လမ်းနှစ်သွယ်နဲ့ ဆေးခြောက် ဝိရောဓိ

ကျွန်တော်တို့ ဗမာလူမျိုးတွေက အစွဲအလမ်းကြီးတယ်၊ အငြင်းလည်းသန်တယ်။ တစ်ခုခုကို ယုံကြည်မှတ်ယူထားပြီးရင် ပြင်ရ ချွတ်ရခက်တယ်။ ဒီတော့ တစ်ချို့သောအကြောင်းအရာတွေက ဓားထမ်းပြောရတဲ့ Topic တွေဖြစ်လာရော။

အဲ့ဒီလိုအကြောင်းအရာတွေထဲမှာ ဆေးခြောက်ကိစ္စလည်းပါတယ်။ တလောက မိတ်ဆွေတစ်ယောက်နဲ့ ပြည်တွင်းက ဆေးခြောက်တရားဝင်ဖြစ်ရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေအကြောင်း ပြောဖြစ်တယ်။ သဘောထားမတိုက်ဆိုင်မှုတွေက သိသာလာတာမို့ စကားစဖြတ်လိုက်ရတယ်။

ဆေးခြောက်တရားဝင်ဖြစ်ရေးဟာ ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေခြင်းမတူသလို လိုအပ်ချက်နဲ့တောင်းဆိုချက်ခြင်းလည်း ကွာခြားမှုရှိပေမယ့် တူညီတဲ့ ဘုံရည်မှန်းချက်က ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်ကနေ ပယ်ဖျက်ပြီး တရားဝင်အသုံးပြုခွင့်ပေးဖို့ပါပဲ။

ဒီအချက်ကို ရှေးရိုးစွဲတဲ့ လူကြီးတစ်ချို့ကတော့ သဘောကျကြမယ်မထင်ပါဘူး။ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် မှတ်ယူကြီးပြင်းလာခဲ့ကြသူတွေကိုး။ လူငယ်တစ်ချို့နဲ့ နှစ်ခြိုက်သူတွေကတော့ ဆေးခြောက်ကို တရားဝင်ဖြစ်ဖို့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ တောင်းဆိုနေကြတာမျိုးတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း တောင်းဆိုသူအများစုက အခြေအနေကို ဂဃနဏ သုံးသပ်ဆင်ချင်ဟန်တော့ မတူပါဘူး။ ချက်ကျလက်ကျကြိုးပမ်းနေကြသူတွေထက် အများယောင်လို့ လိုက်ယောင်နေကြတာတွေများပါတယ်။

အပြောင်းအလဲနဲ့ လမ်းစ

လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဆေးခြောက်ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါး အမျိုးအစား စာရင်းကနေ ဖယ်ရှားပေးလိုက်တော့ တစ်ကမ္ဘာလုံးက ဆေးခြောက်နှစ်သက်သူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ UN Commission on Narcotic Drugs (CND) ရဲ့ အဖွဲဝင်နိင်ငံတွေက မဲခွဲဆုံးဖြတ်ပြီး ဆေးခြောက် (Cannabis) ကို ဒီစာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဆေးခြောက်မှာ စွဲလမ်းစေပြီး အန္တရာယ်လည်းရှိတဲ့ Tetrahydrocannabinol (THC) ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပေမယ့် နည်းမှန်လမ်းမှန်နဲ့ အသုံးချမယ်ဆိုရင် ဆေးဝါးကုသရေးလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ခုလိုဆုံးဖြတ်ချက်ခဲ့ကြတယ်ဆိုပါတော့။

ဒါကြောင့် ဆေးခြောက်ဟာ အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းမှာ ပါဝင်တော့ခြင်းမရှိပဲ ဒီစာရင်းထဲမှာ ကိုကင်း (Cocaine)၊ ဖန်ဂနဲလ် (Fenganyl)၊ မော်ဖင်း (Morphine)၊ မက်သဒုံး (Methadone)၊ ဘိန်း (Opium) နဲ့ အောက်ဆီကိုဒုံး (Oxycodone) တို့သာကျန်ရှိတော့မှာဖြစ်ပါတယ်။ ၅၉ နှစ်ကြာ အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းမှာ ပါဝင်ခဲ့ရာကနေ ခုလို ဖယ်ရှားလိုက်တာကြောင့် နိုင်ငံတကာက အစိုးရတွေရဲ့ မူဝါဒပိုင်းတွေအပေါ်မှာ သက်ရောက်မှုရှိလာပါတယ်။ 

အထူးသဖြင့် ဆေးခြောက်တရားဝင်ရေးလှုပ်ရှားသူတွေက ဒါက အခွင့်အလမ်းတစ်ခုလို့ ရှုမြင်လာကြတာပါ။ ကိုယ်ရေးကိုယ်တာအမြင်အရတော့ ဒီဆုံးဖြတ်ချက်မျိုးက မြန်မာနိုင်ငံလို တိုင်းပြည်မျိုးအတွက် သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို ဆောင်ကျဉ်းလာမယ်လို့ ယူဆချင်စရာမရှိဘူးဆိုတာပါပဲ။

ကမ္ဘာပေါ်မှာ ဆေးခြောက်ကို တရားမဝင်မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားတဲ့တိုင်းပြည်ပေါင်း ၁၄၀ အထိရှိနေပြီး မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုလို တိုင်းပြည်မျိုးမှာတောင် ဆေးခြောက်ကို တရားဝင် အသုံးချခွင့်ပြုထားတဲ့ ပြည်နယ် ၁၇ ခုသာရှိပါသေးပြီး ဆေးဝါးအဖြစ်သာ အသုံးချခွင့်ပြုထားတာဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာရှိလာပါပြီ။ ကမ္ဘာ့တိုင်းပြည်အသီးသီးမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုတာမျိုးတွေ ရှိလာပေမယ့် Medical Marijuana အဖြစ် အသုံးချစေတာဖြစ်ပြီးတော့ Recreational Marijuana အဖြစ် အသုံးပြုခွင့်ပြုတာမျိုးမဟုတ်ပါဘူး။ Recreational Marijuana ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားကြပါတယ်။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာက Medical Marijuana နဲ့ Recreational Marijuana တို့အကြားက ခြားနားချက်အကြောင်းဖြစ်ပြီးတော့ ဒီကွာဟချက်ဟာ ဆေးခြောက်ကို တရားဝင်ဖြစ်ဖို့ တောင်းဆိုနေသူတွေ၊ ဆေးခြောက်ကို စီးပွားရေးအခွင့်အလမ်းအဖြစ် အသုံးချဖို့ တိုက်တွန်းနေသူတွေနဲ့ မူဝါဒပိုင်းချမှတ်ရမယ့်သူအတွက် တွေးချင့်စရာတစ်ချက်ဖြစ်လာမယ်ဆိုရင် အကျိုးရှိပြီလို့ ဆိုရမှာပါ။

တကယ်တမ်းအားဖြင့် ဆေးခြောက်က ဒီကနေ့ခေတ်မှာ အငြင်းပွားစရာအကောင်းဆုံး ပြဿနာတွေထဲကတစ်ခုပါ။ မတူညီတဲ့အမြင်တွေနဲ့အတူ မူးယစ်ဆေးဝါးအဖြစ် ပြင်းပြင်းထန်ထန် ဆန့်ကျင်သူတွေရော၊ ဆေးဖြစ်ဝါးဖြစ် အသုံးပြုဖို့ အကြံပြုနေသူတွေရော၊ စိတ်လွတ်လက်လွတ်သုံးချင်နေသူတွေရော ရောထွေးနေပြီး သဘောထားအမြင်မတူညီမှုအကြားမှာ ပွတ်တိုက်မှုတွေလည်း အတော်ပြင်းတယ်လို့ဆိုလို့ရပါတယ်။

ကမ္ဘာ့တိုင်းပြည်တစ်ချို့မှာ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပြုတာမျိုးတွေ ရှိလာနေပြီဖြစ်သလို တချို့တိုင်းပြည်တွေမှာဆိုရင်တော့ ဆေးခြောက်ကိုအသုံးချပြီး စီးပွားရှာတာတွေလည်း ရှိလာပါတယ်။ ဥပမာပေးရရင် ထိုင်းနိုင်ငံမှာ ဆေးခြောက်အခြေပြု ခရီးသွားလုပ်ငန်းဖန်တီးနေသလို နယ်သာလန်တိုင်းပြည်ဆိုရင်လည်း ဆေးခြောက်ကို အလွယ်တကူ ရောင်းဝယ်ဖောက်ကားနိုင်တဲ့တိုင်းပြည်အဖြစ် ကမ္ဘာကျော်ပါတယ်။

အထူးသဖြင့် Cannabis Tourism/ Marijuana Tourism လို့ခေါ်တဲ့ ဆေးခြောက်အခြေပြု ခရီးသွားလုပ်ငန်းဟာ ၂၀၁၉ ခုနှစ်ဝန်းကျင်မှာ ကမ္ဘာတစ်ဝှမ်းစတင်ခေတ်စားလာနေတဲ့ လုပ်ငန်းတစ်ခုပါ။ အမေရိကန်၊ စပိန်၊ နယ်သာလန်၊ ဂျမေကာ၊ ဥရုဂွေး၊ ဂျာမနီ၊ နယူးဇီလန်၊ ကနေဒါနဲ့ အာဆီယံမှာဆိုရင်တော့ ထိုင်းနိုင်ငံက စတင်ခြေလှမ်းနေပါပြီ။

ဒါပေမယ့် တစ်ဖက်မှာလည်း ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုမှုတွေဟာ ထိမ်းချုပ်ရခက်ခဲနေဆဲဖြစ်တာမို့ နိုင်ငံအတော်များများမှာ ဥပဒေကြောင်းအရ တားဆီးထားတာမျိုးတွေ ရှိနေဆဲပါ။ အမေရိကန်လိုတိုင်းပြည်မျိုးမှာတောင် ဆေးခြောက်ကို ပြည်နယ်တိုင်းမှာ အသုံးပြုခွင့်မရှိပါဘူး။ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့ ပြည်နယ် ၁၇ ခုသာရှိပါသေးပြီး ဆေးဝါးအဖြစ်သာ အသုံးချခွင့်ပြုထားတာဖြစ်ပါတယ်။ ဥပဒေကြောင်းအရ တားဆီးထားဆဲ ပြည်နယ်တွေရှိနေဆဲပါ။

Marijuana Tourism ဆိုပြီးစတင်နေပြီဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင်လည်း ဆေးခြောက်ကို တရားမဝင်အသုံးပြုရင်၊ ရောင်းဝယ်ဖောက်ကားရင် ပြင်းထန်တဲ့ ပြစ်ဒါဏ်မျိုးချမှတ်တတ်ပြီး အမြင့်ဆုံးပြစ်ဒါဏ်က သေဒါဏ်ဖြစ်ပါတယ်။ တခြားသော Marijuana Tourism တွေမှာလည်း THC ဖယ်ရှားထားတဲ့ Medical Marijuana ကိုသာ အသုံးပြုခွင့်ပြုကြတာဖြစ်ပါတယ်။ ဆေးခြောက်ကို နှစ်ခြိုက်သူတွေ မျှော်လင့်သလို THC ပါဝင်တဲ့ အရိုင်းပစ္စည်းတွေကို သုံးခွင့်ရဖို့တော့ မမျှော်လင့်ပါနဲ့။ 

လမ်း နှစ်သွယ်

ခုလိုမျိုး ဒွိဟဖြစ်ဖွယ် အခြေအနေမျိုးမှာရှိနေရတဲ့အကြောင်းအရင်းကတော့ ဆေးခြောက်ဟာ စွမ်းဆောင်ရည် ၂ မျိုးကို တပြိုင်နက်တည်းပိုင်ဆိုင်ထားတဲ့ သဘာဝပေါက်ပင်တစ်မျိုးဖြစ်နေတာကြောင့်လို့ ဆိုရမှာပါပဲ။ ဆေးခြောက်ရဲ့ ထူးခြားချက်က တစ်ဖက်မှာ ဆေးဝါးကုသရေးမှာ အထောက်အကူဖြစ်စေတာဖြစ်ပြီး တခြားတစ်ဘက်မှာတော့ စွဲလမ်းစေတဲ့ ဘေးထွက်ဆိုးကျိုးရှိနေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ Medical Marijuana နဲ့ Recreational Marijuana ကို သိနားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဆေးခြောက်ပင်မှာပါဝင်တဲ့ Cannabidiol (CBD) နဲ့ Tetrahydrocannabinol (THC) ဆိုတဲ့ ဓါတုပစ္စည်းတွေက လူ့ပင်မအာရုံကြောစနစ်အပေါ်မှာ သက်ရောက်မှုရှိပြီး ဆေးခြောက်ရဲ့ အသက်လို့တောင်ဆိုလို့ရပါတယ်။ ဒီနှစ်ခုကပဲ ကျန်းမာစေတဲ့ ဓာတ်သဘာဝနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖန်တီးပေးပါတယ်။

အခြေခံအားဖြင့် ခွဲခြားမယ်ဆိုရင် CBD ပါဝင်မှုမြင့်မားရင် Medical Marijuana ၊ THC မြင့်မားစွာပါဝင်နေရင် Recreational Marijuana လို့ ခွဲခြားနိုင်ပါတယ်။ ဆေးခြောက်ရွက်ထဲမှာပါဝင်တဲ့ THC ဟာ လူ့စိတ်ကိုတက်ကြွစေတဲ့ ဓာတုဒြပ်ပေါင်းတစ်ခုပါ။ ပြောရရင် High စေတဲ့အရာပေါ့။ ဒီဒြပ်ပေါင်းဟာ မူးယစ်ရှိန်ကြောင့် စိတ်ကို အထွတ်အထိပ်ရောက်သွားစေတဲ့ အာနိသင်အပြင် လူကိုအသက် အန္တရာယ်ပြုနိုင်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။

Cannabidiol လို့ခေါ်တဲ့ CBD ကတော့ THC နဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး စိတ်ကြွလန်းဆန်းစေပေမယ့် THC လို အားမကောင်းပါဘူး။ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် Medical Marijuana တွေက အလွန်အကျွံ မဟိုက် (High) တတ်ပါဘူး။ 

ဒါကြောင့်လည်း ဆေးခြောက်ကို ခွင့်ပြုနေပြီဖြစ်တဲ့ တိုင်းပြည်တွေမှာ သတ်မှတ်နည်းလမ်းတွေအတိုင်း စနစ်တကျ စိုက်ပျိုးထားတာမျိုးမရှိရင်၊ ဆိုးကျိုးဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားခြင်းမရှိခဲ့ဘူးဆိုရင် Recreational Marijuana လို့ သတ်မှတ်ပြီး ရောင်းချခွင့်နဲ့ အသုံးပြုခွင့်ကို တားဆီးထားတာပါ။ 

Recreational Marijuana ဟာ ဆေးဘက်ဝင်ဖို့ ဆေးဝါးကုသရေးမှာ အသုံးပြုဖို့ဆိုတဲ့ ဦးတည်ချက်လုံးဝမရှိပဲ မူးယစ်ဆေးဝါးအဖြစ် အသုံးချဖို့ ရည်ရွယ်ထားတဲ့အရာဖြစ်ပါတယ်။ ဆေးဘက်ဝင်မှုထက် THC က ပိုမိုများပြားနေတာမို့ စွဲလမ်းမှုကို ပြင်းပြင်းထန်ထန်ဖြစ်စေတဲ့အရာပါ။

THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ ကျူမာအကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်စေမှာဖြစ်သလို ရေရှည်စွဲပြီးအသုံးပြုမယ်ဆိုရင် အဆုတ်ပျက်စီးတာ၊ နှလုံးရောဂါ၊ ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေ၊ နာတာရှည်နာကျင်မှုဝေဒနာတွေ၊ ဦးခေါင်းနဲ့ လည်ပင်းပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ၊ အဆိပ်သင့်မှု၊ စွဲလမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလည်း ခံစားရစေမှာပါ။

အန္တရာယ်များလှတဲ့ THC ကို ကန့်သတ်ဖယ်ရှားပြီး CBD အဓိကပါဝင်တဲ့ Medical Marijuana ကတော့ ဆေးဝါးကုသရေးဘက်နဲ့ အစားအစာတွေ၊ လူသုံးကုန်တွေထဲမှာ တရားဝင် နေရာယူနေပါပြီ။ Medical Marijuana ကို အခြေပြုပြီး စီးပွားရေးဈေးကွက် ရှိလာသလို လုပ်ငန်းသစ်တွေ စွန့်ဦးတီထွင်လုပ်ငန်းတွေလည်း ပေါ်ထွက်လာနေပါတယ်။

ဒါ့အပြင် Medical Marijuana ကို ရေတိမ်၊ HIV/AIDS ကြောင့်ကိုယ်အလေးချိန်ကျဆင်းတာ၊ အာရုံကြောနာကျင်တာ၊ ကိုယ်လက် နာကျင်ကိုက်ခဲတာ၊ Amyotrophic Lateral Sclerosis၊ ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန်ကျဆင်းတာ၊ လေးဖက်နာရောဂါ၊ ကင်ဆာဆဲလ် ပြန့်ပွားမှုကို ကာကွယ်ထိမ်းချုပ်တာ၊ ဆေးလိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါကို ကုစားတာနဲ့ လေဖြတ်ဝေဒနာ ကုစားတာ စတဲ့နေရာတွေမှာလည်း အသုံးချကြပါသေးတယ်။ 

ဒီတော့ ဒီကနေ့ ကမ္ဘာကြီးပေါ်မှာ ဆေးခြောက်ကို ယဉ်အောင်ပြုပြင်ပြီး ထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချတာတွေ၊ ဆေးဝါးကုသရေးမှာ အသုံးချတာတွေရှိနေသလို၊ အရိုင်းအတိုင်း မူးယစ်ဆေးဝါးအဖြစ် အသုံးချနေကြသူတွေလည်းရှိနေတယ်ဆိုပါတော့။ ဒါက ဆေးခြောက်ရဲ့ အနာဂတ် လမ်းနှစ်သွယ်ပါပဲ။

Marijuana နဲ့ ရှေ့ခရီး

မြန်မာနိုင်ငံမှာကတော့ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်နေပြီးတော့ တရားဝင် အသုံးပြုခွင့်ရော၊ ရောင်းဝယ်ဖောက်ကားခွင့်ရော မရှိပါဘူး။ ဒါပေမယ့် တခြားမူးယစ်ဆေးဝါးတွေလိုပါပဲ။ ရောင်းဝယ်ဖောက်ကားမှုတွေ အသုံးပြုမှုတွေကို ထိမ်းသိမ်းနိုင်ခြင်းမရှိပါဘူး။

အိမ်နီးချင်းတိုင်းပြည်တစ်ချို့ဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကြောင့် ဆေးခြောက်ကနေ ငွေကြေးရှာဖွေဖို့ နည်းလမ်းတွေ ရှာဖွေလာကြချိန်မှာ ပြည်တွင်းမှာလဲ ဆေးခြောက်ကို တရားဝင်ခွင့်ပြုဖို့ တောင်းဆိုမှုတွေ ပိုမိုအားကောင်းလာနေပါတယ်။ လက်ရှိ မူဝါဒတွေအပေါ်လည်း ဖိအားပိုတိုးလာစေပါတယ်။

တဖက်မှာ စဉ်းစားရမှာက ချင့်ချိန်နိုင်စွမ်းလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ခုချိန်အထိ ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါး ဟုတ်မဟုတ်၊ လူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြင်းရှိမရှိ၊ လူတွေ လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ပြုဖို့ သင့်မသင့် စတာတွေကို ကမ္ဘာတစ်လွှားမှာ ငြင်းခုန်နေကြဆဲပါ။ ဆေးခြောက်ကို ဝင်ငွေရှာဖွေဖို့နဲ့ ဆေးဝါးကုသရေးမှာ အသုံးပြုတာက ကောင်းပေမယ့် တဖက်မှာလည်း စိန်ခေါ်မှုတွေက ရှိနေတာကို ငြင်းလို့မရပါဘူး။

