အဝေးမှုန်စေနိုင်တဲ့ အရာတွေက ဘာတွေဖြစ်မလဲ!

အဝေးမှုန်စေနိုင်တဲ့ အရာတွေက ဘာတွေဖြစ်မလဲ!

အနီးဆိုရင် ကောင်းကောင်း မြင်ရတယ် နည်းနည်း လှမ်းသွားရင် ဘာမှ သေချာ မမြင်ရတာမျိုး ဖြစ်နေပြီလား! ဒါဆိုရင်တော့ အဝေးမှုန်နေတာပါ။ ဒီတစ်ခေါက်တော့ အဝေးမှုန်ရတာက ဘာတွေကြောင့်လဲဆိုတာကို သိရှိပြီး  ဆင်ခြင်နိုင်စေဖို့အတွက် အဝေးမှုန်စေနိုင်တဲ့ အရာများ အကြောင်း ပြောပြပေးလိုက်ရပါတယ်။

အဝေးမှုန် ဆိုတာ ဘာလဲ!

အဝေးမှုန်တယ်ဆိုတာက အမြင်အာရုံ ပြဿနာ တစ်ခုပါ။ အနီးအနားမှာ ရှိတာတွေကို ကောင်းကောင်းမွန်မွန် သဲသဲကွဲကွဲ မြင်ရပေမယ့် အဝေးက အရာတွေကိုတော့ မျက်လုံးရဲ့ ရောင်ပြန်ဟပ်မှု မှားယွင်းတာကြောင့် တိကျပြတ်သားစွာ မမြင်ရတာ  ဝါးတားတား ဖြစ်တာမျိုးတွေကို ခံစားရနိုင်တဲ့ အခြေအနေပါ။

အဝေးမှုန်တာ အဖြစ်များသလား!

အဝေးမှုန်တာက အဖြစ်များသလား ဆိုတော့ တော်တော်လေး အဖြစ်များပါတယ်။ အယောက် ၁၀၀ မှာ ၃၀% လောက် ခံစားကြရတဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာပါ။ 

အဝေးမှုန်ရင် ဘယ်လိုတွေ ခံစားရနိုင်လဲ!

အဝေးမှုန်ပြီဆိုရင် ကားမောင်းနေတုန်းမှာ လမ်းဘေးဝဲယာက ဆိုင်းဘုတ်တွေကို သဲသဲကွဲကွဲ မမြင်ရတာမျိုး ခံစားရနိုင်သလို စာသင်အရွယ် ကလေးတွေမှာဆိုရင် ကျောက်သင်ပုန်းက စာတွေကို မမြင်ရတာမျိုး ခံစားရနိုင်ပါတယ်။ အချို့မှာဆိုရင် ရုပ်သံတွေကို ကြည့်ရှုရာမှာတောင် အခက်အခဲ ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

မြင်သာတဲ့ လက္ခဏာတွေ အနေနဲ့

  • ခပ်ဝေးဝေးက အရာတွေကို သဲသဲကွဲကွဲ မမြင်ရတာ
  • မျက်လုံးတွေ ညောင်းတာ၊ ပင်ပန်းတာ
  • အဝေးက အရာကို မျက်မှောင်ကြုံ့ပြီး ကြည့်ရတာ
  • ခေါင်းကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

အဝေးမှုန်တာက အရမ်းမပြင်းထန်တဲ့အခါ ဘာမှ သေသေချာချာ မသိရတာမျိုးလည်း ရှိနိုင်ပါတယ်။

အဝေးမှုန်စေနိုင်တဲ့ အရာတွေက ဘာတွေဖြစ်မလဲ!

အဝေးမှုန်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အဝေးမှုန်တာက ကလေးအရွယ်မှာကတည်းက စဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ အဝေးမှုန်တာက အကြောင်းအရင်းမရှိဘဲ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိဘတွေဆီကနေ အမွေဆက်ခံလာတာမျိုးပေါ့။ 

အဝေးမှုန်စေနိုင်တဲ့ အရာများ ကတော့ – 

အသက်အရွယ်

အဝေးမှုန်တာက အသက် ၆ နှစ် နဲ့ ၁၄ နှစ်ကြား အရွယ်မှာ စဖြစ်နိုင်ပြီး အသက် ၂၀ အစောပိုင်း ကာလတွေမှာ ပိုပြင်းထန်လာနိုင်ပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ မျက်လုံးအရွယ်အစားပြောင်းလဲလာတာကြောင့်လည်း ပါတာပေါ့။

အာရုံ အရမ်းစိုက်ရတာ

မျက်လုံးကို အာရုံစိုက်ပြီး အနီးကပ် အနုစိတ် လုပ်ရတဲ့ လက်မှုလေးတွေက အချိန် ကြာလာတာနဲ့ အမျှ အမြင်အာရုံကို ဝန်ပိစေပြီး အဝေးမှုန်တာမျိုး ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဖုန်းသုံးတာနဲ့ ကွန်ပျူတာ အသုံးများတာတွေပေါ့။

အနီးကပ်ကြည့်တာ 

ဘယ်လိုအရာမျိုးတွေ ပါလဲဆိုတော့ ကွန်ပျူတာကို အနီးကပ်ကြည့်တာ၊ စာအုပ်နဲ့ မျက်လုံးနဲ့ ကပ်ဖတ်တာ၊ ‌အလင်းရောင်ကောင်းကောင်း မရတဲ့ နေရာမှာ စာဖတ်တာ၊ ဖုန်းအကြည့်များတာတွေကလည်း အနီးမှုန်စေနိုင်ပါတယ်။

မျိုးရိုး ရှိနေတာ

အဝေးမှုန်ခြင်းက တစ်ခါတလေမှာ အမွေဆက်ခံ ရရှိခြင်းပါ။ မိဘဘိုးဘွားတွေမှာ အဝေးမှုန်ဖူးမယ်ဆိုရင် ကိုယ်တိုင်မှာလည်း အဝေးမှုန်နိုင်ပါတယ်။

သဘာဝ အလင်းရောင်နဲ့ ထိတွေ့မှု နည်းတာ

ပြင်ပ အလင်းရောင်နဲ့ ထိတွေ့ချိန် နည်းပြီး တစ်ချိန်လုံး အိမ်တွင်းအောင်းနေတာ၊ အလင်းရောင် မဝင်တဲ့ အခန်းအောင်း နေထိုင်ခြင်းတွေကလည်း အဝေးမှုန်စေနိုင်ပါတယ်။ ကလေးတွေမှာလည်း ဒီအချက်ကို ဂရုစိုက်ဖို့ လိုပါမယ်။

ကိုယ်တိုင်ရော အဝေးမှုန်စေနိုင်တဲ့ အလေ့အထတွေက ဘယ်အချက်တွေကို လုပ်မိနေလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်တော့နော်။

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *