Lockdown ချပါ Lockdown ချပါနဲ့ တစာစာအော်နေတာတွေ မြင်ရတော့ စိတ်ထဲတွေးမိတာရှိတယ်။ Lockdown ချတဲ့ကိစ္စက ထင်သလောက်မလွယ်ဘူး။ လူဦးရေ ၆ သန်းကျော်နေပြီး လက်လုပ်လက်စားတွေနဲ့ အခြေခံအလုပ်သမားအများစုနေတဲ့ ရန်ကုန်ကို ဘယ်လို အင်အားနဲ့ Lockdown ချမှာလဲ။ မြန်မာပြည်ရဲ့ လူမှုဖူလုံရေးစနစ်ကလည်း သိတဲ့အတိုင်း။
တကယ်လို့ ရန်ကုန်ကိုပဲ Lockdown ချမယ်ဆိုရင် –
၁ – အစိုးရမှာ တိကျပြီး အားကိုးလောက်တဲ့ Plan ရှိရမယ် (ပလန်ရှိမရှိတော့ မသိဘူး၊ ပြည်ဝင်ခွင့်စပိတ်ချိန်မှာ ရောဂါသည်တွေ အရှိန်နဲ့တိုးနေတဲ့ US နဲ့ UK ကို ချန်ထားခဲ့တယ်။ နောက်မှ လိုက်ပိတ်တယ်။ ခု လူနာ ၈ ယောက်မှာ ၅ ယောက်က အဲ့တိုင်းပြည်တွေကဝင်လာတဲ့လူတွေ၊ ဘယ်လိုအတွေးနဲ့ ဘယ်လို စီမံတယ်တော့ ဉာဏ်မမှီဘူး)
၂ – လုံလောက်တဲ့ အရံရိက္ခာနဲ့ ဆေးဝါး ဖြည့်ဆည်းထားနိုင်ရမယ် (Frontline က ကျန်းမာရေးဝန်ထမ်းတွေကိုတောင် PPE နဲ့ Mask တွေ လုံလုံလောက်လောက် မဖြည့်ပေးနိုင်သေးချိန်မှာ တချို့အရာတွေက သိပ်များများစားစားမျှော်လင့်ဖို့ခက်မယ်)
၃ – လက်လုပ်လက်စားတွေဆီ ထိထိရောက်ရောက်ဖြန့်ချိပေးနိုင်မယ့် စနစ်ရှိရမယ် (Food Panda ရှိတယ်တော့မလုပ်နဲ့ )
၄ – ထိထိရောက်ရောက် ကြပ်မတ်ကွပ်ကဲနိုင်လောက်တဲ့ Rule of Law သို့ Enforcement တခုခုရှိထားရမယ် (မြန်မာတွေ အသိတရားရှိပုံ၊ စည်းကမ်းကောင်းပုံက စံပဲလေ။ မလုပ်နဲ့ဆိုမှ ထထစမ်းချင်တာမျိုးမဟုတ်လား)
၅ – လုံလောက်တဲ့ သတင်းအချက်အလက်တွေကို ထိထိရောက်ရောက်ပြန်ကြားနိုင်တဲ့ နည်းလမ်းရှိထားရမယ် (သူများတိုင်းပြည်တွေ နေ့တိုင်း Press Conference လုပ်ပြီး နေ့စဉ် Update လုပ်နေချိန်မှာ ည သန်းခေါင်မှာ ပို့စ်တင်ပြီး တပို့စ်ကို လူ ၂၀K ၃၀K Share ရုံနဲ့ လူ သန်း ၅၀ ဒီပြဿနာကြီးအကြောင်း သိသွားမယ်လို့ ယူဆလို့မရဘူး။ ရခိုင်မြောက်ပိုင်းနဲ့ ချင်းက မြို့နယ်တချို့မှာ အင်တာနက်မရတာတွေ၊ မြန်မာပြည်မှာ စမတ်ဖုန်းသုံးတဲ့လူက Mobile pene ရဲ့ ၆၅% ပဲရှိတာတွေ၊ အဲ့ထဲမှာ FB ကို တစိုးတစိမှမသုံးတဲ့ ကျနော့အမေလိုလူတွေအများကြီးရှိနေသေးတာတွေ ထည့်တွက်ဖို့လိုတယ်။ ဘယ်သူတွေ ဘယ်လို ဖာထေးပြောနျေန သတင်းအချက်အလက်ထုတ်ပြန်မှုအပိုင်းဟာ ခုထိ အားရစရာမရှိသေးဘူး။ ပုဂ္ဂလိက ရုပ်သံတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း ခုထိအားနည်းနေဆဲပဲ။ နောက်ပြီး ဘေဘီလုံက လူကြီးလဲ ပျောက်နေဆဲပဲ )
ဒီအချက်တွေမရှိပဲ Lockdown ချလို့မရဘူး။ ခုဟာက Lockdown ချပါအော်နေကြတဲ့လူတွေက အိမ်မှာ ရိက္ခာအပြည့်နဲ့ Wifi လေးသုံးပြီး အဲ့ယားကွန်းခန်းထဲကနေ တကမ္ဘာလုံးအတွက် ထိုင်ပူပေးနေသူတွေများတယ်။
ရပ်ကွက်ထဲ ဆိုက်ကားနင်းနေတဲ့သူတွေ၊ လမ်းဘေးမှာ ကားရေဆေးနေတဲ့သူတွေ၊ ကုန်ထမ်းတဲ့ကူလီတွေ၊ မီးပွိုင့်မှာ တိုလီမုတ်စ ရောင်းနေတဲ့လူတွေ၊ ညည မုန့်ဖက်ထုပ် လိုက်ရောင်းနေတဲ့ ကလေးတွေ၊ တရက်အလုပ်မဆင်းရင်း တရက်စာ နေ့စားခလေးပျောက်သွားမှာမို့ ဘာကြီးဖြစ်နေနေ လိုင်းကားတိုးစီးပြီး ကြိတ်မှိတ်အလုပ်သွားဆင်းနေရဆဲလူတွေ… သူတို့ရော တွေးမပူနေဘူးလို့ ထင်နေတာလား။
သူတို့ရော ဒီရောဂါ အကူးခံရမယ့်ဘေးကို မကြောက်ပဲ နေပါ့မလား။ ဒါပေမယ့် သူတို့မှာ ရှောင်လွှဲလို့ရတဲ့ အခြေအနေရှိလို့လား။ ဒီလူတွေက Lockdown ချရရင်တောင် အဲ့ဒါဘာလုပ်တာမှန်း ရေရေရောရာ နားလည်ကြမှာ မဟုတ်တဲ့သူတွေ၊ ဖျားနေရင် ဆရာမောင်ဆေးနီမှုန့်နဲ့ ချောင်းဆိုးရင် ကွမ်းရွက်ပုံသောက်ကြမယ့်လူတွေ။
တချို့ကပြောလိမ့်မယ် အိန္ဒိယတောင်လုပ်လို့ရသေးတယ်လို့ပေါ့။ မြန်မာအစိုးရ အိန္ဒိယအစိုးရ၊ မြန်မာတွေရဲ့ နယ်ပယ်အလိုက် အသိဉာဏ်ရေချိန်နဲ့ အိန္ဒိယက လူတွေရဲ့ အသိဉာဏ်ရေချိန်၊ သူတို့ GDP ကိုယ့် GDP၊ သူတို့ရဲ့ တီထွင်ကြံဆနိုင်စွမ်းနဲ့ ကိုယ်တွေရဲ့ တီထွင်ကြံဆနိုင်စွမ်း တူသလား။ ဒါတောင် တရုတ်၊ နယူးယော့ခ်၊ လွန်ဘာဒီတို့နဲ့ မနှိုင်းယှဉ်သေးဘူး။
ဒီတော့ အခြေခံလူတန်းစားအများစုနေတဲ့မြို့မှာ သူတို့အတွက် အစီအမံမရှိပဲ Lockdown ချခိုင်းနေတာက အဓိပ္ပါယ်မရှိဘူး။ သူတို့ အလုပ်နားသွားတာနဲ့ သူတို့နောက်မှာ မှီခိုနေတဲ့ မိသားစုတွေပါ အော်တို ကပ်ဆိုက်ပြီပဲ။ ဒါကို ဘယ်လိုဖြေရှင်းမလဲ။ ဖြေရှင်းနည်း အဆင်သင့်ရှိထားဖို့လိုကို လိုနေတယ်။
သေချာတယ် သူတို့ ငတ်ရင် ခင်ဗျားတို့ဆီက တစုံတရာ မျှော်လင့်လာတော့မှာပဲ။ ကမ္ဘာမီးလောင် သားကောင်ချနင်းပဲ။ လူဆိုတာ ဗိုက်ပြည့်နေရင် တွေးတဲ့အတွေးနဲ့ ငတ်နေရင်တွေးတဲ့ အတွေးက တူတာမဟုတ်ဘူး။ ခင်ဗျားတို့ရော သူတို့တွေကို မျှဝေကျွေးမှာလား။ ဘယ် နှစ်ယောက်စာလဲ။ ဘယ်နှစ်မိသားစုစာလဲ။ ကိုယ့်မိသားစုအခက်ကြုံတဲ့အထိ ခွဲဝေပေးနိုင်မှာတဲ့လား။
ကျွန်တော် နာဂစ်နဲ့ ဇီးကုန်းရေဘေးလို အခြေအနေမျိုးတွေမှာ ကယ်ဆယ်ရေးရော ကူညီရေးရော လုပ်ပေးခဲ့ဖူးပြီ။ ဘယ်သူတွေက ဘယ်လို ကူပါတယ် ကယ်ပါတယ်ပြောပြော အကူအညီမဲ့ပြီး ဒုက္ခတွေ သောကတွေ အပြွတ်လိုက် ခါးစည်းခံခဲ့ရတဲ့လူတွေကို မြင်ဖူးခဲ့ပြီ။ အစိုးရမှာ Plan မရှိရင် ပြည်သူအချင်းချင်း ဘယ်လိုကူကူ လိုတဲ့နေရာတွေဆီ လိုသလောက် ထိထိရောက်ရောက် ကူနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်လည်း အပေါ်က ၅ ချက်ကိုပြောတော့ Gov’s Plan ကို နံပါတ် ၁ နေရာမှာထားပြီးပြောထားတာ။
ခုချိန် Lockdown ချပြီဆိုပါတော့။ အဆင်ပြေချင်လဲပြေမယ်၊ ပြေချင်မှလဲပြေလိမ့်မယ်။ မပြေရင် ပိုရှုပ်ကုန်လိမ့်မယ်။ Lockdown ချပြီး တိုင်ပတ်နေတဲ့နေရာတွေ အများကြီးပဲ။ ဝေးဝေးမကြည့်နဲ့ နယူးဇီလန်သာကြည့်။
ရောဂါကို တားဆီးဖို့ဆိုရင် –
- လိုအပ်တဲ့ စည်းကမ်းတွေကိုလိုက်နာပြီး အပြင်ထွက်စရာမလိုတဲ့သူတွေက မထွက်နဲ့။
- ထွက်မှဖြစ်မယ့်လူတွေကထွက်။
- ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျအသုံးပြုဖြစ်အောင် အားစိုက်ပြီးတွန်းအားပေး။
- အရေးယူစရာရှိတဲ့ အခြေအနေတွေမှာ စံနမူနာပြအဖြစ် တိတိကျကျအရေးယူ။
- ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိထိရောက်ရောက်ဖြည့်ဆည်းပေး။
- သတင်းတုတွေ ပြတ်ပြတ်သားသားရှင်း။ လူတွေအကြောက်မလွန်အောင် သတင်းမှန်တွေကို မြန်မြန်ဆန်ဆန်ထုတ်ပြန်။
- ဒီရောဂါက သေနှုန်း ၄% ပဲရှိတယ်။ ငယ်ရွယ်သူတွေ သေနှုန်းက ဝ.၂% ထက် နည်းတယ်ဆိုတာ လူတိုင်းသိအောင်ပြော။
- ၈-၂၁% သေနှုန်း Chance ရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဂရုစိုက်ပေး။
- လက်ဆေးဖို့၊ အကာအကွယ်တွေသုံးဖို့တွန်းအားပေး။
- အခြေခံလူသုံးကုန်တွေ၊ ဆေးဝါးပစ္စည်းတွေ ဈေးမတက်အောင်လည်း ထိန်းပေး။
ဒီအချက်တွေကို လူထုရော အစိုးရရော လိုက်နာရင် ကောင်းကောင်းထိန်းလို့ရတယ်။ အကြောက်လွန်နေလို့ ဘယ်သူမှ ရောဂါပျောက်မသွားဘူး။ ဘေးထွက်ဆိုးကျိုးတွေပဲ တိုးလာလိမ့်မယ်၊ ယုံ။
မောင်မိုးဇွန်
၂၈၊ မတ်၊ ၂၀၂၀
COVID-19
တောရေးတောင်ရေး