မိန်းမကိုယ်အရေပြား ယားယံမှုဖြစ်တာက တော်တော်လေး စိတ်မသက်မသာဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပေါ့။ သာမန်အရေပြားပေါ်မှာဖြစ်တဲ့ ယားယံမှုကတောင် ကသိကအောက် ဖြစ်စေနိုင်တယ်ဆိုရင် မိန်းမကိုယ် လိုမျိုးနေရာမှာ ယားယံမှုခံစားရရင်တော်တော် စိတ်ရှုပ်စရာကောင်းတယ်နော်။
ဒီလိုဖြစ်တဲ့အခါ မိန်းကလေးတော်တော်များများက ရှက်တာကြောင့် ဆရာဝန်ပြဖို့ မလုပ်ကြသလို မိခင်၊ အစ်မလိုမျိုး မိသားစုဝင်တွေကိုတောင် ဖွင့်ဟတိုင်ပင်ခဲကြပါတယ်။ ဒီဆောင်းပါးလေးမှာ လေဒီလေးတို့ သိထားသင့်တဲ့ မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့ဘယ်လို လုပ်ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။
ဘယ်လို အခြေအနေက မိန်းမကိုယ် ယားယံတာကို ဖြစ်စေတာလဲ!
ဒီအချက်တွေကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ်။
- မိန်းမကိုယ်တဝိုက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာမှုကြောင့်
- မှိုပိုးတွေဖြစ်ပေါ်လာမှုကြောင့်
- ကပ်ပါးပိုးတွေရှိနေတာ
- ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်းပမာဏ ကျဆင်းနေမှုကြောင့် မိန်းမကိုယ်က တစ်ရှူးတွေခြောက်သွေ့နေတာ
- သွေးဆုံးအကြိုလက္ခဏာ
- တင်းကျပ်လွန်းတဲ့ အတွင်းခံတွေ ဝတ်ဆင်တာတွေကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ်။
မိန်းမကိုယ် ယားယံတာကြောင့် စိတ်ညစ်နေပြီလား
မိန်းမကိုယ် ယားယံတာကြောင့် စိတ်ညစ်နေပြီလား …. မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့ဆိုရင်
- ရေများများသောက်ပေးပါ
ရေများများသောက်ပေးတဲ့အခါ မိန်းမကိုယ်မှာဖြစ်နေတဲ့ မှိုပိုးကူးစက်မှုကြောင့် ယားယံတာကို ခန္ဓာကိုယ်က မြန်မြန်တုံ့ပြန်ဖယ်ရှားနိုင်စေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။
- ဒိန်ချဉ် စားပေးပါ
ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားဖြစ်တဲ့ Lactobacillus acidophilus ပါဝင်နေတာကြောင့် အကျိုးပြု ဘက်တီးရီးယားတွေကို တိုးပွားစေပြီး ဘက်တီးရီးယားကြောင့် မိန်းမကိုယ် ယားယံတာကို သက်သာစေနိုင်မှာပါ။ အမျိုးသမီးတွေအနေနဲ့ ဒိန်ချဉ်ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် မှိုပိုးကူးစက်ခံရမှုနဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ မိန်းမကိုယ်ယားယံမှုပြဿနာကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။
- သန့်စင်တဲ့ ရေအေးအေးနဲ့ ဆေးကြောပေးပါ
မိန်းမကိုယ်ကို ရေအေးအေးနဲ့ ဆေးကြောသန့်စင်ပေးတာကလည်း ယားယံမှုကို သက်သာစေမှာပါ။ ရေနဲ့ ဆေးကြောသန့်စင်တဲ့အခါ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာမျိုးမလုပ်မိဖို့တော့လိုပါတယ်။
- ရေခဲဝတ်ကပ်ပေးပါ
မိန်းမကိုယ် အပြင်ဘက်ကို ရေခဲဝတ်နဲ့ ကပ်ပေးတာကလည်း မိန်းမကိုယ်ယားယံမှုကို သက်သာစေပါတယ်။ အဝတ်စသန့်သန့်ကို ရေခဲရေစွတ်ပြီး ၅ မိနစ် ကနေ ၁၀ မိနစ်အထိ ကပ်ပေးလို့ရပါတယ်။ ရေခဲအိတ် ကပ်ပေးလို့လည်း ရပါတယ်။ ရေခဲအိတ်ကပ်တဲ့အခါမှာ တိုက်ရိုက်ကပ်တာမျိုးမလုပ်ဘဲ ရေခဲအိတ်ကို အဝတ်စသန့်သန့်လေးနဲ့ ထုပ်ပြီးမှ ကပ်ပေးပါ။ ရေခဲရေ သန့်သန့လေးနဲ့ ဆေးကြောပေးလို့လည်း ရပါတယ်။
- အဝတ်အစားတွေကို ချောင်ချောင်ချိချိ ဝတ်ပေးပါ
မိန်းကလေးတော်တော်များများက ချပ်ချပ်ရပ်ရပ် လှချင်တာကြောင့် အဝတ်အစားတွေကို တင်တင်းကျပ်ကျပ် ဝတ်တာပါ။ ဒီထဲမှာမှ အတွင်းခံကို တင်းတင်းကျပ်ကျပ်ဝတ်ဆင်မှုကလည်း မိန်းမကိုယ်ယားယံစေတဲ့ အချက်တွေထဲကတစ်ခုပါ။
လေဝင်လေထွက်မကောင်းစေတဲ့ အဝတ်အစားတွေက အနံ့အသက်ဆိုးတွေကို ဖြစ်စေသလို အရေပြားယားယံမှုကိုပါ ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ်ဝတ်တာမျိုးကို တတ်နိုင်သမျှရှောင်ပါ။
- ချည်သားကိုဝတ်ဆင်ပေးပါ
အတွင်းခံရွေးချယ်တဲ့အခါ နိုင်လွန်ပါတဲ့ အတွင်းခံမျိုးကို မရွေးချယ်ဘဲ ချည်သားစစ်စစ်နဲ့လုပ်ထားတဲ့ အတွင်းခံမျိုးကိုပဲရွေးချယ်ဝတ်ဆင်ပေးပါ။ ချည်သားက အရေပြားထိခိုက်မှုကို နည်းစေသလို လေဝင်လေထွက်ကောင်းတာကြောင့် အနံ့အသက်ဆိုးဖြစ်ပေါ်တာနဲ့ အရေပြားယားယံမှုတွေကို သက်သာစေမှာပါ။
- ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့
အမျိုးသမီးတွေအနေနဲ့ ညအိပ်တဲ့အချိန်မှာတော့ အတွင်းခံဝတ်အိပ်တာမျိုး မလုပ်သင့်ပါဘူး။ ညအိပ်တဲ့အခါ ချည်သားဘောင်းဘီပွပွလေးဝတ်ဆင်တာလောက်နဲ့တင် အဆင်ပြေနေပါပြီ။ တစ်နေကုန်လုံး ဝတ်စုံအပြည့်အစုံဝတ်ဆင်ပြီးပြီမို့ ကျန်းမာလန်းဆန်းတဲ့ လေဒီလေးဖြစ်စေဖို့ ညအိပ်ချိန်မှာတော့ သက်သောင့်သက်သာနေဖို့ မမေ့ပါနဲ့။
- အစိုဓာတ်ထိန်းပစ္စည်း တစ်ခုခုသုံးပေးပါ
ဒါက သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့မှုကြောင့် ယားယံတာဆိုရင်တော့ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို သုံးပေးနိုင်ပါတယ်။
- တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးပါ
မိန်းကလေးတစ်ယောက် စမတ်ကျကျလှပဖို့ဆိုတဲ့နေရာမှာ တစ်ကိုယ်ရေသန့်ရှင်းရေးက တော်တော်လေး အရေးပါပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလွန်အကျွံမလုပ်မိဖို့လည်း လိုအပ်ပါသေးတယ်။
ရေချိုးတဲ့အခါတိုင်း မိန်းမကိုယ်ကို သန့်စင်ဆေးကြောပေးပါ။ လက်ကိုအရှေ့ဘက်ကနေ အနောက်ဘက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ။ ဆပ်ပြာတွေသုံးပြီး သန့်စင်တာမျိုး မလုပ်ပါနဲ့။ ရေသန့်သန့်နဲ့ သန့်စင်ပေးလို့ ရပါတယ်။
တကယ်လို့ မိန်းမကိုယ် ယားယံတာက ရက်သတ္တပတ် တစ်ပတ်လောက်ကြတဲ့အထိ မသက်သာဘူး။ ပုံမှန်မဟုတ်တဲ့ အဖြူတွေ၊ အရည်တွေ ဆင်းလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြပေးဖို့ လိုပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
မိန်းမကိုယ် ယားယံတာက လေဒီလေးတွေကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ပြီး လေဝင်လေထွက် ကောင်းစေဖို့ ချည်သား ပွပွချောင်ချောင်လေး ဝတ်ဆင်ပေးတာမျိုးတွေ လုပ်ပေးရင်း မိန်းမကိုယ် ကျန်းမာရေးကို ဂရုစိုက်ပေးလို့ ရပါတယ်။