ရေဝဲနဲ့ သဲဝဲဆိုတာက အဖြစ်များတဲ့ အရေပြား ပိုးဝင်ကူးစက်မှုတစ်မျိုးပါ။ အရွယ်တိုင်းရော ကျား/ မ မရွေးမှာပါ ဖြစ်နိုင်ပါတယ်။ မှိုပိုး ကူးစက်တာကြောင့် ဖြစ်တဲ့ အရေပြားပြဿနာပါ။ မှောင်မိုက်စိုစွတ်တဲ့ ပတ်ဝန်းကျင်တွေ မှာ ပေါက်တဲ့မှိုပိုးကြောင့်ဖြစ်တာပါ။
ရေဝဲ၊ သဲဝဲ ဖြစ်တာက နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သလို သေချာ ဂရုမစိုက်ဘူးဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် ခြေထောက်သန့်ရှင်းရေးကို သေချာ ဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ရေဝဲ၊ သဲဝဲ ဖြစ်နေမယ်ဆိုရင် ဘယ်လို အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင် လုပ်လို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ရေဝဲ၊ သဲဝဲ သက်သာစေမယ့် အိမ်တွင်းကုထုံးများ
ရေဝဲ၊ သဲဝဲ သက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့ –
- Hydrogen peroxide လိမ်းပေးပါ
Hydrogen peroxide က ခြေထောက်မျက်နှာပြင်မှာ ရှိနေတဲ့ မှိုပိုးတွေကို သက်သာစေနိုင်သလို ခြေထောက်ကို ပိုးဝင်ကူးစက်နိုင်ခြေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင် တာကြောင့် ရေဝဲ၊ သဲဝဲ စားတဲ့နေရာတွေကို တစ်နေ့ (၂) ကြိမ် Hydrogen peroxide နဲ့ ဆေးကြောသန့်စင်ပေးပါ။
- လက်ဖက်ဆီ လိမ်းပေးပါ
လက်ဖက်ဆီက မှိုပိုးတွေကိုရော ဘက်တီးရီးယားတွေကိုပါ တိုက်ဖျက်ပေးနိုင်ပါတယ်။ လက်ဖက်ဆီကို သဲဝဲ၊ ရေဝဲ သက်သာစေဖို့ သုံးလို့ ရသလို ပွေး၊ ညှင်းစတဲ့ အရေပြားပြဿနာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရေဝဲ၊ သဲဝဲ ဖြစ်တဲ့နေရာကို လက်ဖက်ဆီ တိုက်ရိုက်အသုံးပြုပေးလို့ ရပါတယ်။ လက်ဖက်ဆီကို အုန်းဆီနဲ့ ရောစပ် အပူပေးပြီး အသုံးပြုပေးလို့ ရပါတယ်။
- တမာဆီ လိမ်းပေးပါ
တမာဆီကို မှိုပိုးတွေကို သက်သာစေဖို့၊ အရောင်ကျစေဖို့ သုံးကြပါတယ်။ ဒါကြောင့် မှိုပိုးကြောင့် ဖြစ်တဲ့ ရေဝဲ၊ သဲဝဲကို သက်သာစေဖို့ တမာဆီကို သုံးပေးလို့ ရပါတယ်။
- အရက်ပြန်နဲ့ ဆေးပေးပါ
ရေဝဲ ၊ သဲဝဲတွေကို သက်သာစေဖို့အတွက် အရက်ပြန်နဲ့ ဆေးကြောပေးလို့ ရပါတယ်။ အရက်ပြန်က ဘက်တီးရီးယားတွေကိုရော မှိုပိုးတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရေဝဲ၊ သဲဝဲ ရှိတဲ့နေရာကို အရက်ပြန်နဲ့ တိုက်ရိုက်ဆေးကြောသန့်စင်ပေးလို့ ရပါတယ်။
- ရှာလကာရည်နဲ့ ဆေးကြောပေးပါ
ရှာလကာရည်ကို ရေနဲ့ ရောပြီး ရလာတဲ့ အရည်ထဲကို ခြေထောက်ကို စိမ်ထားတာကလည်း ရေဝဲ၊ သဲဝဲတွေကို သက်သာစေနိုင်ပါတယ်။
- ဆားရည် စိမ်ပေးပါ
ဆားကြမ်းကို ရေနွေးနွေးနဲ့ ဖျော်စပ်ပြီး ခြေထောက်ကို ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် စိမ်ပေးတာကလည်း ရေဝဲ၊ သဲဝဲ သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
- ပေါင်ဒါမှုန့် လိမ်းပေးပါ
ကလေးပေါင်ဒါမှုန့်ကို သေချာသန့်စင်ပြီး ခြောက်သွေ့အောင် သုတ်ထားတဲ့ ရေဝဲ၊ သဲဝဲ ဖြစ်တဲ့ နေရာကို လိမ်းထားပေးတာကလည်း သဲဝဲ၊ ရေဝဲကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကို ရေနွေးနွေးလေးနဲ့ ဖျော်ပြီး ရလာတဲ့ အရည်ထဲကို ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ပေးတာကလည်း မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး ရေဝဲ၊ သဲဝဲတွေကို သက်သာစေနိုင်ပါတယ်။
ဒီလိုအခြေအနေဆို ဆရာဝန်နဲ့ ပြသပါ
အိမ်တွင်းကုထုံးတွေကို လုပ်ကြည့်ပေမယ့်
- ရက်သတ္တပတ် (၂) ပတ်လောက် ကြာတဲ့အထိ တိုးတက်မှု မရှိဘူးဆိုရင်
- ပိုးဝင်ကူးစက်မှုက ပိုဆိုးလာမယ်ဆိုရင်
- ခဏခဏ ပြန်ဖြစ်နေမယ်ဆိုရင်
- နာကျင်တဲ့ အနေအထား၊ ရောင်ရမ်းတဲ့ အနေအထားနဲ့ ပြည်တည်တာတွေက ပိုဆိုးလာတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ဒီနည်းလမ်းတွေက ရေဝဲ၊ သဲဝဲတွေကို သက်သာစေနိုင်တယ်ဆိုပေမယ့် ဆီးချိုရောဂါလိုမျိုး ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုတာထက် ပြနေကျ ဆရာဝန်နဲ့ သေချာ ပြသပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။