ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာအရရော ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုအပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအရမှာပါ အများကြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို မေမေတိုင်း ခံစားဖူးကြမှာပါ။ ဒါပေမယ့် အသစ်စက်စက် မိခင်လောင်းလေးတွေအတွက်ကတော့ ကြုံရသမျှတိုင်းကို ဖြေရှင်းဖို့ အဖြေရှာရ ခက်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာလေး တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်လိုလေးတွေ လုပ်ဆောင်လို့ ရလဲဆိုတဲ့အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။
ဝမ်းချုပ်တယ်ဆိုတာ ဘာလဲ!
ဝမ်းချုပ်တယ်ဆိုတာကို တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဝမ်းချုပ်တယ်ဆိုတာက ဝမ်းသွားရခက်နေတာမျိုး၊ ဝမ်းကပုံမှန်ထက် မာနေတာမျိုး ဝမ်းကတစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ သွားတာမျိုးဆိုရင်တော့ ဝမ်းချုပ်နေပြီလို့ ဆိုရမှာပါ။
ဝမ်းချုပ်တာက လူတိုင်းလိုလို နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နေချိန်မှာ ဝမ်းချုပ်တာက ပုံမှန်ထက် ခံစားရနိုင်ခြေ ပိုများနေပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို ဘယ်အချိန်မှာ စခံစားရနိုင်လဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ကိုယ်တွင်းမှာ ဟော်မုန်းပမာဏတွေ စတင်မြင့်တက်လာတဲ့ ကာလ အပိုင်းအခြားဖြစ်တဲ့ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်း ဒုတိယနဲ့ တတိယလတွေမှာ အစောဆုံးအနေနဲ့ ခံစားရနိုင်ပါတယ်။
ဘယ်လောက်ထိ အဖြစ်များလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ကိုယ်ဝန်ဆောင်မိခင် အယောက် ၁၀၀ မှာ ၁၆ ဦး ကနေ ၃၉ ဦးလောက်အထိ ခံစားရလေ့ရှိပြီး ကိုယ်ဝန်ဆောင်တာကို ကိုယ်ဝန်ဆောင်ကာလ ပထမပိုင်း ၃ လပတ်မှာ စတင် ခံစားရပြီး ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ်မှာတော့ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ ဒီလို ဝမ်းချုပ်တာက ဘေဘီလေးကို မွေးဖွားပြီးချိန် ၃ လလောက်အထိ ဆက်တိုက် ခံစားရနိုင်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ခံစားရတာက –
ပရိုဂျက်စတုန်း မြင့်တက်လာတာ – ကိုယ်ဝန်ဆောင်ထားရချိန်မှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်းပမာဏ မြင့်တက်လာပြီး ဒီဟော်မုန်းက အူတွေနဲ့ အူမကြီးကို သက်တောင့်သက်သာ နားနေစေပြီး အူတွေက လုပ်ဆောင်မှု ကို ထိထိရောက်ရောက် မလုပ်ဆောင်တော့တာကြောင့် ဝမ်းသွားဖို့ ခက်တာ၊ ဝမ်းချုပ်တာကို ခံစားရတာပါ။
ဒီအခြေအနေက အူနံရံတွေက အာဟာရတွေကို စုပ်ယူမှုဖြစ်စဉ်ကို နှောင့်နှေးစေသလို အူမကြီးထဲမှာ အစာဟောင်းတွေ အချိန်ကြာမြင့်စွာ ရှိနေတာကလည်း အူတွင်းရေဓာတ်ကို ဆုံးရှုံးစေပြီး ဝမ်းတွေကို မာတာ၊ ဝမ်းစွန့်ထုတ်ရ ခက်တာမျိုးတွေ ခံစားရတာပါ။
ဘေဘီလေး ကြီးထွားလာတာ – နောက်တစ်ချက်ကတော့ သားအိမ်ထဲမှာ ဘေဘီလေးက ကြီးထွားလာလေလေ ဘေဘီလေးရဲ့ ကိုယ်အလေးချိန်က အူမကြီးပေါ် ဝန်ပိစေလေလေ ဖြစ်ရင်းက အစာဟောင်းတွေကို စွန့်ထုတ်ဖို့ ခက်ခဲပြီး ဝမ်းချုပ်တာကို ခံစားရတာပါ။
ကိုယ်ဝန်ဆောင် အားဆေးတွေ – ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့အတွက် သံဓာတ်နဲ့ ဗီတာမင်တွေကို ဖြည့်စွက်စားသုံးရတာမျိုးတွေ ရှိပါတယ်။ ဒီဗီတာမင်အာဟာရဓာတ်တွေက ဘေဘီလေးဆီ အောက်ဆီဂျင်ရောက်ရှိမှု ကောင်းစေဖို့ ဘေဘီလေးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ဒီဆေးတွေ သော်ကနေရချိန်မှာ ရေကို လုံလောက်အောင် မသောက်မိတာကလည်း ကိုယ်ဝန်ဆောင် ချိန်မှာ ဝမ်းချုပ်တာကို ခံစားရစေနိုင်ပါတယ်။
နေထိုင်စားသောက်မှုပုံစံ – နေ့စဉ်တိုင်းမှာ ရေဓာတ်ပြည့်ပြည့်ဝဝ မသောက်သုံးမိတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပြီး အထိုင်များတာ၊ အမျှင်ဓာတ် လုံလောက်အောင် မစားမိတာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာ ကို ဖြစ်စေနိုင်ပါတယ်။
ဝမ်းချုပ်နေပြီလား ဘယ်လိုသိနိုင်မလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်နေပြီဆိုရင်တော့ အခုလိုလေးတွေ ခံစားရနိုင်ပါတယ်။
- ဝမ်းသွားတဲ့အခါ ဝမ်းကုန်သွားတယ်လို့ မခံစားရတာ
- တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ဝမ်းသွားတာ
- ဗိုက်ကဖောင်းကားနေပြီး ဝမ်းသွားရခက်နေတာ
- ဝမ်းက မာပြီး သွားရခက်နေတာ
- ဝမ်းသွားတိုင်း ဝမ်းကမာကျစ်ပြီး စအိုကွဲတာမျိုး၊ လိပ်ခေါင်းထွက်တာမျိုးအထိ ခံစားရတာမျိုး ဖြစ်ပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို ခံစားနေရတာပါ။

ဝမ်းချုပ်တာက ကိုယ်ဝန်ရှိနေတာရဲ့ လက္ခဏာတစ်ရပ်လေလား!
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ခံစားရနိုင်တယ်ဆိုပေမယ့် ဝမ်းချုပ်နေတာက ကိုယ်ဝန်ရှိနေတယ်လို့ ဆိုင်နိုင်တဲ့ လက္ခဏာတစ်ရပ်တော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ရှိနေလားဆိုတာကို အတိအကျပြောနိုင်တာကတော့ ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးပေးတဲ့ စစ်ဆေးချက်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ကာလရဲ့ နေ့စဉ်တိုင်းမှာ အခုပြောပြမယ့် အလေ့အထလေးတွေကို လိုက်နာဖို့ လိုပါမယ်။
- နေ့တိုင်းမှာ အမျှင်ဓာတ် ပြည့်ဝအောင် စားပါ
ကိုယ်ဝန်ဆောင်ကာလမှာ နေ့တိုင်း အမျှင်ဓာတ် ၂၅ ဂရမ် ကနေ ၃၀ ဂရမ်လောက်အထိ စားဖို့ လိုပါမယ်။ အမျှင်ဓာတ် ရရှိစေဖို့အတွက် နေ့တိုင်း အသီးအရွက်၊ သစ်သီးတွေ၊ ပဲအမျိုးမျိုး၊ နှံစားသီးနှံတွေကို စားပေးပါ။
- ရေပြည့်ပြည့်ဝဝ သောက်ပါ
တစ်နေ့တာမှာ ရေကို ၁၂ ခွက်အနည်းဆုံး သောက်ပေးဖို့ လိုသလို ရာသီဥတု အခြေအနေကို လိုက်ပြီး တစ်နေ့ကို ရေ ၂ လီတာကနေ ၂ လီတာခွဲလောက်အထိ သောက်ပေးဖို့ လိုပါမယ်။
- ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
နေ့စဉ်တိုင်းမှာ ပြင်းပြင်ထန်ထန် လေ့ကျင့်ခန်းမျိုး မဟုတ်ဘဲ လမ်းလျှောက်တာ၊ ကိုယ်ဝန်ဆောင် ယောဂ လေ့ကျင့်တာလိုမျိုး ကိုယ်ဝန်ဆောင် ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဖို့ လိုပါမယ်။ တစ်ပတ်ကို သုံးကြိမ်လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးရင်ကို လုံလောက်ပါပြီ။
- အားဆေးပြောင်းသောက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ အားဆေးသောက်ပြီးမှ ဝမ်းချုပ်တာက ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်ကို ပြောပြတိုင်ပင်ပြီး အားဆေးကို ပြောင်းသောက်တာမျိုး လုပ်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များပေမယ့် သေချာ ဂရုမစိုက်မိဘူးဆိုရင်တော့ မလိုအပ်ဘဲ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ပြီး ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ဖန်တီးနိုင်ကြပါစေလို့ အကြံပြုလိုက်ပါရစေ။