အထူးသဖြင့် မူးယစ်ဆေးဝါးပြဿနာကို ကြီးကြီးမားမားရင်ဆိုင်နေတဲ့အပြင် တရားဥပဒေစိုးမိုးမှုအပိုင်းမှာလည်း အားနည်းချက်တွေနဲ့ရှိနေတဲ့ တိုင်းပြည်တစ်ခုမှာ ဒီအရာတွေကနေ အကျိုးစီးပွားရှာဖွေနိုင်စွမ်းရှိပါ့မလား၊ ဆေးဝါးအဖြစ် အသုံးချခိုင်းမယ်ဆိုရင်တောင်မှ တိတိကျကျ ထိမ်းချုပ်နိုင်ပါ့မလားဆိုတာက အတော်မရေရာတဲ့ မေးခွန်းမျိုးတွေဖြစ်ပါ။ တိကျကောင်းမွန်တဲ့ မူဝါဒနဲ့ ကိုင်တွယ်နိုင်စွမ်းမျိုး၊ တရားဥပဒေစိုးမိုးမှုမျိုးနဲ့ အရည်အသွေးထိမ်းချုပ်မှုစနစ်မျိုးတွေ ရှိနေမှသာ ဒီစွန့်စားမှုမျိုးကို လုပ်ဖို့သင့်လျော်ပါလိမ့်မယ်။

အခွင့်အရေးကောင်းတွေဟာ မျက်စိရှေ့မှာဆိုပေမယ့် ထိမ်းကြောင်းနိုင်စွမ်းမရှိရင်တော့ အကျိုးကျေးဇူးဖြစ်စေမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ နည်းပညာကဏ္ဍကနေ စိုက်ပျိုးရေးနယ်ပယ်အဆုံး အခြေခံဆောက်အအုံ အားနည်းချက်တွေ၊ တရားဥပဒေစိုးမှုမရှိတာတွေ၊ လူထုအကြား စည်းကမ်းလိုက်နာမှု အားနည်းတာတွေကြောင့် အခွင့်အလမ်းကောင်းတွေကို အမြဲလက်လွှတ်နေတဲ့တိုင်းပြည်တစ်ခုပါ။ အိမ်နီးချင်း တိုင်းပြည်တွေရဲ့ အသုံးချကျော်တက်မှုတွေကို ခံနေရဆဲပါ။ သေချာတာတစ်ခုက Medical Marijuana တွေ၊ သူနဲ့ဆက်နွယ်နေတဲ့ စီးပွားရေး အခွင့်အလမ်းတွေက ဒီတိုင်းပြည်ဆီကို သက်ရောက်လာလိမ့်မယ်လို့ မမြင်မိပါဘူး။

ကမ္ဘာတစ်ဖက်ခြမ်းမှာ ဆေးခြောက်ဟာ မူးယစ်ဆေးဝါးလား၊ ဆေးဝါးဓာတ်စာလား၊ စီးပွားရေးအခွင့်အလမ်းတစ်ခုလားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ကြိုးစားနေချိန်မှာ ဒီအရပ်ဒေသမှာတော့  ခေတ်မမှီတော့တဲ့ ဥပဒေတွေ၊ စည်းကမ်းလိုက်နာနိုင်စွမ်း အားနည်းချက်တွေရယ်ကြောင့် စီးပွားရေးအခွင့်အလမ်းကောင်းလည်းဖြစ်လာဖို့ မရှိသလို ဆေးဝါးအဖြစ် အသုံးချတာမျိုးလည်း ဖြစ်လာနိုင်ဖွယ် မရှိလှပါဘူး။ မူးယစ်ဆေးဝါး ဖြစ်ခြင်း/မဖြစ်ခြင်းလောက်ကိုသာ ငြင်းကြခုံကြရင်း အခွင့်အလမ်းတွေကို လက်လွတ်ခံကြရဦးမယ် ထင်ပါတယ်။

မောင်မိုးဇွန်

The Voice Weekly

Vol.16/No.45

28/Dec/2020-3/Jan/2021

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *