ရာသီလာချိန်မှာ နေရထိုင်ရတာ သက်တောင့်သက်သာ မရှိဘူးဆိုပေမယ့် ဂရုစိုက်ရမယ့် အကြောင်းအရင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ပုံမှန်ထက် ဂရုစိုက်ဖို့ပါ။ ဒါကြောင့် ရာသီလာချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းဂရုစိုက်နိုင်စေဖို့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
ရာသီလာချိန်မှာ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ
ရာသီလာချိန်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို အခုလိုလေး ဂရုစိုက်ဖို့ လိုပါမယ်။
- ရေပုံမှန် ချိုးပါ
ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကြောင့် ရေမထိချင်တာမျိုး ရှိတယ်ဆိုပေမယ့် ရေကို သေချာလေး ချိုးဖို့ လိုပါမယ်။ ရာသီဥတု အရမ်းမအေးဘူးဆိုရင်တော့ တစ်နေ့ကို ၂ ကြိမ် မနက် တစ်ကြိမ် ည တစ်ကြိမ်လောက် ရေကို သေချာလေး ချိုးပေးပါ။ အရမ်းအေးနေရင်တောင်မှာ ရေနွေးနဲ့ တစ်နေ့ကို တစ်ကြိမ်လောက်တော့ ရေသေချာလေး ချိုးဖို့ လိုပါမယ်။
- လစဉ်သုံးကို ၄ နာရီခြား တစ်ခါ လဲလှယ်ပေးပါ
လစဉ်သုံး ပစ္စည်းကို တစ်နေ့တာမှာ ၄ နာရီခြားတစ်ခု လဲပေးပါ။ တကယ်လို့ မလဲဖြစ်ဘူးဆိုရင်တောင်မှ တစ်နေ့ကို ၂ ကြိမ်လောက်တော့ သေချာလေး လဲဖြစ်အောင်လဲပေးပါ။
- အတွင်းခံကို သေချာလေး လျှော်ပေးပါ
ရာသီလာချိန်မှာ အတွင်းခံတွေကို သေချာလေး လျှော်ဖွတ်ပေးဖို့ လိုပါမယ်။ အတွင်းခံကိုတင် မဟုတ်ဘဲ အဝတ်အစားအားလုံးကို အနံ့အသက်ကင်းစင်ပြီး သေချာလေး လျှော်ဖွတ် မီးပူတိုက်တာက ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ခြေကို လျှော့ချပေးပြီး အနံ့ဆိုး ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

- မိန်းမကိုယ်ကို သေချာလေး သန့်စင်ဆေးကြောပေးပါ
ရာသီလာချိန်မှာ မိန်းမကိုယ်ကို သေချာလေး သန့်စင်ဆေးကြောပေးဖို့ လိုပါမယ်။ ဆေးကြောရာမှာ ရေသန့်သန့်လေးနဲ့ အရှေ့ကနေ အနောက်ကို ဆွဲယူသန့်စင်တဲ့ပုံနဲ့ သေချာလေး သန့်စင်ဆေးကြောပေးပါ။ ပြီးရင်လည်း ခြောက်သွေ့အောင် ထားဖို့လည်း လိုပါမယ်။ ဒီလို လုပ်ပေးခြင်းက စိုထိုင်းမှုကြောင့် မိန်းမကိုယ် တဝိုက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ရာရောက်ပါတယ်။
- လေဝင်လေထွက်ကောင်းတဲ့ ချည်သားကို ရွေးချယ်ဝတ်ဆင်ပါ
ရာသီလာချိန်မှာ တင်းတင်းကျပ်ကျပ် အဝတ်အစားတွေကို ဝတ်တာက လေဝင်လေထွက်မကောင်းဘဲ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပြီး အနံ့ဆိုးတွေ ဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ လေဝင်လေထွက်ကောင်းတဲ့ ချည်သားတွေကို ရွေးချယ်ဝတ်ဆင်ဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
ရာသီလာချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးတာက ရောဂါပိုးဝင်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ တွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို နေရထိုင်ရ သက်တောင့်သက်သာဖြစ်စေပြီး အနံ့ဆိုးကင်းစေဖို့ ထောက်ကူ ပေးနိုင်ပါတယ်။ လစဉ်သုံးတွေ မလဲလှယ်ခင်မှာလည်း လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောဖို့လည်း လိုပါမယ်။





