရွှေတိဂုံစေတီတော်နှင့် ရန်ကုန်မြစ်တို့ ဖြစ်၏။ ရှေးယခင်က ရန်ကုန်သည် ရွှေတိဂုံ စေတီတော်ခြေရင်းနှင့် ရန်ကုန်မြစ်ကမ်းအကြားတွင် တည်ရှိနေခဲ့သောကြောင့် ၎င်းက ဤသို့ ဆိုခဲ့ခြင်းဖြစ်ဟန်တူသည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါအရာနှစ်ခုကပင် မြန်မာနိုင်ငံ၏ သမိုင်းတန်ဖိုးမြင့် မြို့တော်တစ်ခုကို ထုဆစ်ခဲ့ကြသည်ကတော့ အမှန်ပင်ဖြစ်သည်။
အဆိုပါနေရာ နှစ်ခုကပင် ရန်ကုန်မြို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ဖန်တီးခဲ့ကြသည်။ စေတီတော်ကြီး၏ အသိဉာဏ်ပညာဆိုင်ရာ အရေးပါမှုနှင့် မြစ်ကြီး၏ အချက်အခြာကျမှုများက အခြေချသူများ၊ ဘုရားဖူးများ၊ ကုန်သည်များ၊ ဘုရင်များ၊ သာသနာပြုများ၊ နယ်ချဲ့များနှင့် စစ်ဗိုလ်ချုပ်များအတွက် မဟာဗျူဟာမြောက်သောလမ်းကြောင်းများကို ဖော်ထုတ်ပေးခဲ့သည်။ အတွေ့အကြုံသစ်များ၊ စိတ်ကူးယဉ်ဆန်မှုများကို ဖန်တီေးပးခဲ့သည်။ အိပ်မက်များ၊ လိုချင်တပ်မက်မှုများ၊ တီထွင်ဖန်တီးမှုများကို ထွက်ပေါ်လာစေခဲ့သည်။
၁၉ ရာစုအလယ်တွင် ရန်ကုန်ကို ခေတ်မှီမြို့ပြအဖြစ် စတင်ရေးဆွဲခဲ့ကာ မြို့ပြဖွံ့ဖြိုးမှုကို ရွှေတိဂုံမှ အဝေးသို့မြင်နိုင်သည့် တောင်ဘက်နှင့် အရှေ့တောင်ဘက် မြစ်ရှိရာဘက်သို့ ဦးတည်ခဲ့ခြင်းဖြစ်သည်ဟု ဦးသန့်မြင့်ဦးက ဆိုသည်။
တိုင်းပြည်၏ မြို့တော်အဖြစ် နှစ်သက်တမ်းကြာရှည်စွာ တည်ရှိခဲ့ဖူးသော ရန်ကုန်တွင် မြန်မာ့သမိုင်းကို ထင်ဟပ်ပြနိုင်နေသည့် အမွေအနှစ်အဆောက်အအုံပေါင်းများစွာ တည်ရှိနေဆဲဖြစ်သည်။ ဘာသာရေးအဆောက်အအုံများမှ လွဲ၍ လူနေအဆောက်အအုံအများစုမှာ မြို့တော်ကို နေပြည်တော်သို့ မပြောင်းရွှေ့မီကာလအထိ အသုံးပြုခဲ့ကြသည်။
“ရန်ကုန်ဟာ မြန်မာ့သမိုင်းကနေ ဖယ်ထုတ်လို့ မသလို ရန်ကုန်က အမွေအနှစ်အဆောက်အအုံတွေကလည်း ဒီအတိုင်းပါပဲ။ ဥပမာ ဝန်ကြီးများရုံး။ ဒီအဆောက်အအုံမှာ မြန်မာ့သမိုင်းရဲ့ အရေးအပါအဆုံး ကိစ္စတွေ အများအပြားဖြစ်သွားတယ်။ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတာ အပါအဝင်ပေါ့လေ။ သူတု့ိဟာ မြန်မာ့သမိုင်းရဲ့ အစိတ်အပိုင်းတွေပါ” ဟု ရန်ကုန်မြို့သမိုင်းကို လေ့လာသူ ဦးမြင့်ဆွေကဆိုသည်။
အဆိုပါအမွေအနှစ်အဆောက်အအုံများကို ထိမ်းသိမ်းခြင်းနှင့် ပတ်သတ်၍ ရန်ကုန်ဒေသခံများသာမက တစ်နိုင်ငံလုံးရှိ လူအများကပါ ပါဝင်ဆောင်ရွက်သင့်သည်ဟု သူကဆိုသည်။ လက်ရှိအမွေအနှစ်အဆောက်အအုံများကို စနစ်တကျလေ့လာ ထိမ်းသိမ်းရမည်ဟု သူကဆိုသည်။
“ရန်ကုန်ဟာ သေသေချာချာ စနစ်တကျ ထိန်းသိမ်းနိုင်ရင် ဖလောရင့်တို့ ပါရီတို့လို ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒေသခံလူထုရဲ့ စိတ်ဝင်စားမှုနဲ့ တာဝန်ရှိတဲ့ လူတွေရဲ့ အမျှော်အမြင်ရှိမှုအပေါ်မှာ အရမ်းကိုပဲ မူတည်ပါတယ်။” ဟု မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် အင်္ဂလန်နိုင်ငံသား Mr.John Smith က ဆိုသည်။
မြို့တော်ခန်းမ၊ ပန်းဆိုးတန်းလမ်း၊ ဘင်္ဏလမ်း၊ ဝန်ကြီးများရုံး၊ ဆူးလေစေတီ၊ ရွှေတိဂုံစေတီနှင့် တရားရုံးချုပ်တို့မှာ နိုင်ငံခြားသားများ လာရောက်ကြည့်ရှု လေ့လာမှုနှင့် ဓာတ်ပုံရိုက်ကူးမှု အများဆုံးနေရာများဖြစ်ကြသည်။
လမ်းတစ်ဝက် ရန်ကုန်
သမိုင်းမှတ်တမ်းများအရ မြို့ သက်တမ်း နှစ်ပေါင်း ၂၆၀ ရှိလာပြီဖြစ်သော ရန်ကုန်သည် ယခုချိန်အထိ သူ၏ အတိတ်သမိုင်းများကို ဆောင်ကျဉ်းနေဆဲဖြစ်သည်။ အလောင်းဘုရားသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အား ဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ရန်ကုန်မြို့ ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အနောက်ဘက်၌ (ဂျူဒါအီစကယ်လမ်း) အရှေ့ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ဝန်းကျင်ဖြစ်၏။
ယနေ့ရန်ကုန်သည် ယင်းဧရိယာ၏ ၁၀ ဆ ခန့်ကျယ်ပြန့်လာသည်။ ယခင်က ရွှေတိဂုံဘုရားနှင့် ရန်ကုန်မြို့အကြားမှ ဧရိယာသည် ယခုအခါ ရွှေတိဂုံဘုရားဧရိယာကို ကျော်လွန်၍ ယခင်က သီးခြားမြို့များဖြစ်ကြသည့် အင်းစိန်၊ မင်္ဂလာဒုံတို့နှင့်ပင် ဆက်စပ်နေပြီဖြစ်သည်။
“ရန်ကုန်က အရမ်းကို ကျယ်ပြန့်နေတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ လူဦးရေရယ်၊ ကျွန်တော်တို့ဆီမှာ လူတိုင်းလက်လှမ်းမှီတဲ့ အိမ်ရာစီမံကိန်းတွေ မရှိတာတွေရယ်ကြောင့် နေထိုင်မှု ပိုခက်ခဲရတယ်။ စီမံကိန်းလုပ်ချင်တဲ့ လူတွေကလည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် မြို့တွင်းပိုင်းတွေကို ပိုရွေးချယ်ခငျ်ကြတယ်။ အမွေအနှစ်အဆောက်အအုံတွေ ထိခိုက်မှုတွေရှိလာတယ်။ ကာကွယ်နိုင်ဖို့ တိကျတဲ့ စည်းမျဉ်းတွေ မရှိသးဘူး” ဟု ဦးမြင့်ဆွေကဆိုသည်။
ယနေ့ရန်ကုန်တွင် ကိုလိုနီခေတ်က ဝိတိုရိယလက်ရာ အဆောက်အအုံများ အများအပြား ကျန်ရှိနေသေးသည်။ ထို့အပြင် ယင်းမတိုင်မီ ခေတ်ကတည်းက တည်ရှိခဲ့သည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများလည်း အများအပြားတည်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ယခုချိန်အထိ တိကျရေရာစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံထားရသည့် အဆောက်အအုံအရေအတွက်မှာမူ အနည်းအကျဉ်းမျှသာ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)က ထိန်းသိမ်းရမည့် အမွေအနှစ်အဆောက်အအုံများအဖြစ် သတ်မှတ်မှတ်တမ်းတင်ထားသည့် အဆောက်အအုံအရေအတွက်ပင် ၂၀၀ ပတ်ဝန်းကျင်ရှိသော်လည်း ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမရှိသေးပေ။
အဆိုပါစာရင်းအရ ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း ၂၀ တွင် ထိန်းသိမ်းရန် သတ်မှတ်ထားသည့် ရှေးဟောင်းအဆောက်အအုံများတည်ရှိနေပြီး ၇၀ ရာခိုင်နှုန်းသော အဆောက်အအုံများမှာ ကျောက်တံတား၊ ပန်းပဲတန်း၊ လမ်းမတော်၊ လသာ၊ ဗိုလ်တစ်ထောင်၊ အလုံ စသည့် ကိုလိုနီခေတ်က အသစ်တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့လယ်နေရာတွင် တည်ရှိနေသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်မြင့်ဦး တည်ထောင်ထားသော ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှလည်း ရန်ကုန်မြို့တွင်းရှိ ရှေးသောင်းအဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ရန် နှိုးဆော်မှုများပြုလုပ်နေသည်။ ထို့အပြင် အဆိုပါအဆောက်အအုံများကို ခေတ်မှီရန်ကုန်မြို့ပြ၏ ချဲ့ထွင်မှုတို့ရန်မှကာကွယ်ရန် Conservation Zone Law ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် အစိုရအဖွဲ့ထံတင်ပြထားသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးချေ။
YHT အဖွဲ့၏ ဦးဆောင်သူ ဦးသန့်မြင့်ဦးကမူ အမွေအနှစ်အဆောက်အအုံများနှင့် အပန်းဖြေနေရာများကိုစနစ်တကျဖော်ဆောင်၍ နှစ်သက်တမ်းကြာရှည်ပြီဖြစ်သော လူမှုအသိုက်အဝန်းများနှင့် အသက်မွေးဝမ်းကျောင်းမှုများအား ပေါင်းစပ်ကာ ဝင်ငွေနည်းအခြေခံလူတန်းစားကို အကာအကွယ်ပြုသည့် ရေရှည်တည်တန့်သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေချင်သည်ဟု သူ၏ ရည်ရွယ်ချက်ကို ပြောပြသည်။
စိတ်ဝင်စားမှု မြင့်တက်လာခြင်း
အလောင်းဘုရား ရန်ကုန်ကို တည်ပြီး နောက်ထပ် ရာစုနှစ်တစ်ခုအကြာတွင် ရန်ကုန်မြို့သစ်ကို ဗြိတိသျှတို့က ထပ်မံတည်ဆောက်ကြပြန်သည်။ ယင်းသို့ တည်ဆောက်ပြီးနောက် ခိုင်ခန့်သော ဝိတိုရိယခေတ်လက်ရာ အဆောက်အအုံများ၊ စနစ်ကျ၍ သန့်ရှင်းသော လမ်းများ၊ မတူညီသောဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံများနှင့် စိမ်းလန်းသော ပတ်ဝန်းကျင်အနေအထားတို့ကြောင့် ၁၉၀၀ ပြည့်လွန်နှစ်များတွင် “အရှေ့အာရှ၏ ဘုရင်မ” ဟု နာမည်ကျော်သည့် မြို့တော်ကြီး တစ်ခုဖြစ်လာလေတော့သည်။
သို့သော် ယနေ့ရန်ကုန်သည် မြို့နေလူထုအတွက် သက်သောင့်သက်သာနေထိုင်ခြင်းမျိုးကို မပေးစွမ်းနိုင်တော့ပေ။ ယာဉ်ကြောပိတ်ဆို့မှုများ၊ စိတ်ပျက်ငြီးငွေ့ဖွယ် ကပျက်ကချော် ဖွဲ့စည်းထားသည့် မြို့သစ်များ၊ စနစ်မကျသော အမှိုက်သိမ်းစနစ်များနှင့် လိုအပ်သည့်ထက်ပိုမိုကျယ်ပြန့်နေသော ရန်ကုန်ဧရိယာတို့ကြောင့် ဒေသခံများ၏ မျက်နှာများသည် စိတ်အလိုမကျမှုများ စိတ်ပျက်ငြီးငွေ့မှုများသာ လွှမ်းခြုံနေသည်။
ယင်းသည်ပင်လျှင် ရန်ကုန်ဒေသခံမျိုးဆက်များအတွက် အတိတ်ကို တမ်းတချင်စရာဖြစ်လာသည်။ သပ်ရပ်လှပသော၊ စနစ်ကျသော အများပြောသကဲ့သို့ စင်ကာပူပင် အတုယူတည်ဆောက်ခဲ့ရသော ရန်ကုန်ကို ပြန်လည်တမ်းတလာကြသည်။ လူကြီးသူများများနှင့် တဆင့်စကား တဆင့်ကြားခဲ့ရသော ခေတ်မှီရန်ကုန်ကို ပြန်လိုချင်လာကြသည်။
ဤသည်ကပင်လျှင် အတိတ်က ပစ်ပယ်ခဲ့ကြသည့် ကိုလိုနီခေတ် လက်ရာ အဆောက်အအုံများကို အလွမ်းပြေကြည့်ချင်စရာများအဖြစ် ဖြေသိမ့်ရန် စိတ်ဆန္ဒများ ပိုမိုတိုးပွားလာစေသလောမသိ။ အမွေအနှစ်အဆောက်အအုံများကို ထိမ်းသိမ်းရန် သူတို့ ပိုမိုစိတ်ဝင်စားလာကြသည်။ အထူးသဖြင့် လူငယ်များနှင့် လူလတ်တန်းစားများ အကြားတွင် ဖြစ်သည်။
“ကျွန်တော်တို့ ငယ်ငယ်က အဘိုးတွေ အဘွားတွေကပြောပြကြတယ်။ ရန်ကုန်က ဘယ်လို သန့်တာ။ လမ်းစနစ်ဘယ်လိုကောင်းတာ။ မင်္ဂလာဒုံလေဆိပ်ကြီးက အာရှမှာ အကောင်းဆုံး ဘယ်လိုဖြစ်ခဲ့တာ စသဖြင့်ပေါ့လေ။ ခုဆို ကျွန်တော်တို့ခေတ်အဲဒီလို ဂုဏ်ယူစရာ ဘာပြစရာရှိသလဲ ဘာမှ မရှိဘူး။ လမ်းဆိုလဲ မကောင်းဘူး။ ကားကလဲပိတ်တယ်။ ဒီဘက်ခေတ်မှာ နိုင်ငံတကာက အထင်ကြီးလောက်တဲ့ အဆောက်အအုံမျိုးတွေလည်း မဆောက်နိုင်ဘူး။ အတိတ်က အဆောက်အအုံတွေကို ထိန်းသိမ်းပြီးပဲ ပြလို့ရမယ်။” ဟု ဒုတိယနှစ် စက်မှုတက္ကသိုလ်ကျောင်းသား ညီညီဦးကဆိုသည်။
နိုင်ငံရေးပြဿနာများနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် တိုင်းပြည်မှာ ခေတ်နောက်ကျကျန်နေခဲ့သောကြောင့် တိုင်းပြည်ပွင်လင်းလာသောအခါ ခေတ်မှီတိုတက်သေ အဆောက်အအုံများကို တိုးချဲ့တည်ဆောက်မှုများများပြားလာသည်။
သို့သော်လည်း အမျှော်အမြင်ရှိသော စီမံခန့်ခွဲမှုများ မရှိပါက အဆိုပါအဆောက်အအုံများသည် ရန်ကုန်ကို ဝါးမျိုသွားနိုင်ပြီး အမွေအနှစ်များ ပျက်ပြားသွားနိုင်သည်။ ရန်ကုန်ဒေသခံများကလည်း ယင်းအခြေအနေကို စိုးရိမ်မှုများရှိနေသည်။
“ခုဆောက်နေကြတယ်ဆိုတဲ့ အိမ်ရာတွေ၊ အဆောက်အအုံတွေဆိုတာ အခြေခံလူတန်းစားတွေနဲ့ အလှမ်းဝေးလွန်းလှပါတယ်။ မြို့ရဲ့ အချက်အခြာနေရာတွေမှာ စုပြုံပြီးဆောက်နေတော့ မြို့တွင်းနဲ့ မြို့ပြင်ကို ခွဲခြားသလိုတောင် ဖြစ်နေတယ်။ တစ်ချို့တွေဆို စနစ်တကျ လေ့လာတိုင်းထွာပြီးဆောက်ကြတာလည်း မဟတ်ဘူး။ ဒေသခံတွေအတွက်လည်း အကျိုးမရှိသလို ရှေးဟောင်းအဆောက်အအုံတွေကိုလည်း ထိခိုက်မှုတွေလာရှိမယ်ဆိုရင် ဒါတွေဟာ တိုင်းပြည်အတွက် ဘာမှ အကျိုးမရှိပါဘူး။” ဟု အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးဝင်းမင်းနိုင်ကဆိုသည်။
အစောတလျင် ဆုံးဖြတ်လုပ်ဆောင်သည့် အဆောက်အအုံ စီမံကိန်းကြီးများသည် ရန်ကုန်ကို ဆွဲဆောင်မှုမရှိ နေချင့်စဖွယ်မရှိသည့် မြို့ကြီးအဖြစ်သို့ တွန်းပို့နေပြီး သင့်တင့်လျောက်ပတ်သော မြို့ပြ စီမံမှုဖြင့်သာ အရှေ့တောင်အာရှတွင် အလှပဆုံးနှင့် နေချင့်စဖွယ်အကောင်းဆုံးသော မြို့တော်တစ်ခုအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ဦးသန့်မြင့်ဦးကလည်းဆိုသည်။
ရွှေတိဂုံကြောင့်လော
ရန်ကုန်ဒေသခံများ၏ အမွေအနှစ်အဆောက်အအုံများအပေါ် အာရုံညွှတ်လာမှုတွင် ရွှေတိဂုံစေတီတော်က အရေးအါပအဆုံးအချက်အဖြစ်မည်ဖြစ်သည်။ ရွှေတိဂုံစေတီတော်သည် ရန်ကုန်ဟူ၍ မဖြစ်လာမီကပင် တည်ရှိေနေသော စေတီတော်တစ်ဆူဖြစပြီး ရန်ကုန်မြို့၏ အထိမ်းအမှတ် သင်္ကေတတစ်ခုလည်းဖြစ်သည်။
ရန်ကုန်မြို့ကို လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ က ရွှေတိဂုံစေတီတော်ခြေရင်း၌ စတင်တည်ထောင်ခဲ့ပြီး ရွှေတိဂုံတည်ရှိရာမြို့အဖြစ်သာ လူသိများခဲ့သည်။ ရွှေတိဂုံစေတီတော်ကြီးသည် ရန်ကုန်၏ ဗဟိုအချက်အခြာ၊ ရန်ကုန်၏ နှလုံးသည်းပွတ်၊ မြို့၏ဂုဏ်၊ မြို့ လက္ခဏာအဖြစ် မြို့စတင်ဖြစ်လာကတည်းက တွဲဖက်တည်ရှိသည်။
အဆိုပါ ရွှေတိဂုံစေတီတော် အနီးတွင် ပြည်တွင်းပြည်ပဆောက်လုပ်ရေး စီမံကိန်းများ တည်ဆောက်ခွင့်ပြုထားခြင်းကြောင့် ရန်ကုန်ဒေသခံများအပါအဝင် ကဏ္ဍအသီးသီးမှ လူပေါင်းစုံတို့ကို ဆန့်ကျင်ကန့်ကွက်မှုများပြုလုပ်ခဲ့ကြသည်။
“ရွှေတိဂုံစေတီတော်က ကျွန်တော်တို့မြို့ ကျွန်တော်တို့ တိုင်းပြည်အတွက် အရမ်းအရေးပါပါတယ်။ ကျွန်တော်တို့ ရွှေတိဂုံကို ထိမ်းသိမ်းစောင့်ရှောက်ရမယ့် ကိစ္စရပ် ၂ ခုရှိပါတယ်။ တစ်ခုကတော့ သဘာဝရဲ့ ဒါဏ်တွေ၊ နောက်တစ်ခုကတော့ လူလုပ်တဲ့ ပေါ့လေ။ လူလုပ်တဲ့ထဲမှာဆိုရင် ရွှေတိဂုံဘုရားကြီးရဲ့ ခိုင်ခန့်မှုနဲ့ တည်တံ့မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စမျိုးတွေပဲ ဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်းမှ ဥက္ကဌ ဦးစန်းဦးကဆိုသည်။
ယခုအချိန်တွင် ရွှေတိဂုံပတ်ဝန်းကျင်ကို ဂရုမစိုက်ပါက အနီးပတ်ဝန်းကျင်တွင် ပုံသဏ္ဍာန်အမျိုးမျိုးသော အဆောက်အအုံများ ပိုမိုများပြားလာကာ စေတီတော်ကြီး၏ အမြင်တင့်တယ်မှုလျော့ကျသွားနိုင်ပြီး ရွှေတိဂုံဘုရားကြီး ကမ္ဘာ့အလယ်တွင် တင့်တယ်ကြာရှည်စွည တည်တန့်မှုလျော့ပါးသွားလိမ့်မည်ဟု ၎င်းကဆိုသည်။
“အဆောက်အအုံအမြင့်ကြီးတစ်ခုရဲ့ အပေါ်ဆုံးထပ်က ရေကူးကန်ထဲမှာ အရက်ခွက်လေးကိုင်ပြီး၊ ဘီကီနီဝတ်အမျိုးသမီးတွေနဲ့ ရွှေတိဂုံစေတီတော်ကို ခြေဆင်းထိုင်ပြီး အရက်နဲ့ မြည်းဖို့ ဖန်တီးပေးမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးဆိုရင် ပြည်တွင်းကပဲလာလာ ပြည်ပကပဲလာလာ ကျွန်တော်တို့ လက်မခံနိုင်ဘူး။” ဟု ကိုညီညီဦးကလည်း ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါစီမံကိန်းများမှာ ရပ်ဆိုင်းခံထားရပြီး အသေးစိတ်စစ်ဆေးမှုမျးပြုလုပ်နေကာ ရွှေတိဂုံစေတီတော်ကို ထိခိုက်စေခြင်းရှိမရှိ ဘက်စုံထောင်စုံမှ စစ်ဆေးနေသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ရွှေတိဂုံကိစ္စကဲ့သု့ိပင် ဝန်ကြီးများရုံးဝင်းအတွင်း ပါတီပွဲကျင်းပခဲ့စဉ်ကလည်း ရန်ကုန်ဒေသခံများဆန့်ကျင်ကန့်ကွက်ခဲ့ကြဖူးသည်။ ရန်ကုန်ဒေသခံများ၏ စိတ်သဏ္ဍာန်တွင် အမွေအနှစ်အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရန် တဖြည်းဖြည်းနားလည်လာနေကြပြီဖြစ်သည်။
ခေတ်ဟောင်းရန်ကုန်ကို ကယ်တင်ပါ
လက်ရှိအချိန်တွင် ရန်ကုန်မြို့လယ်ခေါင်ရှိ အမွေအနှစ်အဆောက်အအုံများမှာ ရွှေတိဂုံနှင့် ဝန်ကြီးများရုံးတို့ကဲ့သို့ပင် ကယ်တင်ပေးမည့် ကန့်ကွက်ပေးမည့် ရန်ကုန်မြို့ခံများကို အလိုရှိနေပြီဖြစ်သည်။
နာမည်ကျော် ရိုးကုန်တိုက်သည် AYA Bank အဖြစ်ပြောင်းလဲသွားပြီဖြစ်သကဲ့သို့ အခြားကိုလိုနီခေတ်လက်ရာ အဆောက်အအုံတစ်ခုမှာလည်း ကမ္ဘာကျော် Kempinski ဟိုတယ် ဖြစ်လာတော့မည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များကျဆုံးရာ ဝန်ကြီးများရုံး၊ တရားရုံးချုပ်အဆောက်အအုံနှင့် အချို့သော ကိုလိုနီခေတ်လက်ရာ အဆောက်အအုံတစ်ချို့မှာလည်း ပွင့်လင်းမြင်သာမှုမရှိသော ပုံစံများဖြင့် တင်ဒါခေါ်ယူငှားရမ်းထားခြင်းခံရသည်။
အထူးသဖြင့် Downtown မြို့နယ်များတွင်တည်ရှိသော အချို့သောအဆောက်အအုံများမှာ လူအများနေထိုင်နေဆဲဖြစ်ပြီး အဆောက်အအုံအများစုမှာ စနစ်ကျသည့် အဆောက်အအုံကြံ့ခိုင်မှုဆိုင်ရာ ပြင်ဆင်ခြင်းများ ပြုလုပ်ထားခြင်းမရှိပဲ ရုပ်ဆိုးအကျည်းတန်လှသည့် ခေတ်မှီဒီဇိုင်းများဖြင့် အပေါ်ယံချယ်သထားခြင်းခံနေရသည်။ တစ်ချို့သော အစိုးရဌာနပိုင်အဆောက်အအုံများမှာမူ ပြုပြင်ထားခြင်းလည်းမရှိ လူနေထိုင်ခြင်းလည်းမရှိပဲ စွန့်ပစ်ထားခြင်းခံနေရသည်။
“တစ်ချို့လူတွေက ခက်တယ်ဗျ။ ဒီလိုအဆောက်အအုံတွေကို တန်ဖိုးမထားတတ်ကြဘူး။ ကျွန်ဘဝအမှတ်တရတွေ မလိုပါဘူးလို့ ပြောတဲ့ အစိုးရအရာရှိတစ်ယော်ကို မြင်ဖူးတယ်ဗျ။ ဒါဟာ မဖြစ်သင့်ဘူး။ အဲဒီလိုပြောကြေးဆို ထိုင်းတောင် အယုဒ္ဓယမြို့ဟောင်းကို ထိန်းသိမ်းထားသေးတာပဲ။ သမိုင်းဟာ သမိုင်းပဲ။ အမွေအနှစ်ထိန်းသိမ်းထာကထိန်းသိမ်းတာပဲ။” ဟု ဦးမြင့်ဆွေကဆိုသည်။
သို့သော်လည်း ရန်ကုန်ဒေသခံများ အမွေအနှစ်အဆောက်အအုံများအပေါ် စိတ်ဝင်စားမှုမြင့်တက်လာသည်ကို တော့သူက လက်ခံသည်။
“ဝမ်းသာစရာပါ။ လူတွေက ဒီလိုအဆောက်အအုံတွေဟာ တန်ဖိုးရှိမှန်း သိလာကြတယ်။ လူငယ်တွေက ပိုပြီးစိတ်ဝင်စားလာကြတယ်။ ပိုပြီးလေ့လာလာကြတယ်။ YHT လိုအဖွဲ့အစည်းတွေ ပေါ်လာတော့ သူတို့အတွက်ပိုအဆင်ပြေလာတာပေါ့” ဟု ဦးမြင့်ဆွေကဆိုသည်။
ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ ဖြစ်အောင်လုပ်မည်ဟု တာဝန်ရှိသူများက ကြွေးကြော်နေကြသော်လည်း ကိုညီညီဦးကမူ တစ်မျိုးတစ်ဘာသာဖြစ်သည်။
“ကျွန်တော်တို့ စင်ကာပူလို အဖြစ်မခံ ချင်ပါဘူး။ သူတို့မှာ ခေတ်မှီအဆောက်အအုံတွေရှိရင် ရှိမယ်။ ကျွန်တော်တို့ထက်ချမ်းသာရင်ချမ်းသာမယ်။ ကျွန်တော်တို့ို ယဉ်ကျေးမှုမျိုးမရှိဘူး။ ကျွန်တော်တို့လို အမွေအနှစ်အဆောာက်အအုံတွေမရှိဘူး။ သူတို့အဆောက်အအုံတွေပြစားလို့ ပိုက်ဆံရရင် ကျွန်တော်တို့ အဆောက်အအုံတွေကို စနစ်ျကလုပ်ပြီးပြီးပြစားရင် သူတို့ထက်တောင် ပိုက်ဆံပိုရဦးမှာ” ဟု ၎င်းကဆိုလိုက်သည်။
မည်သို့ပင်ဖြစ်စေ ရန်ကုန်ရှိ ရှေးဟောင်းအဆောက်အအုံများအနေဖြင့် ရေရှည်တည်တံ့နိုင်မည့်အလားအလာများ အားကောင်းလာနေပြီဖြစ်သည်။ ရန်ကုန်သားတို့လည်း ခေတ်မှီမြို့ပြနှင့် အမွေအနှစ်ထိန်းသိမ်းရေးဇုန်များ လိုက်ဖက်ညီစွာတည်ရှိနေသော ရန်ကုန်မြို့သစ်တစ်ခုကို မျှော်လင့်နေကြမည်ထင်သည်။
မိုးဇွန်
ဇွန်၊ ၂၀၁၅
Living Color Magazine