ချောင်းဆိုးတာက တော်တော်လေး နေရခက်စေတဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ဒီလို ချောင်းဆိုးတာက ပြင်းထန်မယ်ဆိုရင် ညဘက်တွေမှာ သေသေချာချာ အိပ်မပျော်တာမျိုးအထိ ဖြစ်စေနိုင်သလို တစ်နေ့တာလုံးမှာ ချောင်းဆိုးနေရတာကလည်း ကိုယ်တိုင်ကိုရော ဘေးပတ်ဝန်းကျင်က သူတွေကိုပါ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လူကြားထဲမှာ အောင့်ထားရခက်အောင် ချောင်းဆိုးတာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။
လူကြားထဲ အောင့်ထားမရဘဲ ဆိုးတဲ့ချောင်းကို သက်သာစေဖို့
ချောင်းဆိုးတဲ့အခါ ချောင်းခြောက်ဆိုးတာမျိုး ရှိသလို ချွဲထွက်တဲ့ ချောင်းစို ဆိုးတာမျိုးလည်း ရှိပါတယ်။ ဒီလို ချောင်းဆိုးတဲ့အခါ သက်သာစေဖို့ဆိုရင် အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။
- ဆားရည်နွေးနဲ့ အာလုပ်ကျင်းပါ
ချောင်းဆိုးတာက အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာကြောင့် ဖြစ်ရတာဖြစ်ပြီး ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းတာကလည်း ချွဲတွေထွက်စေဖို့ရော ချောင်းဆိုးတာကို သက်သာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးပါ
ရေနွေးဆူဆူထဲကို လက်တစ်ဆစ်စာ ချင်း (ဂျင်း) ပြားလေးကို ၁၅ မိနစ်လောက်စိမ်ပြီး ဆားနည်းနည်းနဲ့ ဖျော်စပ်လို့ ခပ်နွေးနွေး အခြေအနေမှာ သောက်ပေးလို့ ရပါတယ်။
- ပျားရည် သောက်ပေးပါ
ပျားရည်စစ်စစ်လေးကို သံပုရာရည်နဲ့ ရောစပ်ပြီး သောက်ပေးလို့ ရသလို ရေနွေးနွေးလေးနဲ့ ရောဖျော်ပြီး သောက်ပေးလို့လည်း ရပါတယ်။
- ပင်စိမ်း
ပင်စိမ်းကို သန့်စင်နေအောင် ဆေးကြောပြီး သတ္တုရည်ကို ညှစ်ယူလို့ ဆားနည်းနည်းနဲ့ ရောပြီး သောက်ပေးတာ ကလည်း ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။
- ရေနွေးငွေ့ရှူပါ
ရေနွေးငွေ့ရှူပေးတာကလည်း အသက်ရှူလမ်းကြောင်း ကျန်းမာစေသလို ချောင်းဆိုးတာကို သက်သာစေဖို့ လည်း ထောက်ကူပေးနိုင်ပါတယ်။ အခြားနည်းလမ်း တစ်ခုအနေနဲ့လည်း ရေနွေးနဲ့ ရေချိုးပေးလို့ ရပါတယ်။
ချောင်းဆိုးနေချိန်မှာ ပိုမဆိုးစေဖို့ ဒါတွေကို ရှောင်ပါ
ချောင်းဆိုးနေချိန်မှာ ချောင်းဆိုးတာကို ပိုဆိုးမလာစေဖို့အတွက် ဆေးလိပ်သောက်တာ၊ နို့ထွက်ပစ္စည်းတွေကို စားသုံးတာတွေကို မလုပ်ဖို့ လိုပါမယ်။ အဆီများတာတွေကို ရှောင်ဖို့နဲ့ ဆီကြော်စာတွေကို ရှောင်ဖို့လည်း လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ချောင်းဆိုးတာက ပြင်းထန်လာမယ်၊ အမြဲလိုလို ချောင်းဆိုးနေမယ်၊ အခြား စိုးရိမ်စရာလက္ခဏာတွေကို ခံစားရမယ်ဆိုရင်တော့ ချောင်းဆိုးတာကို တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး ကုသဖို့ လိုပါမယ်။