အလိုလိုနေရင်း စိတ်ထဲမကြည်မလင်ခံစားရတာ၊ ဘာပဲကြားကြား ဘာပဲမြင်မြင်ဒေါသထွက်ချင်ချင် ဖြစ်နေတာ၊ နည်းနည်းလေး အဆူခံရရင်တောင် အော်ဟစ်ငိုယိုချင်တာမျိုးခံစားနေရပြီဆိုရင်တော့ ဒါက ရာသီလာခါနီးအကြိုအနေနဲ့ စိတ်ခံစားမှု မကောင်းတာကို ခံစားနေရပြီလို့ ပြောလို့ ရပါတယ်။
ရာသီလာခါနီး Mood Swing တယ်ဆိုတာ ဘာလဲ!
မနက်ခင်းနိုးလာချိန်မှာ ကြည်ကြည်လင်လင် နိုးထလာပေမယ့် အိပ်ရာထပြီး ၁ နာရီ ကနေ ၂ နာရီလောက် ကြာပြီးချိန်မှာ အကြောင်းအရင်းမရှိဘဲ စိတ်ထဲနေရ အဆင်မပြေတာ၊ ခြေကုန်လက်ပမ်းကျ နေသလို၊ စိတ်အရမ်းပင်ပန်းသလို ခံစားနေရတာမျိုး ခံစားနေရပြီဆိုရင်တော့ ရာသီအကြို စိတ်ခံစားမှု အတက်အကျမြန်တာကို ခံစားနေရတာပါ။ ဒီလိုဖြစ်ရတာက ဟော်မုန်းအတက်အကျမြန်နေတာကြောင့် ဖြစ်ရတာပါ။
ဒီအခြေအနေကို ခံစားရတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ခံစားရတာမျိုး ရှိနိုင်ပါတယ်။ အချို့မှာ စိတ်ခံစားမှု မကောင်းတာမျိုး ခံစားရနိုင်တယ်ဆိုပေမယ့် အချို့မှာတော့ လေပွတာ ကိုယ်လက်တွေ ကိုက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။
ရာသီလာခါနီး Mood Swing နေပြီဆိုရင် လူက အလိုလိုနေရင်း
- ဝမ်းနည်းတာ
- စိတ်အလိုမကျဖြစ်ပြီး စိတ်ပင်ပန်းတာ
- စိုးရိမ်သောကများနေတာ
- ဒေါသထွက်လွယ်တာ
- အကြောင်းအရင်းမရှိဘဲ ရုတ်တရက် စိတ်ခံစားချက် ပြောင်းသွားတာ
- အိပ်မပျော်တာ၊ အိပ်မရတာ
- အာရုံစိုက်ဖို့ ခက်တာ
- ခြေကုန်လက်ပမ်းကျတာ
- အားမရှိသလို ခံစားရတာ
- နေ့စဉ်အလုပ်တွေလုပ်ဖို့ စိတ်မဝင်စားတာ
- ငိုပဲငိုချင်နေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
ဘာကြောင့် ခံစားရတာလဲ!
ရာသီလာခါနီးမှာ Mood Swing တာကို ခံစားရနိုင်တဲ့ အကြောင်းအရင်း (၂) ရပ်ရှိပါတယ်။
(၁) Premenstrual dysphoric disorder (PMDD) – PMDD က ရာသီအကြိုလက္ခဏာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် PMS ထက်တော့ လက္ခဏာတွေကို ပိုပြင်းပြင်းထန်ထန် ခံစားရတာမျိုး ရှိပါတယ်။ ဒီလို Mood Swing တာက နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်တာမျိုးအထိ ခံစားရနိုင်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ သိရတာက အမျိုးသမီးတွေရဲ့ 75% လောက်က PMS ကို ခံစားကြရပြီး အမျိုးသမီး ၁၀၀ မှာ ၃ ယောက်ကနေ ၈ ယောက်လောက်ကတော့ PMDD ကို ခံစားရတာမျိုး ရှိနိုင်ပါတယ်။
(၂) Premenstrual exacerbation – ဒီအခြေအနေကတော့ ရှိရင်းစွဲလက္ခဏာတွေက ရာသီလာချိန်မှာ ပိုဆိုးလာတာမျိုးကို ဆိုလိုချင်တာပါ။ ရာသီလာခါနီး အကြိုကာလမှာ နဂိုကလည်းက ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်အတက်အကျမြန်တဲ့ပြဿနာ၊ စိတ်ဓာတ်ကျတာတွေက ပိုဆိုးလာတာပါ။
ရာသီလာခါနီး Mood Swing တာကို လေဒီလေးတိုင်း ခံစားရတာလား!
ရာသီလာခါနီးတိုင်း Mood Swingတာကို လေဒီလေးတိုင်း ခံစားရနိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ လေဒီလေးတိုင်းက ရာသီလာခါနီးမှာ စိတ်ဆိုးဒေါသထွက် စိတ်ဓာတ်ကျနေမယ်လို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ စိတ်ခံစားချက် မကောင်းတာကို ဖြေရှင်းကျော်လွှားလို့ ရတဲ့ နည်းလမ်းလေးတွေလည်း ရှိပါသေးတယ်။
ရာသီလာမယ့်ရက် မတိုင်ခင် ရက်သတ္တပတ် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက် အလိုမှာကတည်းက ရာသီအကြို စိတ်ခံစားမှု ပြောင်းလဲတာကို ခံစားရနိုင်ပါတယ်။
ဘယ်လောက်ကြာကြာခံစားရနိုင်လဲ!
ရာသီလာခါနီး Mood Swingတာကို ရာသီလာခါနီး ၁၀ ရက်အလိုကနေ ရာသီလာတဲ့ ပထမရက် ကနေ ဒုတိယရက်အထိ ခံစားရနိုင်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ!
လေဒီလေးတွေ ရာသီမလာခင်မှာ ခံစားရတဲ့ Mood Swing တာနဲ့ ရာသီအကြိုလက္ခဏာတွေဟာ အဓိကကတော့ ရာသီလာခါနီး ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲတာတွေကြောင့်ပါ။ ဟော်မုန်း အတက်အကျမြန်တဲ့အချိန်မှာ ပိုပြီးခံစားရတာပါ။
သားဥကြွေမှုဖြစ်စဉ်က ရာသီစက်ဝန်းရဲ့ တစ်ဝက်လောက်မှာ ဖြစ်တာပါ။ ဒီကာလမှာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းပမာဏ ကျဆင်းသွားပြီး သားဥတွေကို ခန္ဓာကိုယ်က ထုတ်လွှတ်ပါတယ်။ ဒီလို ဟော်မုန်းပြောင်းလဲမှုက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။
ကိုယ်တွင်းမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းပမာဏ ပြောင်းလဲမှုက ဆီရိုတိုနင်ဟော်မုန်း ထွက်ရှိမှုအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဒီအနေအထားက စိတ်ခံစားမှု၊ အစားစားချင်စိတ်နဲ့ အိပ်စက်မှုစက်ဝန်းတွေ ထိန်းချုပ်မှုအပေါ်မှာ အထောက်အကူဖြစ်စေပါတယ်။ ဆီရိုတိုနင်ဟော်မုန်းပမာဏ ကျဆင်းနေတာက ဝမ်းနည်းတာ၊ ခြေကုန်လက်ပမ်းကျတာတွေအပြင် အိပ်စက်မှုအနှောင့်အယှက်ဖြစ်တာ၊ စားနေကျ မဟုတ်တာတွေကို စားချင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းလို့ရမလဲ!
ရာသီမလာခင်အကြိုကာလမှာ ခံစားရတဲ့ Mood Swing တာကို ထိထိရောက်ရောက် ဖြေရှင်းဖို့ဆိုရင် အရင်ဆုံးလုပ်ရမှာက လက္ခဏာတွေကို သေချာလေး စောင့်ကြည့်ဖို့ပါ။ အရင်က သေချာ သတိမထားမိဘူးဆိုရင် အခုလက်ရှိ အချိန်ကစပြီး သေချာလေး ဂရုစိုက်ကြည့်ဖို့ လိုပါမယ်။
ရာသီမလာခင် ၁၀ ရက်အလိုလောက်ကနေ သေချာလေးစောင့်ကြည့်ဖို့လိုပါမယ်။ တကယ်လို့ ရာသီလာမယ့်ရက်ကို ကိုယ်တိုင်က သေချာမသိတာမျိုး ဖြစ်မယ်ဆိုရင် ဖုန်းထဲမှာ အလွယ်တကူ ထည့်ထားလို့ရတဲ့ period-tracking အက်ပ်လေးကို ထည့်ထားပြီး မှတ်ထားလို့ ရပါတယ်။ ဒီလို လေ့လာနေတဲ့အချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို သေချာလေး စောင့်ကြည့်ထားဖို့ လိုပါမယ်။
ဟော်မုန်းပါတဲ့ သားဆက်ခြားနည်း
ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေဖြစ်ကြတဲ့ သောက်ဆေးသောက်တာ၊ ကပ်ခွာသုံးတာတွေက ရာသီအကြိုကာလမှာ လေထိုးလေအောင့်တာ၊ ရင်သားတွေတင်းပြီး နာတာနဲ့ အခြားသော ရုပ်ပိုင်းဆိုင်ရာမှာ ခံစားရတဲ့ ရာသီအကြိုလက္ခဏာတွေ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အချို့သူတွေမှာဆိုရင် စိတ်ခံစားပြောင်းလဲတာလိုမျိုး စိတ်ခံစားမှုဆိုင်ရာလက္ခဏာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင် ပါတယ်။
ဒါပေမယ့် ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေက အချို့သူတွေမှာ Mood Swing တာကို ပိုဆိုးစေနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းကို သုံးမယ်ဆိုရင် ဘယ်နည်းလမ်းက အဆင်အပြေဆုံးဖြစ်မလဲဆိုတာကို သိရှိနိုင်ဖို့ သေချာလေး စမ်းသပ်ကြည့်ဖို့ လိုပါမယ်။
အိမ်တွင်းကုထုံးများ
ကယ်လ်ဆီယမ် ကြွယ်ဝအောင် စားပါ
အချို့သော ဗီတာမင်တွေက ရာသီအကြိုလက္ခဏာတွေနဲ့ ရာသီမလာခင် Mood Swing တာကို သက်သာစေနိုင်ပါတယ်။ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ကြတဲ့
- နို့
- ဒိန်ချဉ်
- ချိစ်
- အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက ရာသီလာခါနီး Mood Swing ချိန်မှာ ခံစားရတဲ့ ဝမ်းနည်းတာ၊ စိတ်ပင်ပန်းတာ၊ စိုးရိမ်စိတ်များတာတွေကို သက်သာစေနိုင်ပါတယ်။
ဗီတာမင် B6 ပြည့်ဝအောင် စားပါ
ဗီတာမင် B6 ကလည်း Mood Swing တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် B6 ကြွယ်ဝတဲ့
- ငါးတွေ
- ကြက်သား
- ကြက်ဆင်သား
- သစ်သီး
- ဗီတာမင် B6 ဖြည့်စွက်ထားတဲ့ ဆီရီယယ်တွေကို စားပေးဖို့ လိုပါမယ်။
ဘဝနေထိုင်မှုပုံစံ ပြောင်းလဲပါ
ဘဝနေထိုင်မှုပုံစံပြောင်းလဲတာကလည်း ရာသီမလာခင် စိတ်ခံစားမှု ပြောင်းလဲတာကို သက်သာစေနိုင်ပါတယ်။
- လေ့ကျင့်ခန်း လုပ်ပါ – တစ်ပတ်ကို ၃ ရက်လောက် မိနစ် ၃၀ ထက်မနည်း လုပ်ပေးမယ်ဆိုရင် နေ့စဉ်ဘဝမှာ ကိုယ်ရောစိတ်ပါ ကျန်းမာစေမယ့်အပြင် ရာသီအကြိုကာလမှာ ဝမ်းနည်းတာ၊ စိတ်မသက်မသာဖြစ်တာ၊ စိုးရိမ်စိတ်လွန်ကဲတာတွေကို သက်သာစေနိုင်ပါတယ်။
- အာဟာရပြည့်ဝမျှတအောင် စားပါ – နေ့စဉ်စားသုံးမှုမှာ အမြန်စား၊ အသင့်စားတွေကို စားနေမယ်ဆိုရင် ရာသီအကြိုကာလမှာ စိတ်ခံစားမှုပြောင်းလဲတာကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် သကြားတွေ အများကြီးစားတာ၊ အဆီတွေ၊ အငံတွေအစားများတာက စိတ်ခံစားမှုပြောင်းလဲတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလို အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပြီး သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေ၊ အသား၊ ငါး စတာတွေကို သင့်တင့်မျှတအောင် စားသုံးပေးဖို့ လိုပါမယ်။ ရေလုံလောက်အောင် သောက်ဖို့လည်း မမေ့ပါနဲ့။
- အိပ်ရေးဝဝအိပ်ပါ – အိပ်ရေးပျက်တာက စိတ်ခံစားမှုအပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ညကို အနည်းဆုံး ၇ နာရီ ကနေ ၈နာရီကြားရှိအောင် အိပ်ဖို့ လိုပါမယ်။ ရာသီအကြိုကာလတွေမှာ တတ်နိုင်သမျှ အိပ်ရေးပျက်မခံပါနဲ့။
- စိတ်ဖိစီးမှု လျှော့ချပါ – စိတ်ဖိစီးမှုတွေများနေတာက Mood Swing တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ဝင်လေထွက်လေမှတ်တာလိုမျိုး အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တာ၊ ယောဂလေ့ကျင့်တာ၊ တရားထိုင်တာတွေလုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျော့ပါ။
- ဆေးသောက်ပါ – စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ဆေးဝါးတွေကို သောက်သုံးတာကလည်း ရာသီအကြိုကာလ Mood Swing တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ Selective serotonin reuptake inhibitors (SSRIs)ဆေးဝါးတွေကို ဆရာဝန်ညွှန်းကြားချက်နဲ့ သောက်သုံးပေးလို့ ရပါတယ်။
Lotoshin ရဲ့ စကားလက်ဆောင်
ရာသီလာချိန်မှာ Mood Swing တာကို လေဒီလေးတိုင်း ခံစားရနိုင်ပြီး နေ့စဉ်နေထိုင်မှုကို သေချာလေး ဂရုစိုက်ရင်း အကောင်းဆုံး ကျော်လွှားလို့ ရပါတယ်။ Mood Swing တာကို သေချာလေး မထိန်းသိမ်းမိဘူးဆိုရင် စိတ်ခံစားမှုကြောင့် ဒေါသဖြစ်ရင်း ဆက်ဆံရေးတွေ ထိခိုက်တာမျိုး၊ ဝမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရင်း အာဟာရပြည့်ဝမျှတအောင်စားတာ၊ အိပ်ရေးဝဝအိပ်တာတွေ လုပ်ရင်း စိတ်ရောကိုယ်ပါ ကျန်းမာတဲ့ ရာသီအကြိုကာလတွေကို ကျော်ဖြတ်ကြဖို့ အကြံပြုလိုက်ပါရစေနော်။