သွားကိုက်နေတာ သက်သာစေဖို့

သွားကိုက်နေတာ သက်သာစေဖို့
သွားကိုက်နေတာ သက်သာစေဖို့

သွားကိုက်တာက တစ်နေ့တာရဲ့ အလုပ်တွေကို ပျက်စေသလို အာရုံစူးစိုက်ဖို့လည်း အတော်လေး ခက်လှပါတယ်။ သွားကိုက်သွားနာတဲ့အခါ ထိရောက်တဲ့ ကုသမှု ခံယူပါမှ သက်သာရာရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သွားကိုက်တာကို သွားဆေးခန်းသွားဖို့အဆင်မပြေသေးတဲ့အခြအနေမျိုးမှာ သွားကိုက်နေတာ ပြင်းပြင်းထန်ထန် ခံစားရတာမျိုးကနေ သက်သာစေဖို့အတွက် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ 

ဘာကြောင့် သွားကိုက်ရတာလဲ!

သွားကိုက်ရတာက အမျိုးမျိုးသော အကြောင်းအရင်းတွေ ရှိနိုင်ပါတယ်။ 

  • သွားပိုးစားနေတာ
  • သွားပေါက်ဖြစ်နေတာ
  • ပါးစပ်ထဲမှာ ပိုးဝင်ကူးစက်နေတာ
  • ခံတွင်းကျန်းမာရေး ပြဿနာရှိနေတာတွေကြောင့် သွားကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ 

သွားကိုက်ရင် ဘယ်လို ခံစားရနိုင်လဲ!

သွားကိုက်နေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • သွားတဝိုက်က နာမယ်
  • မေးရိုးတဝိုက်က နာမယ်
  • အဖျားတက်မယ်
  • ခံတွင်းနံ့ဆိုးမယ်
  • သွားဖုံးသွေးယိုမယ်
  • ရောင်ရမ်းနေမယ်
  • သွားတွေက အထိမခံနိုင်ဘဲ နာမယ်
  • သွားဖုံးနဲ့ ပါးတွေက ရောင်နေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ 

သွားကိုက်တာကို သက်သာစေဖို့

သွားကိုက်တာကို သက်သာစေဖို့ဆိုရင် အခုလို လွယ်ကူမြန်ဆန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ 

  • ဆားရည်နဲ့ အာလုပ်ကျင်းပါ

သွားကိုက်နေတာကို သက်သာစေဖို့ အလွယ်ဆုံးနည်းလမ်းက ဆားကို ရေနွေးနွေးလေးနဲ့ ဖျော်ပြီး ခပ်တွေးနွေး အခြေအနေမှာ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိ လုပ်ပေးလို့ ရပါတယ်။ 

  • ရေခဲကိုက်ပေးပါ

ရေခဲတုံးခပ်ရွယ်ရွယ်လေးတွေကို ကိုက်နေတဲ့သွားနဲ့ ထပ်ဖွဖွလေး ဖိကိုက်ထားပေးတာကလည်း သွားကိုက်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • မာလကာရွက် ဝါးပေးပါ

သွားကိုက်နေချိန်မှာ မာလကာရွက်ကို ရေစင်အောင်ဆေးပြီး ကြိတ်ဝါးပေးတာကလည်း မာလကာရွက်မှာ ပါတဲ့ အရောင်ကျစေနိုင်တဲ့ အာနိသင်နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ကြောင့် သွားကိုက်တာကို သက်သာစေနိုင်ပါတယ်။ 

  • ရှားစောင်းလက်ပပ်နဲ့ လိမ်းပေးပါ

သွားကိုက်နေပြီဆိုရင် သွားကိုက်နေတဲ့ သွားနဲ့ သွားဖုံးကို ရှားစောင်းလက်ပပ်အတွင်းသားကို အစေးထုတ်ပြီး ကပ်ပေးလို့ ရပါတယ်။ ဒီလိုလုပ်တာကလည်း သွားကိုက်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • လေးညှင်းပွင့်

လေးညှင်းပွင့်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိနေတာကြောင့် သွားကိုက်နေတာကို သက်သာစေဖို့ လေးညှင်းပွင့်ကို ရေစင်အောင်ဆေးကြောပြီး ကိုက်ဝါးပေးလို့ ရပါတယ်။ ရေနွေးနွေးနဲ့ စိမ်ပြီး အာလုပ်ကျင်းပေးလို့လည်း ရပါတယ်။

  • ပူဒီနာရွက်

သွားကိုက်နေချိန်မှာ ပူရှိန်းရှိန်းအရသာရှိတဲ့ ပူဒီနာရွက်ကို ကိုက်ဝါးတာကလည်း သွားကိုက်တာကို သက်သာစေနိုင်ပါတယ်။ ရေနွေးနွေးနဲ့ စိမ်ပြီး အာလုပ်ကျင်းပေးလို့လည်း ရပါတယ်။

  • စမုန်ဖြူ

စမုန်ဖြူရွက်ကို ကိုက်ဝါးတာကလည်း သွားကိုက်တာကို သက်သာစေနိုင်ပါတယ်။ ရေနွေးနွေးနဲ့ စိမ်ပြီး အာလုပ်ကျင်းပေးလို့လည်း ရပါတယ်။

အခုပြောပြတဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းပေမယ့် ၁ ရက် ကနေ ၂ ရက်ကျော်တဲ့အထိ မသက်သာဘဲ ဖြစ်မယ်ဆိုရင်တော့ သွားဆရာဝန်နဲ့ သေချာလေး ပြသကုသဖို့ လိုပါမယ်။ 

Lotoshinn ရဲ့ စကားလက်ဆောင်

သွားကိုက်တာက အခံရခက်တာကြောင့် သွားကိုက်တာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နေ့စဉ် မနက် တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်ပါ။ သွားကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကိုရှောင်ကြဉ်ပါ။ ချိုပြီးကပ်စေးတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။ စားမိပြီးရင်လည်း သွားကို သေချာလေး တိုက်ပါ။ အာလုပ်ကျင်းပါ။ ပုံမှန် သွားဆေးခန်းကို သွားရောက်ပြီး စစ်ဆေးကုသမှုကို ခံယူပါ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *