လေဒီလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စလေး တစ်ခုရှိပါတယ်။ ဒါကတော့ မိန်းမကိုယ်က အနံ့ဆိုးထွက်တာပါ။ ရာသီလာချိန်မှာ ခန္ဓာကိုယ် (အထူးသဖြင့် မိန်းမကိုယ်)က အနံ့ဆိုးထွက်တာမျိုး ဖြစ်နိုင်တယ်ဆိုပေမယ့် ဒီလိုမဟုတ်ဘဲ နေ့တိုင်းလိုလိုမှာ မိန်းမကိုယ်က အနံ့ဆိုးထွက်နေမယ်ဆိုရင်တော့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှပါတယ်။
ဒီလိုအခြေအနေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာမျိုး ကင်းစေဖို့ဆိုရင် ဘယ်အချက်လေးတွေကို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
မိန်းမကိုယ်က အနံ့ရှိလား!
ကျန်းမာတဲ့ မိန်းမကိုယ် ဖြစ်ပါစေဦးတော့ လေဒီလေးတိုင်းရဲ့ မိန်းမကိုယ်တိုင်းမှာ သဘာဝအတိုင်း အနံ့တစ်မျိုးတော့ ရှိစမြဲပါ။ ဒီလိုမျိုး မိန်းမကိုယ်က အနံ့ရှိနေခြင်းက လေဒီလေးတို့ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံတွေ၊ ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။
မိန်းမကိုယ်ရဲ့ အနံ့က ရာသီလာချိန်မှာ ပြောင်းလဲတာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်လက်နှီးနှောပြီးတဲ့အခါမျိုး၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့ အချိန်မျိုးမှာလည်း မိန်းမကိုယ်နံ့က ပုံမှန်ထက် ပြင်းထန်တာ၊ အနံ့ပြောင်းတာမျိုးတွေ ရှိနိုင်ပါတယ်။ လေဒီလေး တစ်ယောက်စီတိုင်း မှာ မတူညီတဲ့ မိန်းမကိုယ်နံ့တစ်မျိုးစီ ရှိတတ်ကြပြီး ဒါက ပုံမှန်ဖြစ်စဉ် တစ်ခုပါပဲ။
တကယ်လို့ မိန်းမကိုယ်နံ့က ပုံမှန်မဟုတ်တဲ့ အနံ့မျိုး ဖြစ်နေမယ်။ မနှစ်မြို့စရာအနံ့ဖြစ်နေမယ် (ဥပမာ- ငါးညှီနံ့လိုမျိုး ဖြစ်နေမယ်)။ ဒီလိုဖြစ်နေတာကလည်း ရက်အတော်ကြာနေပြီဆိုရင်တော့ ဒါက ပုံမှန် မဟုတ်ဘူးလို့ပဲ ဆိုရမှာပါ။ ဒီလို အနံ့ဆိုးတာအပြင် မိန်းမကိုယ်က ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်နေတာ၊ ညိုညစ်ညစ်အရောင် အကျိအချွဲတွေ ဆင်းနေတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဂရုစိုက်ရမယ့် အခြေအနေလို့ ဆိုရမှာပါ။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မိန်းမကိုယ်မှာ အနံ့ကတော့ ရှိပါတယ်။ မပြင်းထန်တဲ့ အနံ့တစ်မျိုးပေါ့။
ဘာတွေကြောင့် မိန်းမကိုယ် အနံ့ဆိုး ဖြစ်ရတာလဲ!
မိန်းမကိုယ်ရဲ့ အနံ့တွေက မိန်းမကိုယ် pH ပေါ်မှာမူတည်နေသလို အက်ဆစ်ဓာတ်များတာကြောင့်လည်း မိန်းမကိုယ်အနံ့ဆိုး ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာဘက်တီးရီးယားမျိုးစုံနေတတ်ကြပါတယ်။ ဒီဘက်တီးရီးယား တွေက မိန်းမကိုယ်အနံ့ကို ဖြစ်စေတာပါ။ ဒီဘက်တီးရီးယားတွေက မိန်းမကိုယ်မှာ မှန်ကန်တဲ့ အက်ဆစ် (pH)ပမာဏ ရရှိစေဖို့ ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ pHပမာဏက မိန်းမကိုယ် အနံ့ဆိုး မဖြစ်စေဖို့နဲ့ ပိုးဝင်ကူးစက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ မိန်းမကိုယ်က ဘက်တီးရီးယားတွေ ဟန်ချက်ပျက်သွားမယ်ဆိုရင်တော့ မိန်းမကိုယ်က ငါးညှီနံ့ထွက်တာ၊ အနံ့ဆိုးထွက်တာ မျိုးတွေ ဖြစ်နိုင်ပါတယ်။
ပုံမှန် မိန်းမကိုယ်နံ့ဆိုတာ
အပေါ်မှာ ပြောခဲ့သလိုပဲ မိန်းမကိုယ်က pH ပမာဏပေါ်လိုက်ပြီး ယာယီအခိုက်အတန့်အားဖြင့် မိန်းမကိုယ်နံ့ ပြောင်းတာမျိုးတွေ ရှိနိုင်ပါတယ်။ ဘယ်လိုအနံ့မျိုးတွေက မိန်းမကိုယ်ရဲ့ ပုံမှန်အနံ့လဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားပါမယ်။
မိန်းမကိုယ်က ပုံမှန်အားဖြင့် အချဉ်စူးတဲ့ အနံ့မျိုး ရှိနိုင်ပါတယ်။ အကြောင်းကတော့ မိန်းမကိုယ်ရဲ့ ပုံမှန်အနံ့က အက်ဆစ်နံ့ဖက် နည်းနည်းလုလို့ပါ။ အကျိုးပြုဘက်တီးရီးယားဖြစ်တဲ့ lactobacilli ကြောင့် မိန်းမကိုယ်က ချဉ်နံ့လိုမျိုး ထွက်နေတာပါ။
- ချိုအီအီနံ့ – မိန်းမကိုယ်က ချိုအီအီနံ့မျိုး ထွက်နေပြီဆိုရင်တော့ ဒါက မိန်းမကိုယ်ရဲ့ pH ပမာဏ ပြောင်းလဲနေတာပါ။
- သံနံ့/ သတ္တုနံ့ – မိန်းမကိုယ်က သံနံ့လိုလို ထွက်နေပြီဆိုရင်တော့ ရာသီလာခါနီးပြီဆိုတာကို ပြနေတာပါ။ အကြောင်းကတော့ ရာသီသွေးမှာ သံဓာတ်တွေ ပါဝင်နေတာကြောင့်ပါ။
- အမိုးနီးယားနံ့ – မိန်းမကိုယ်နံ့က အမိုးနီးယားနံ့လို ထွက်နေပြီဆိုရင်တော့ မိန်းမကိုယ် ခြောက်သွေ့နေတယ်ဆိုတာကို ဖော်ပြနေတာပါ။
- ချွေးနံ့ – မိန်းမကိုယ်က ချွေးစော်လိုလို နံနေပြီဆိုရင်တော့ စိတ်ဖိစီးမှုများနေတာကြောင့် မိန်းမကိုယ်က ချွေးဂလင်းတွေ ပုံမှန်ထက် လှုံ့ဆော်မှုဖြစ်ပြီး ချွေးထွက်များနေတာကြောင့်ပါ။
မိန်းမကိုယ်နံ့ ယာယီပြောင်းလဲတာက ပုံမှန်ပါပဲ။ ဒါကလည်း သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ဒီလို အနံ့တွေ ပြောင်းလဲရတာက ဟော်မုန်း ပြောင်းလဲတာ ဒါမှမဟုတ် စားသောက်မှုပုံစံ ပြောင်းလဲတာကြောင့်ပါ။ ဥပမာ – စားတဲ့ အစားအစာတွေထဲမှာ အနံ့ပြင်းတဲ့ ငါးတွေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီလိုမျိုး စားစရာတွေ ပါတာကြောင့်ပါ။
တကယ်လို့ ဒီလို မနှစ်မြို့စရာကောင်းတဲ့ အနံ့တွေက တော်တော်နဲ့ မပျောက်ဘူးဆိုရင် ကျန်းမာရေးပြဿနာ တစ်ခုခု ရှိနေတဲ့လို့ ဖော်ပြနေတာမျိုး ဖြစ်နိုင်တာကြောင့် ကုသမှု ခံယူဖို့ လိုမှာပါ။
ပုံမှန်မဟုတ်တဲ့ မိန်းမကိုယ်နံ့ဆိုတာ
မိန်းမကိုယ်က ကောင်းကျိုးပြု ဘက်တီးရီးယားတွေ ဟန်ချက်ပျက်သွားတဲ့အခါ ပိုးဝင်ကူးစက်တာ၊ ရောင်ရမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတစ်ရပ်အနေနဲ့ မိန်းမကိုယ်က အနံ့ဆိုးထွက်တာ၊ ပုံမှန်မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းတာမျိုးတွေ တွေ့ရနိုင်ပါတယ်။
အဖြစ်များတဲ့ ပုံမှန်မဟုတ်တဲ့ မိန်းမကိုယ် အနံ့ဆိုးတွေကတော့ –
ဘက်တီးရီးယားပိုးဝင် ကူးစက်တာ (BV) – မိန်းမကိုယ်မှာ ကောင်းကျိုးမပြုတဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တဲ့အခါ မိန်းမကိုယ်ရဲ့ ကောင်းကျိုးပြု ဘက်တီးရီးယားတွေ ဟန်ချက်ပျက်သွားပြီး မိန်းမကိုယ်ကနေ အနံ့ဆိုးထွက်တာ၊ ငါးညှီနံ့ထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက်ထပ် လက္ခဏာ တစ်ရပ်ကတော့ ညိုညစ်ညစ် အကျိအချွဲတွေ ဆင်းလာတာမျိုးပါ။
လိင်ကတဆင့် ကူးစက်တတ်တဲ့ ကူးစက်မှုကို ခံစားနေရတာ – လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်ခံရနိုင်တဲ့ ကပ်ပါးပိုး တစ်ရပ်ရပ်ကို ကူးစက်ခံထားရပြီဆိုရင်တော့ ငါးညှီနဲ့ထွက်တာ၊ အချဉ်စူစူးအနံ့ထွက်တာတွေအပြင် စိမ်းဝါရောင်ညိုညစ်ညစ် အကျိအချွဲတွေ ဆင်းတာမျိုးတွေ တွေ့ရနိုင်ပါတယ်။
မွေးလမ်းကြောင်းနဲ့ စအိုကြား အပေါက်ဖြစ်နေတာ (Rectovaginal Fistula) – ဖြစ်ခဲတဲ့ အခြေအနေမျိုးဆိုပေမယ့် စအိုနဲ့ မွေးလမ်းကြောင်းကြားမှာ အပေါက်ဖြစ်နေတာကြောင့် မိန်းမကိုယ်ကနေ မစင်တွေ စိမ့်ထွက်နေတာမျိုးပါ။ ဒီအခြေအနေကို ခံစားနေရမယ်ဆိုရင်တော့ မိန်းမကိုယ်က အနံ့ဆိုးထွက်တာမျိုး ဖြစ်နိုင်ပါတယ်။
မိန်းမကိုယ်ကင်ဆာ – မိန်းမကိုယ်ကင်ဆာ ခံစားနေရပြီဆိုရင်တော့ မိန်းမကိုယ်က အကျိအချွဲတွေ ဆင်းတာ အနံ့ဆိုးတွေထွက်တာမျိုး ဖြစ်နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ – သားအိမ်ခေါင်းကင်ဆာ ဖြစ်နေမယ်ဆိုရင်လည်း မိန်းမကိုယ်ကနေ အကျိအချွဲတွေ ဆင်းပြီး အနံ့ဆိုးထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ရှိနေမယ်ဆိုရင်လည်း မိန်းမကိုယ်အနံ့ပြောင်းလဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာလည်း တမ်ပွန်ကို မလဲမိတာ၊ လစဉ်သုံးတွေကို အချိန်အတော်ကြာတဲ့အထိ မလဲဘဲ ထားမိတဲ့အခါ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး မိန်းမကိုယ်မှာ အနံ့ဆိုးတွေ ဖြစ်လာတော့ပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေ တစ်ရပ်ပါပဲ။
မိန်းမကိုယ်အနံ့ဆိုးထွက်နေပြီဆိုရင်
မိန်းမကိုယ်အနံ့ဆိုးထွက်နေတာကို ခံစားရနိုင်ခြေ လျှော့ချဖို့ဆိုရင်တော့ အခြေခံအကျဆုံး လိုက်နာစရာ တစ်ရပ်ကတော့ ကိုယ်လက်နှီးနှောတဲ့အခါ ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းကို အသုံးပြုတာပါ (ဥပမာ – ကွန်ဒုံးသုံးပြီး ကိုယ်လက်နှီးနှောတာမျိုးပေါ့) တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေကို လိုက်နာကျင့်သုံးတာပါ။
မိန်းမကိုယ်အနံ့ဆိုးထွက်တာကို ကာကွယ်နိုင်မယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားတွေ ဟန်ချက်ညီစေဖို့ ထိန်းသိမ်းတာမျိုးပါ။
မိန်းမကိုယ် အနံ့ဆိုးကင်းစေဖို့ ဘယ်လိုကုသလို့ ရမလဲ!
ရောဂါတစ်ခုခုကြောင့် မဟုတ်တဲ့ မိန်းမကိုယ် အနံ့ဆိုးထွက်တာက ကုသဖို့ မလိုဘဲ သူ့အလိုလို သက်သာသွားတတ်ကြပါတယ်။ တကယ်လို့ မိန်းမကိုယ်အနံ့ဆိုးထွက်တာက မသက်သာသွားဘဲ အချိန်အတော်ကြာအထိ ဖြစ်နေမယ်ဆိုရင်တော့ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။
မိန်းမကိုယ် အနံ့ဆိုးကင်းစေဖို့
မိန်းမကိုယ် အနံ့ဆိုးကင်းစေဖို့ဆိုရင်တော့ ကျန်းမာတဲ့ အလေ့ထလေးတွေကို လိုက်နာဖို့ လိုပါမယ်။ ဘယ်လို အလေ့အထလေးတွေလည်းဆိုတာကို ဆက်ပြောပြပေးပါမယ်။
- တစ်ကိုယ်ရေသန့်ရှင်းရေးကို လိုက်နာပါ – ပုံမှန်ရေချိုးတာ၊ ရေနွေးနွေးလေး သုံးပြီး မိန်းမကိုယ်ကို ဆေးကြောပေးတာ၊ လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်၊ ကိုယ်လက်နှီးနှောပြီးချိန်၊ ဆီးသွားပြီးချိန်တွေမှာ မိန်းမကိုယ်ကို သေချာလေး သန့်စင်ဆေးကြောပေးတာက ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ခြေကို လျှော့ချပေးပြီးမိန်းမကိုယ် အနံ့ဆိုးထွက်တာကို ကာကွယ်ပေးနိုင်မှာပါ။
- မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာမျိုး မလုပ်ပါနဲ့ – မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာက ပိုသန့်မသွားပါဘူး။ ဒီလိုဆေးကြောမှု မိန်းမကိုယ်ကို ပိုးဝင်ကူးစက်ခံရနိုင်ခြေ များစေသလို တင်ပဆုံပိုင်း ရောင်ရမ်းတာ၊ မျိုးမအောင်တာမျိုးတွေ ဖြစ်စေနိုင်သလို မိန်းမကိုယ်ရဲ့ အကျိုးပြုဘက်တီးရီးယားတွေရဲ့ မျှခြေပျက်သွားပြီး မိန်းမကိုယ် အနံ့ဆိုးကို ဖြစ်စေနိုင်ပါတယ်။
- လေဝင်လေထွက်ကောင်းတဲ့ ချည်သားတွေ ဝတ်ဆင်ပါ – အတွင်းခံ ကျပ်ကျပ်တွေ အဝတ်အစားကျပ် ကျပ်တွေကို ဝတ်ဆင်တာက မိန်းမကိုယ်မှာ ချွေးထွက်စေပြီး ပိုးတွေပေါက်ဖွားစေနိုင်တာကြောင့် အတွင်းခံတွေကစလို့ ဘောင်းဘီ၊ စကတ်စတာတွေကို ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးပါ။
- ရေများများ သောက်ပါ – ရေသောက်နည်းပြီး ကိုယ်တွင်းရေဓာတ်နည်းနေပြီဆိုရင် မိန်းမကိုယ်က အမိုးနီးယားနံ့ထွက်တာမျိုးခံစားရနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ရေလုံလောက်အောင် သောက်ပေးဖို့လည်း မမေ့ပါနဲ့။
- ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုကို အသုံးပြုပါ – ကိုယ်လက်နှီးနှောချိန်မှာ ကွန်ဒုံးသုံးတာက လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်သလို အခြားပိုးဝင်ကူးစက်မှုတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်ရဲ့ pH ပမာဏကို ဟန်ချက်မပျက်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ ချောဆီသုံးမယ်ဆိုရင်လည်း အနံ့မပါ၊ အရသာမပါတာမျိုးကို ရွေးချယ်ပေးဖို့ အကြံပြုလိုက်ပါရစေ။
- သကြားလျှော့စားပါ – သကြား၊ အချိုစာတွေ အစားများတာက မိန်းမကိုယ်အနံ့ဆိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အချိုတွေကို လျှော့စားဖို့လိုပါမယ်။
- အယ်လ်ကိုဟောရှောင်ပါ – အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ကိုယ်တွင်းရေဓာတ်ကို ခမ်းခြောက်စေပြီး မိန်းမကိုယ်အနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောကို ရှောင်ဖို့လိုပါမယ်။
- ကဖင်းလျှော့ပါ – ကဖင်းပါတဲ့ သောက်စရာတွေ ဖြစ်ကြတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ အားဖြည့်အချိုရည်တွေ သောက်တာက ကိုယ်တွင်းရေဓာတ်ကို ဆုံးရှုံးစေပြီး မိန်းမကိုယ် ခြောက်သွေ့တာ အနံ့ဆိုးထွက်တာတွေကို ဖြစ်စေနိုင်တာကြောင့် ကဖင်းလျှော့ပါ။
- ရှေ့ကနေ နောက်ကိုဆွဲယူသန့်စင်ပါ – ရေအိမ်အသုံးပြုပြီးတိုင်းမှာ ရှေ့ကနေ နောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပါ။ ဒါမှ စအိုတဝိုက်မှာရှိတဲ့ ဘက်တီးရီးယားတွေ မိန်းမကိုယ်ဆီကို ရောက်သွားပြီး မိန်းမကိုယ် ပိုးဝင်တာမျိုး ဖြစ်နိုင်ခြေကိုရော မိန်းမကိုယ် အနံ့ဆိုးဖြစ်တာကို လျှော့ချနိုင်မှာပါ။
- အမွှေးနံ့ပါတဲ့ လစဉ်သုံးတွေ ရှောင်ပါ – အမွှေးနံ့ပါတဲ့ လစဉ်သုံးပစ္စည်းတွေ (ဂွမ်းထုတ်၊ တမ်ပွန်) က အနံ့ဆိုးတွေကို ကင်းစေနိုင်တယ်လို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ မိန်းမကိုယ်ကို အနံ့ဆိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလို အမွှေးနံ့ပါတာတွေကို ရှောင်ဖို့ လိုပါမယ်။
ဘယ်လိုအခြေအနေဆိုရင် ကုသမှု ခံယူဖို့ လိုမလဲ!
တကယ်လို့ မိန်းမကိုယ် အနံ့ဆိုးထွက်တာက အချိန်အတော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်ဆိုရင် ဖြစ်ဖြစ်၊ မိန်းမကိုယ် အနံ့ဆိုးတာနဲ့အတူ မိန်းမကိုယ်က ပူတာ၊ ယားယံတာမျိုး ဖြစ်တာ၊ အကျိအချွဲတွေ ဆင်းတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်မှုကြောင့် အနံ့ဆိုးဖြစ်တာကို မကုသဘဲ ထားမယ်ဆိုရင်တော့ မိန်းမကိုယ်နဲ့ ဆက်နေတဲ့ မွေးလမ်းကြောင်းကနေတဆင့် သားဥပြွန်တွေဆီရောက်သွားပြီး လိင်ကတဆင့် ကူးစက်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေဖြစ်နေမယ်ဆိုရင်တော့ မိန်းမကိုယ်အနံ့ဆိုးဖြစ်တာ၊ မိန်းမကိုယ်ပိုးဝင်တာတွေ ခံစားနေရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ တကယ်လို့ မကုသဘဲ ထားမိမယ်ဆိုရင် လမစေ့ဘဲ မွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာ၊ ရေမြွှာရည် ပိုးဝင်ကူးစက်ခံရတာနဲ့ အခြားနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
လေဒီလေးတွေရဲ့ မိန်းမကိုယ်မှာ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်နေရင်တောင်မှာ အနံ့လေးတော့ နည်းနည်းရှိစမြဲပါ။ မိန်းမကိုယ်ရဲ့ အနံ့က ကိုယ်လက်နှီးနှောတာ၊ ရာသီလာတာ၊ ကိုယ်ဝန်ရှိတာလိုမျိုး အခြေအနေမျိုးတွေမှာဆိုရင် ပြောင်းလဲနိုင်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ် အနံ့က ပုံမှန်ထက် ပိုပြင်းထန်နေမယ်၊ အကျိအချွဲတွေ ဆင်းနေမယ် ဆိုရင်တော့ မိန်းမကိုယ် ပိုးဝင်တာအပါအဝင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာကို ခံစားနေရတယ်ဆိုတာကို ပြသနေတာပါ။ အချို့သော အခြေအနေတွေမှာ မိန်းမကိုယ် အနံ့ဆိုးထွက်တာကို သက်သာစေဖို့အတွက် ပိုးသတ်ဆေးတွေ သောက်သုံးပြီး ကုသရတာမျိုးလည်း ရှိနိုင်ပါတယ်။