ငလျင်ဒါဏ်သင့်ဒေသတွေမှာ လိင်ကူးစက်ရောဂါတွေ ကို ဘယ်လိုကာကွယ် ဖြေရှင်းကြမလဲ

ငလျင်ဒါဏ်သင့်ဒေသတွေမှာ လိင်ကူးစက်ရောဂါတွေ ကို ဘယ်လိုကာကွယ် ဖြေရှင်းကြမလဲ

ငလျင်ဒါဏ်သင့်ဒေသတွေမှာလိင်ကူးစက်ရောဂါတွေ ကို ကြိုတင်ကာကွယ်နိုင်စေရေး အကြံပြုချက်များ

ငလျင်လိုမျိုး ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရပြီးချိန်တွေမှာ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်ပေါင်းများစွာ တွဲလျက်ကပ်ပါလာတတ်ပါတယ်။ တစ်ချို့သော ကျန်းမာရေးပြဿနာတွေဟာ ထင်သာမြင်သာရှိလှသလို ထုတ်ဖော်ပြောဆိုဖို့နဲ့ ထည့်သွင်းစဉ်းစားဖို့ လွယ်ကူပေမယ့် လိင်နဲ့မျိုးဆက်ပွားကျန်းမာရေး လို Topic မျိုးကတော့ တစ်မျိုးတစ်ဘာသာလို့ ဆိုရပါမယ်။

မြန်မာနိုင်ငံလိုမျိုး ဓလေ့ထုံးတမ်းနဲ့ အစွဲအယူပြင်းထန်တဲ့ အာရှတိုင်းပြည်မျိုးမှာ လိင်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သာမာန်အချိန်မှာတောင် သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ရှက်ရွံ့တတ်ကြတဲ့ ပြဿနာက သူ့ဟာသူကို ရှိနှင့်ပြီးသားဖြစ်ပါတယ်။ ခုလိုမျိုး သဘာဝဘေးအန္တရာယ်နဲ့ တွေ့ကြုံထားရချိန်မှာ ဒီလိုပြဿနာတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုး ပြုလုပ်ဖို့ လိုအပ်နေရင်တောင်မှ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ ဝေဖန်စကားတွေကို စိုးရွံ့ပြီး တိုင်ပင်ဆွေးနွေးတာမျိုးမလုပ်ပဲ ရှောင်ဖယ်ပုန်းကွယ်နေကြသူတွေ အများအပြားရှိနေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်တွေအတွက် ဒီဖိအားက ပိုကြီးမားလှပါတယ်။

အခက်အခဲများ

အထူးသဖြင့် ငလျင်ဒါဏ်သင့် ဧရိယာတွေမှာ လိင်ကျန်းမာရေးဆိုင်ရာ၊ လိင်ကူးစက်ရောဂါတွေနဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ချိန်မှာ ဖြေရှင်းဖို့ အခက်အခဲတွေ အများကြီးကြုံတွေ့ရတတ်ပါတယ်။ ဘယ်လိုအခက်အခဲတွေ၊ သက်ရောက်မှုတွေ ကြုံတွေ့လာရသလဲဆိုရင်တော့

  • သဘာဝဘေးရဲ့ ထိုက်ခိုက်မှုတွေကြောင့် ငလျင်ဒါဏ်သင့်ဒေသတွေမှာလိင်ကူးစက်ရောဂါတွေ ကို ကုသမှုတွေ ပြုလုပ်ပေးနိုင်မယ့် ဆေးရုံဆေးခန်းတွေ၊ ကျန်းမာရေးစနစ်တွေ၊ ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေ လျော့ပါးသွားတာ ဒါမှမဟုတ် မရှိတော့တာ။
  • ကျန်ရှိနေတဲ့ ကျန်းမာရေးဌာနနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း အရေးပေါ် ကုသမှုတွေကို ကိုင်တွယ်နေရတာကြောင့် မအားလပ်နိုင်တဲ့အတွက် လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ဦးစားမပေးနိုင်တာ။
  • လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကုသမှုနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ဆေးဝါး၊ စက်ပစ္စည်းနဲ့ အကူအညီတွေ မလုံလောက်တာ။

ဒါ့အပြင် စိတ်ဒါဏ်ရာနဲ့ တခြားသော ကိုယ်စိတ်နှစ်ပါးထိခိုက်မှုတွေကြောင့် သဘာဝကပ်ဘေးတွေ ကြုံနေရချိန်တွေမှာ ကျား-မ အခြေပြု လိင်အခြေပြုအကြမ်းဖက်မှုတွေ (Gender-Based Violence) ပိုမိုမြင့်တက်လာတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဘာကြောင့် ခုလိုမျိုးဖြစ်ရသလဲဆိုရင်တော့

  • ကယ်ဆယ်ရေးစခန်းတွေမှာ လူနေထူထပ်လွန်းလာပြီး လုံခြုံရေးမှုနဲ့ စိတ်ချရမှုအပိုင်းတွေ အားနည်းလျော့ပါးလာပြီး လိင်အကြမ်းဖက်မှုတွေ ဖြစ်နိုင်ခြေပိုတိုးပွားလာတာ။
  • သဘာဝဘေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ယဉ်ကျေးမှုစံနှုန်းနှင့် ဓလေ့ထုံးတမ်း အကာအကွယ်များ ယိုယွင်းအားနည်းလာပြီး အကြမ်းဖက်လိုစိတ် မြင့်တက်လာတာ။
  • မိသားစုနှင့် ကွဲကွာနေရသည့် ကလေးငယ်များနှင့် အမျိုးသမီးငယ်များကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများနှင့် အမြတ်ထုတ်မှုများပြုလုပ်သူများအတွက် အခွင့်အလမ်းပိုများလာတာ .. စတဲ့အခက်အခဲတွေကြောင့် လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ပြဿနာတွေ ပိုတိုးလာစေပါတယ်။

စိန်ခေါ်မှုများ

သဘာဝဘေးကြောင့်ဖြစ်လာတဲ့ စိတ်အခြေအနေတွေ၊ ဘေးထွက်ဆိုးကျိုးတွေဟာ သာမန်လူတွေကိုတင်မကပါဘူး၊ မိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေအပေါ်မှာလည်း သက်ရောက်မှုတွေ အများကြီး ရှိလာပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစကလေးမိခင်တွေဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိဖို့ နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် အခက်အခဲကြုံကြရသလိုမျိုးပဲ ပဋိသန္ဓေတားဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဆေးဝါးနဲ့ ကျွမ်းကျင်သူ လုံလောက်စွာရရှိနိုင်ဖို့ အခက်အခဲရှိလာတာမို့ မလိုအပ်ပဲ ကိုယ်ဝန်ဆောင်ရနိုင်ခြေလည်း မြင့်တက်လာတတ်ပါတယ်။

တစ်ဖက်မှာလည်း သားဆက်ခြားရေးပြဿနာသာမက လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်နိုင်ခြေနဲ့ ထိမ်းချုပ်နိုင်ခြေကလည်း ကျဆင်းသွားမှာဖြစ်တယ်။ အထူးသဖြင့် HIV/AIDS ရောဂါရှိနေတာကြောင့် ပုံမှန်ဆေးဝါးမှီဝဲနေရသူတွေအနေနဲ့ ဆေးဝါးလုံလောက်စွာမရရှိတာမျိုးတွေ ဖြစ်လာနိုင်သလို ဆေးစစ်မှုနဲ့ ကုသမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်မားလာမှာဖြစ်တာမို့ တခြားလိင်မှတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ထိမ်းချုပ်နိုင်ဖို့လည်း ခက်ခဲနိုင်ပါတယ်။

ငလျင်ဒါဏ်သင့်ဒေသတွေမှာ လိင်ကူးစက်ရောဂါတွေ ကို ဘယ်လိုကာကွယ် ဖြေရှင်းကြမလဲ

ငလျင်ဒါဏ်သင့်ဒေသတွေမှာလိင်ကူးစက်ရောဂါတွေ ကို ဘယ်လို ဖြေရှင်းကြမလဲ

ဒီပြဿနာကို အဖြေရှာရမှာ အဖြေက ၂ ဘက်ရှိနိုင်ပါတယ်။ တစ်ဖက်ကတော့ မိမိကိုယ်တိုင် လိုက်နာလုပ်ဆောင်ရမယ့် နည်းလမ်းဖြစ်ပြီးတော့ တစ်ခြားတစ်ဖက်ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က စီစဉ်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေဖြစ်ပါတယ်။

ကိုယ်တိုင် လုပ်ဆောင်ရမယ့် အချက်တွေကတော့

  • မှန်ကန်တဲ့ အချက်အလက်တွေ ရရှိအောင် အားထုတ်ပါ၊ အထူးသဖြင် ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ကူညီရေးအဖွဲ့တွေက ထုတ်ပြန်ထားတဲ့ လိင်ကျန်းမာရေးနဲ့ သားဆက်ခြားကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကို လိုက်နာပါ။
  • စိတ်မချရတဲ့ ကယ်ဆယ်ရေးစခန်းတွေ၊ လူစုလူဝေးတွေကို ရှောင်ရှားပြီး မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းရှင်းအောင် နေထိုင်ပါ။
  • ယာယီကျန်းမာရေးဌာနတွေ၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် လုံခြုံစိတ်ချရမယ့်နေရာတွေကို ကြိုတင်ရှာဖွေထားပါ။
  • ကျား-မ အခြေပြု လိင်အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်စေဖို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ကျန်ရှိနေသေးတဲ့ မိသားစုဝင်တွေနဲ့သာ အတူတကွနေထိုင်ပါ။
  • လိင်အကြမ်းဖက်မှုတွေ၊ နှောင့်ယှက်မှုတွေ ကြုံလာခဲ့ရင် ရှက်ရွံ့နှုတ်ဆိတ်မနေပဲ အကူအညီတောင်းပါ။

မိမိက လိင်မှုကိစ္စ ပြုလုပ်လေ့ရှိသူ၊ အိမ်ထောင်ရှိသူဖြစ်မယ်ဆိုရင်

  • လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေ မကူးစက်စေဖို့နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရခြင်းမျိုးမဖြစ်စေဖို့ စိတ်ချရတဲ့ လိင်ဆက်ဆံမှုနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါမယ်။
  • သားဆက်ခြားပစ္စည်းတွေ၊ သားဆက်ခြားနည်းလမ်းတွေ ရရှိနိုင်မယ့် နေရာကို ကြိုတင်ရှာဖွေထားပြီး မိမိနဲ့သင့်လျော်တဲ့ နည်းလမ်းကို အသုံးချပါ။
  • လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေထဲက တစ်ခုခုရဲ့ လက္ခဏာမိမိမှာရှိနေတယ်လို့ သံသယရှိခဲ့ရင် အမြန်ဆုံးစစ်ဆေးနိုင်ဖို့ လုပ်ဆောင်ပါ။
  • ဘေးအန္တရာယ်ရှိတဲ့ လိင်ဆက်ဆံခြင်းနည်းလမ်းတွေကို မပြုလုပ်ပါနဲ့။

လူရယ်လို့ဖြစ်လာရင် ပုထုဇဉ်လူသားသဘာဝ လိင်ကိစ္စရပ်တွေနဲ့ ကင်းကွာဖို့ ခဲယဉ်းလှပါတယ်။ အသက်အရွယ်နဲ့ လိင်အမျိုးအစားအလိုက် လိင်မှုကိစ္စဆိုင်ရာ အပြုအမူတွေ လူတိုင်းမှာရှိတတ်ကြပြီး လိင်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။

ဒီလိုအကြောင်းကိစ္စတွေဖြစ်လာပြီဆိုရင် သက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးကုသခြင်းကသာ နည်းလမ်းအမှန်ဆိုတာကို အမြဲမှတ်ယူထားဖို့လိုအပ်သလို မိမိကျန်းမာရေးကိစ္စအတွက် မည်သူ့ရဲ့ ဝေဖန်စောကြောသံကိုမှ နားမယောင်ပဲ ပျောက်ကင်းအောင်ကုသဖို့ကိုသာ အာရုံစိုက်ဖို့လည်း အကြံပြုပါရစေ။

Ref: WHO, Rescue, Health Cluster Myanmar

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *