HPV ကာကွယ်ဆေးလို့ ပြောလိုက်ရင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပဲ။ ဒါဆို အမျိုးသမီးတွေပဲ ထိုးလို့ရမှာပေါ့ အမျိုးသားတွေ ထိုးလို့ မရလောက်ပါဘူး။။ ဆိုင်လည်း ဆိုင်မယ်မထင်ပါဘူးလို့ တွေးနေတုန်းလား… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။
HPV ကာကွယ်ဆေး အမျိုးသားတွေ ထိုးလို့ရလား!
HPV ကာကွယ်ဆေး လိင်အင်္ဂါ ကြွက်နို့တွေနဲ့ မျိုးဆက်ပွားအင်္ဂါမှာ ဖြစ်နိုင်တဲ့ ကင်ဆာရောဂါတွေကို ဖြစ်စေတဲ့ Human papilloma virus ကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးအမျိုးအစားပါ။ ဒီကာကွယ်ဆေးကို အမျိုးသမီးတွေပဲ ထိုးလို့ရတာလား!ဆိုတော့ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း ထိုးလို့ ရပါတယ်။
အကြောင်းကတော့ Human papilloma virus က အမျိုးသားတွေမှာဆိုရင်လည်း လိင်အင်္ဂါကြွက်နို့နဲ့ လိင်တံကင်ဆာ၊ လည်ချောင်းကင်ဆာ၊ စအိုကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် HPV ကာကွယ်ဆေးကို ကြိုတင်ဖိုးနှံပြီး ကိုယ်တိုင်ကိုရော ကိုယ်ရဲ့ အိမ်ထောင်ဖက်မှာပါ Human papilloma virusကြောင့် ထိခိုက်နိုင်ခြေကို ကာကွယ်ပေးနိုင်မှာပါ။
တိုတိုရှင်းရှင်း အဖြေထုတ်ပေးရမယ်ဆိုရင် HPV ကာကွယ်ဆေးကို အမျိုးသားတွေမှာလည်း ထိုးလို့ ရပါတယ်။ အသက်အရွယ်အားဖြင့် အသက် ၉ နှစ်ကနေ ၁၂ နှစ်အရွယ်မှာ စတင်ထိုးနှံလို့ရပြီး အသက် ၄၅ နှစ်အထိ ထိုးနှံလို့ ရပါတယ်။
ဘယ်သူတွေ အဓိကထိုးသင့်လဲ!
CDC ရဲ့ အကြံပြုချက်အရကတော့ HPV ကာကွယ်ဆေးကို အသက် ၉ နှစ်အထက် အမျိုးသားတိုင်း ထိုးသင့်ပါတယ်။ နောက်တစ်ချက်က လိင်တူချင်းနှစ်သက်တဲ့ အမျိုးသားတွေမှာလည်း ကင်ဆာအပါအဝင် အရေပြားချင်းထိတွေ့မှုနဲ့ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ လိင်အင်္ဂါကြွက်နို့နဲ့ အခြားသော ရောဂါတွေကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံထားသင့်ပါတယ်။
အသက် ၂၇ နှစ်ကနေ ၄၅ နှစ်ကြား ကာကွယ်ဆေး မထိုးရသေးတဲ့ အမျိုးသားတွေအနေနဲ့ကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သင့်တော်မယ့် ကာကွယ်ဆေးကို သေချာလေး ရွေးချယ်ဖို့ လိုပါတယ်။
ဘယ်သူတွေ မထိုးသင့်ဘူးလဲ!
ကိုယ်ဝန်ဆောင်နေရမယ်ဆိုရင်တော့ HPV ကာကွယ်ဆေးကို မထိုးနှံသင့်သေးပါဘူး။ နောက်တစ်ခုက ဆေးနဲ့ ဓာတ်မတည့်တာမျိုး ရှိမယ်။ ပြင်းထန်ဓာတ်မတည့်မှုကို ခံစားရတာမျိုးရှိမယ်ဆိုရင်လည်း ကာကွယ်ဆေးကို မထိုးနှံသင့်ပါဘူး။
အဖျားရှိနေမယ်ဆိုရင်လည်း ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။ အဖျားသက်သာပြီး အချိန်အတိုင်းအတာ တစ်ခုကြာမှသာ ထိုးနှံသင့်ပါတယ်။ HPV ကာကွယ်ဆေးက များသောအားဖြင့် ဘေးကင်းစိတ်ချရတာကြောင့် အပေါ်ကပြောခဲ့တဲ့ အခြေအနေတွေ မရှိဘူးဆိုရင် အမျိုးသားရော အမျိုးသမီးတိုင်းပါ ထိုးနှံလို့ ရပါတယ်။
ဆေးထိုးပြီးချိန်မှာတော့ အခြားသော ကာကွယ်ဆေးများထိုးနှံသလိုမျိုး ဆေးထိုးထားတဲ့နေရာက ရောင်တာ၊ နီတာ၊ နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အချို့အခြေအေနေတွမှာဆိုရင် ငြီးစီစီဖြစ်တာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်ပါတယ်။
HPV ကာကွယ်ဆေး ဘာတွေကို ကာကွယ်ပေးသလဲ!
HPV ကာကွယ်ဆေးက အမျိုးသမီးတွေမှာဆိုရင် သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ မွေးလမ်းကြောင်းကင်ဆာ၊ စအိုကင်ဆာ၊ လည်ချောင်းနဲ့ ခံတွင်းကင်ဆာ၊ လိင်အင်္ဂါ ကြွက်နို့တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အမျိုးသားတွေမှာဆိုရင်တော့ လိင်တံကင်ဆာ၊ စအိုကင်ဆာ၊ လည်ချောင်းနဲ့ ခံတွင်းကင်ဆာ၊ လိင်အင်္ဂါ ကြွက်နို့တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
HPV ကာကွယ်ဆေးက အမျိုးသမီးတွေကိုပဲ သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတာမျိုး မဟုတ်ဘဲ အမျိုးသားရော အမျိုးသမီးမှာပါ လည်ချောင်းနဲ့ ခံတွင်းကင်ဆာ၊ လိင်အင်္ဂါ ကြွက်နို့တွေ မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် အမျိုးသားတွေမှာ လိင်တံကင်ဆာ နဲ့ စအိုကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်တာကြောင့် ထိုးနှံသင့်တဲ့ ကာကွယ်ဆေးတစ်ရပ်ပါ။ HPV ကာကွယ်ဆေးက ကိုယ်တိုင်ကိုရော ကိုယ်ရဲ့ အိမ်ထောင်ဖက်ကိုပါ Human papilloma virus ကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ချစ်ခြင်းမေတ္တာနဲ့ တန်ဖိုးထားမှုကို ပြသရင်း ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုလည်း စောင့်ရှောက်လို့ ရတယ်ဆိုတာလေး အသိပေးလိုက်ပါရစေ။





