ကိုယ်နံ့သင်းသင်းလေးနဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်စေဖို့ရာ

ကိုယ်နံ့သင်းသင်းလေးနဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်စေဖို့ရာ
ကိုယ်နံ့သင်းသင်းလေးနဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်စေဖို့ရာ

သင်းပျံ့တဲ့ ကိုယ်နံ့လေးက ကိုယ်တိုင်ကိုရော တစ်နေ့တာမှာ ကိုယ်နဲ့ ထိတွေ့ဆက်ဆံရသူတွေကိုပါ စိတ်ချမ်းသာစေတာကတော့ အမှန်ပါပဲ။ ချွေးနံ့တွေ နံနေမယ်။ အဝတ်အစားတွေက အနံ့ဆိုးတွေ ထွက်နေမယ်ဆိုရင် ကိုယ်တိုင်လည်း ယုံကြည်မှုလျော့နည်းသလို နေရထိုင်ရ အဆင်မပြေတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက အတော်လေးကို စိတ်ကသိကအောက် ဖြစ်စေတာတော့ အမှန်ပါပဲ။ 

ဒါကြောင့် အခုတစ်ခေါက်မှာတော့ တစ်နေ့တာကို ကိုယ်နံ့သင်းသင်းလေးနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် ဂရုစိုက်ရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ်နံ့သင်းသင်းလေးနဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်စေဖို့ရာ

တစ်နေ့တာကို ကိုယ်နံ့ဆိုးကင်းကင်းနဲ့ ဖြတ်သန်းနိုင်စေဖို့ဆိုရင် ဂရုပြုလိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီအချက်လေးတွေကတော့ – 

  • ရေမှန်မှန် ချိုးပါ

တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ကနေ နှစ်ကြိမ်လောက် ရေချိုး သန့်စင်ပေးတာက ခန္ဓာကိုယ်က ချေးညှော်တွေကို သန့်စင်ပေးနိုင်ပြီး အနံ့ဆိုးကင်းစေဖို့ရော အရေပြားပေါ်မှာ ရှိနေတဲ့ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ဒီလို လုပ်ဆောင်ပေးတာကလည်း ကိုယ်နံ့ဆိုးတာမျိုး မဖြစ်စေဖို့ ကာကွယ်ရာရောက်ပါတယ်။ 

  • ရေချိုးဆပ်ပြာ သေချာစွာ ရွေးချယ်ပါ

ရေချိုးဆပ်ပြာရွေးချယ်တဲ့အခါမှာလည်း ဖြစ်နိုင်ရင် ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ ဆပ်ပြာအမျိုးအစားကို ရွေးချယ်ပေးဖို့ အကြံပြုချင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက အရေပြားကျန်းမာစေဖို့ရော ကိုယ်နံ့ဆိုးကင်းစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။

  • ရေချိုးပြီးချိန်မှာ ရေခြောက်အောင် သုတ်ပါ

ကိုယ်နံ့ဆိုး ကင်းစေဖို့ လိုက်နာရမယ့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထ တစ်ရပ်က ရေချိုးပြီးချိန်မှာ အရေပြားပေါ်မှာ ရေမကျန်အောင် သေချာ သုတ်ပစ်ဖို့ပါ။ အရေပြား အတွန့်အခေါက်တွေကြားကိုရော ချိုင်းကြား၊ ပေါင်ကြားစတဲ့နေရာတွေ၊ တံခေါက်ကွေးလိုနေရာတွေကို သေချာလေး ခြောက်သွေ့အောင် သုတ်ပေးဖို့ လိုပါမယ်။ ဒါမှ ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်စေဘဲ ချွေးနံ့ကင်းစေမှာပါ။ 

  • အဝတ်အစားတွေကို သေချာလျှော်ဖွတ်ပါ

တစ်ခါတလေမှာ ခန္ဓာကိုယ်က အနံ့ဆိုးတွေ ထွက်နေရခြင်းက အဝတ်အစားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဝတ်အစားတွေကို ဆပ်ပြာမှုန့်နဲ့ သေချာစိမ်ပြီး အနဲ့အသက်၊ အစွန်းအထင်း ကင်းစေဖို့ ဂရုစိုက် လျှော်ဖွတ်တာအပြင် မီးပူသေချာတိုက်ပြီး ပရုတ်လုံးလိုမျိုး အနံ့ဆိုးကင်းစေမယ့် အရာတွေနဲ့ သေချာလေး သိမ်းတာမျိုး လုပ်ပေးသင့်ပါတယ်။ 

(G6PD ရောဂါ လိုမျိုး) ပရုတ်နဲ့ ဓာတ်မတည့်တာလိုမျိုး ကျန်းမာရေးပြဿနာရှိမယ်ဆိုရင်တော့ ပရုတ်လုံးနဲ့ သိမ်းတာမျိုး မလုပ်သင့်ပါဘူး။ နောက်တစ်ခုကတော့ လေဒီလေးတွေဖြစ်မယ်ဆိုရင် အတွင်းခံဘောင်းဘီတွေကို ပရုတ်လုံးနဲ့ သိမ်းတာမျိုး မလုပ်ဖို့လည်း သတိပေးလိုက်ပါရစေနော်။ 

  • ချိုင်းချွေးနံ့ပျောက်စေဖို့ Roll on သုံးပါ

ချိုင်းချွေးနံ့ နံတာမျိုး မဖြစ်စေဖို့အတွက်ဆိုရင် ရေချိုးပြီးတိုင်း ချိုင်းကို Roll on သုံးပေးလို့ ရပါတယ်။ တကယ်လို့ သဘာဝနည်းလမ်းကိုပဲ သုံးချင်တာမျိုး ဆိုရင်တော့ ကျောက်ချဉ်ကို ရေစိမ်ပြီး အပေါ်အရည်ကြည်လေးကို ချိုင်းမှာ လိမ်းပေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါ။ 

  • အတွင်းခံတွေကို ထပ်ခါထပ်ခါ မဝတ်ပါနဲ့

အတွင်းခံတွေက အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ အဝတ်အထည်တွေ ဖြစ်သလို ချွေးအများဆုံးစုပ်ထားတဲ့ အရာတွေပါ။ ဒီလို အတွင်းခံတွေကို တစ်ခါဝတ်ပြီးတိုင်း လျှော်ဖို့ လိုပါမယ်။ အတွင်းခံတွေကို ခဏလေးပဲ ဝတ်တယ်ဆိုပြီး ချွေးလှန်းလိုက် ပြန်ဝတ်လိုက် လုပ်မယ်ဆိုရင်လည်း ခန္ဓာကိုယ်မှာ အနံ့ဆိုးတွေ ဖြစ်စေမှာပါ။

  • အစားအသောက် ဂရုစိုက်ပါ

တစ်ခါတလေ ကိုယ်နံ့ဆိုးရတာက အစားအသောက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေ့တိုင်း ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်မယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူလိုမျိုး ကိုယ်နံ့ပြင်းစေတဲ့ အစားအသောက်တွေကို အလွန်အကျွံ စားမယ်ဆိုရင်တော့ ကိုယ်နံ့ဆိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က ရေကို လုံလောက်အောင် မသောက်မိတာမျိုးပါ။ ရေသောက်နည်းတာက ခံတွင်းနံ့ကိုရော ကိုယ်နံ့ကိုပါ ဆိုးစေနိုင်လို့ ရေလုံလောက်အောင် သောက်ဖို့လည်း မမေ့ပါနဲ့နော်။ 

  • စိတ်ဖိစီးမှု ဖြေလျှော့ပါ

စိုးရိမ်စိတ် လွန်ကဲတာ၊ စိတ်ဖိစီးမှု များလွန်းနေတာကလည်း ခန္ဓာကိုယ်မှာ ချွေးနံ့ဆိုးတွေကို ဖြစ်ပေါ်စေနိုင်ပါ တယ်။ ဒါကြောင့် စိတ်ဖိစီးမှု ပြေလျော့စေဖို့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာ၊ ယောဂ လေ့ကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလေး လုပ်တာ၊ မနက်ခင်းနေခြည်နွေးနွေးလေးကို ခံယူပေးတာ မျိုးတွေ လုပ်လို့ စိတ်ပျော်စေမယ့် ဟော်မုန်းလေးတွေ ထွက်ရှိအောင် လုပ်ဆောင်ဖို့လည်း လိုပါမယ်။ 

  • တဘက်နဲ့ ရေလဲဝတ်တွေကို မကြာခဏ လျှော်ဖွတ်သန့်စင်ပါ

ရေလည်း သေချာချိုးပါရဲ့ ကိုယ်နံ့က ဆိုးသလိုလို ချွေးနံ့ပဲ မစင်သလိုလို ခံစားနေရပြီဆိုရင်တော့ တဘက်တွေ ရေလဲဝတ်တွေကို ပုံမှန်လျှော်ဖွတ်သန့်စင်ဖြစ်ရဲ့လားဆိုတာကို စဉ်းစားဖို့ လိုလာပါပြီ။ တဘက်တွေ ရေလဲဝတ်တွေကို ဖြစ်နိုင်ရင် ၃ ရက်ခြား တစ်ခါလောက် လျှော်ဖွတ်သင့်ပါတယ်။ တကယ်လို့ အလုပ် အရမ်းများတယ် ဆိုရင်လည်း တစ်ပတ်ကို တစ်ကြိမ်တော့ သေချာလေး လျှော်ဖွတ်သန့်စင်ဖို့ လိုပါမယ်။ 

ဒီနည်းလမ်းလေးတွေကို ဂရုစိုက်မယ်ဆိုရင် တစ်နေ့တာလုံးမှာ ကိုယ်နံ့ဆိုး ကင်းပြီး အနံ့ဆိုးကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့  လုပ်ငန်းဆောင်တာတွေကို အာရုံစိုက် လုပ်ဆောင်နိုင်မှာပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

တစ်နေ့တာမှာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တဲ့အခါ ချွေးထွက်တာမျိုးတွေကို တွေ့ကြုံရပြီး ဒီလိုကနေမှ တဆင့် အရေပြားပေါ်က ဘက်တီးရီးယားတွေနဲ့ ချွေးတွေ ထိတွေ့မှုကြောင့် ချွေးစော်နံတာ၊ ခန္ဓာကိုယ်က အနံ့ဆိုးထွက်တာမျိုးတွေ တွေ့‌ကြုံခံစားရနိုင်ပါတယ်။ ဒါကြောင့် ချွေးနံ့နဲ့ အနံ့ဆိုးတွေ ကင်းစင်စေဖို့ဆိုရင် နေ့စဉ်ပုံမှန် ရေချိုးတာ၊ ရေချိုးတဲ့ အခါမှာလည်း ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆပ်ပြာတွေကို အသုံးပြုတာ ချိုင်းချွေးနံ့သက်သာစေဖို့ Roll on တွေကို အသုံးပြုပေးတာ၊ ချွေးစုပ်တဲ့ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးတာမျိုး လုပ်ပေးဖို့ လိုသလို စားသောက်မှုပုံစံကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။ ဒီအချက်တွေအပြင် စိတ်ဖိစီးမှုများတာကလည်း ချွေးနံ့ဆိုးစေနိုင်တာမို့ စိတ်ဖိစီးမှုကို ဖြေလျှော့ကြဖို့လည်း အကြံပြုလိုက်ပါရစေနော်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *