စိတ်ဖိစီးမှုဆိုတာက ကလေးရော လူကြီးပါ ကြုံတွေ့ခံစားရနိုင်တဲ့ ရှောင်လွှဲဖို့ခက်တဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလိုတောင် ဖြစ်လာနေပါတယ်။ ဒီလိုရှောင်လွဲဖို့ ခက်တဲ့စိတ်ဖိစီးမှုကြောင့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာ တွေကို စွမ်းဆောင်နိုင်စွမ်းအပေါ်မှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင်လေး ဖန်တီးကြည့်လိုက်ပါ လို့ အကြံပြုချင်ပါတယ်။ စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင် ဘယ်လို ဖန်တီးရမလဲ မသိဘူးဆိုရင်တော့ နည်းလမ်းလေးတွေကို ဆက်ကြည့်လိုက်တော့နော်။
စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ကိုယ်တိုင်လေး ဖန်တီးကြည့်လိုက်ပါ
စိတ်ဖိစီးမှုကင်းတဲ့ နေ့စဉ်ဘဝကို ဖန်တီးဖို့ဆိုရင် အခုလို အလေ့အထလေးတွေကို ပျိုးထောင်လိုက်နာကျင့်သုံးဖို့ လိုပါမယ်။
- အလောတကြီး မလုပ်ပါနဲ့
အရေးကြီးတဲ့ အလုပ်တွေကိုရော နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေကိုပါ လုပ်ဆောင်တဲ့အခါ အလောတကြီး လုပ်ဆောင်တာမျိုး မလုပ်ဘဲ လုံလောက်တဲ့ အချိန်တစ်ခုထားလို့ စိတ်အေးလက်အေး အာရုံစူးစိုက်ပြီး လုပ်ပေးပါ။ အလောတကြီးလုပ်တာက မလိုအပ်ဘဲ စိတ်ဖိစီးမှု များစေလို့ပါ။ ဒါကြောင့် နေ့တိုင်း အလုပ်တိုင်းကို လောလော လောလော မလုပ်ပါနဲ့။
- အိပ်ရေးဝဝအိပ်ပါ
ညတိုင်းမှာ အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီလောက်အထိ ရှိဖို့ ဂရုစိုက်ပေးပါ။ ညဘက်မှာ အိပ်မပျော်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ နေ့တိုင်းမှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ပေးပါ။
- ကိုယ့်ကိုယ်ကိုယ် အနားပေးပါ
ကိုယ်တိုင်ကို အနားပေးဖို့ မေ့နေတာကလည်း စိတ်ဖိစီးမှု များစေတဲ့ အကြောင်းအရာပါ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အနားပေးတာ၊ ဝါသနာပါရာတွေ လုပ်ရင်း စိတ်ရောကိုယ်ပါ အနားယူပေးပါ။
- ရယ်မောပါ
ရယ်မောခြင်းက စိတ်ခံစားမှုကို ကောင်းစေပါတယ်။ ဒါကြောင့် ရယ်မောစရာ တစ်ခုခု တွေ့တဲ့အခါ ဘာကိုမှ စိုးထိတ်မနေဘဲ ကျယ်ကျယ်လောင်လောင် ရယ်မောပေးပါ။ တစ်ယောက်တည်း ဖြစ်နေရင်တောင် ရယ်မောလိုက်ပါ။
- သူငယ်ချင်းတွေ မိသားစုတွေနဲ့ ရင်းရင်းနှီးနှီးနေပါ
နေ့စဉ်တိုင်းမှာ ချစ်ခင်ရင်းနှီးရသူတွေနဲ့ ပြောဆိုတွေ့ဆုံတာ အချိန်ပေးတာတွေက စိတ်ဖိစီးမှုကင်းစေမယ့် အကောင်းဆုံး ဆေးဝါးတစ်ရပ်ပါ။ ဒါကြောင့် တစ်နေ့တာမှာ မိသားစုအချိန်လေး ပါဝင်အောင် ဖန်တီးဖို့ မမေ့ပါနဲ့။

- အလုပ်တွေကို အစီအစဉ်ချထားပါ
တစ်နေ့တာမှာ လုပ်ဆောင်ရမယ့် အလုပ်တွေကို စီကာစဉ်ကာရေးချထားဖို့ မမေ့ပါနဲ့။ အရေးအကြီးဆုံးကနေ စလို့ အသေးဆုံးအထိပေါ့။ ဒီလိုမျိုး အလုပ်တွေကို အစီအစဉ်တကျ လုပ်ဆောင်တာကလည်း စိတ်ဖိစီးမှု ကင်းစေဖို့ နည်းလမ်းကောင်းတစ်ရပ်ပါပဲ။
- အခြားသူတွေကို ကူညီပေးပါ
အားတဲ့အချိန်လေးတွေကို သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေနဲ့ အကူအညီ လိုအပ်သူတွေကို ကူညီပေးတာက လည်း စိတ်ကျေနပ်မှု ရစေပြီး စိတ်ဖိစီးမှု ကင်းတဲ့ နေ့စဉ်ဘဝကို ဖန်တီးနိုင်မှာပါ။
- နေ့တိုင်း တက်တက်ကြွကြွနေပါ
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာ တင်းအားတွေကိုရော ရုပ်ပိုင်းဆိုင်ရာ တင်းအားတွေကိုပါ ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းမှာ လမ်းလျှောက်တာကစလို့ တတ်နိုင်သမျှ ကိုယ်လက်လှုပ်ရှားမှု လေးတွေ လုပ်ဆောင်ပေးပြီး နေ့တိုင်း တက်တက်ကြွကြွ နေပါ။
- အကျင့်ဆိုးတွေကို စွန့်လွှတ်ပါ
နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကင်းစေဖို့ အကျင့်ဆိုးတွေ ဖြစ်ကြတဲ့ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီး အသုံးပြုတာမျိုးတွေ မလုပ်ပါနဲ့။ နောက်တစ်ချက်က ကဖင်း အလွန်အကျွံ သုံးစွဲတာမျိုးပါ။ ဒီအခြေအနေတွေက သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်သလို စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု ကင်းစေဖို့ အကျင့်ဆိုးတွေကို စွန့်လွှတ်ပေးပါ။
- အသစ်တွေကို သင်ယူပါ
အချိန်အားတဲ့အချိန်တွေမှာ အသစ်အသစ်သော နည်းလမ်းတွေကို သင်ယူပါ။ ဘာသာစကား အသစ်တွေကို သင်တာမျိုး၊ အသစ်အသစ်သော ပညာရပ်တွေကို သင်ကြားတာမျိုးတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
စိတ်ဖိစီးမှုက နေ့စဉ်ဘဝမှာ ရှောင်လွှဲဖို့ ခက်ပေမယ့် စိတ်ဖိစီးမှုကြောင့် သက်ရောက်မှု လျော့ကျစေဖို့ နေ့စဉ်တိုင်းမှာ ကျန်းမာတဲ့ အလေ့အထတွေကို လိုက်နာလုပ်ဆောင်ရင်း ကျန်းမာပျော်ရွှင်ပြီး စိတ်ဖိစီးမှု ကောင်းတဲ့ နေ့စဉ်ဘဝတွေကို ဒီနေ့ကစပြီး ကိုယ်တိုင်ဖန်တီးလိုက်တော့နော်။





