ရာသီလာချိန်မှာ သောက်ပေးသင့်တာလေးများ

ရာသီလာချိန်မှာ သောက်ပေးသင့်တာလေးများ
ရာသီလာချိန်မှာ သောက်ပေးသင့်တာလေးများ

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့အတွက် စားသောက်မှုပုံစံက အများကြီး သက်ရောက်မှုရှိနေပါတယ်။ ဒီလို ရာသီလာချိန်မှာ နာကျင်မှုသက်သာစေဖို့၊ စိတ်ခံစားမှု ကောင်းစေဖို့နဲ့ ခန္ဓာကိုယ်မှာ ပင်ပန်းတာတွေကို သက်သာစေဖို့၊ ရောင်ရမ်းမှုတွေကို လျှော့ကျစေဖို့ အချို့သော သောက်စရာ လေးတွေက ကူညီပေးနိုင်ပါတယ်။ 

အခုတစ်ခေါက်မှာတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ သောက်စရာလေးတွေကို ပြောပြပေးထားပါတယ်။

ရာသီလာချိန်မှာ သောက်ပေးသင့်တာလေးများ

ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဖို့ သောက်ပေးသင့်တာလေးတွေကတော့ – 

  • သောက်ရေ

သောက်ရေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အရေးပါတဲ့ သောက်စရာ တစ်ခုပါ။ ရေက အစာကြေစေသလို လေပွတာလိုမျိုး ရာသီလာချိန် ခံစားရတဲ့ ဝေဒနာက သက်သာစေသလို ဆီးစပ်ကိုက်တာ၊ ဗိုက်အောင့်တာလိုမျိုး နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေချိန်မှာ ရေလုံလုံလောက်လောက် သောက်ပေးဖို့ လိုပါမယ်။ ရာသီလာနေချိန်မှာ တစ်နေ့ကို အနည်းဆုံး ရေ ၁ လီတာ ခွဲကနေ ၂ လီတာလောက် သောက်ပေးပါ။ 

  • သင်္ဘောသီးဖျော်ရည်

အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတဲ့ သင်္ဘောသီးမှည့်ဖျော်ရည်က ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေသလို သွေးစီးဆင်းမှု ကောင်းစေပြီး သားအိမ်ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပါတယ်။ ဟော်မုန်းတွေကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ရာသီလာချိန် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

  • ချင်း (ဂျင်း) ရေနွေး

ရေနွေးဆူဆူထဲကို ချင်း(ဂျင်း) လက်တစ်ဆစ်စာလောက် ထည့်ပြီး စိမ်ထားတဲ့ ချင်း (ဂျင်း) ရေနွေးနွေးလေး ကလည်း ‌နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပြီး ရာသီလာချိန် ခံစားရတဲ့ နာကျင်ကိုက်ခဲတာ၊ နေရထိုင်ရာ မအီမသာဖြစ်တာ၊ ဗိုက်အောင့်တာလိုမျိုး ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ 

  • နာနတ်သီး ဖျော်ရည်

သန်ကျစေတယ်လို့ သိကြတဲ့ နာနတ်သီးဖျော်ရည်ကလည်း ဗီတာမင် B၊ ဗီတာမင် C နဲ့ မဂ္ဂနီဆီယမ်တို့လိုမျိုး အာဟာရဓာတ်တွေ ပါဝင်နေတာ‌ကြောင့် သားအိမ်ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ 

  • ပန်းသီး၊ တရုတ်နံနံ ဖျော်ရည်

ပန်းသီးစိမ်းနဲ့ တရုတ်နံနံကို ကြိတ်ထားတဲ့ ဖျော်ရည်ကလည်း ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့လိုမျိုး သတ္တုဓာတ်တွေအပြင် ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E နဲ့ ဗီတာမင် Kတို့ ပါဝင်နေတာကြောင့် ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ 

  • ကွေကာအုတ်

အသင့်ဖျော် ကွေကာအုတ်မဟုတ်ဘဲ အုတ်ဂျုံကြမ်းကို နွားနို့နွေးနွေးနဲ့ ဖျော်ထားတဲ့ ကွေကာအုတ်ကို သောက်ပေးတာကလည်း ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ အုတ်ဂျုံမှာ ဇင့်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် B1 တို့ ပါဝင်နေတာကြောင့်ပါ။ 

ရာသီလာချိန်မှာ ရေဓာတ်ပြည့်ဝဖို့ အရေးကြီးသလား!

# ဒါလေးတွေကို ရှောင်ပေးပါ

ရာသီလာချိန်မှာ အခုပြောတဲ့ သောက်စရာလေးတွေကိုတော့ ရှောင်ပေးစေလိုပါတယ်။

  • အချိုရည်တွေ – အားအင်ကုန်ခမ်းစေပြီး ခြေကုန်လက်ပမ်းကျတာကို ပိုဆိုးစေနိုင်လို့ပါ။
  • ကဖင်းပါတဲ့ သောက်စရာတွေ – လေပွတာ၊ အစာခြေစနစ်ပြဿနာတွေ ခံစားရနိုင်လို့ပါ။
  • ဆိုဒါနဲ့ သကြားကဲတဲ့ သောက်စရာတွေ – လေပွစေနိုင်လို့ပါ။
  • အရက် – ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို ပိုဆိုးစေနိုင်လို့ပါ။
  • ချောကလက်ပူပူ (သကြားစွက်ထားတာ) – သကြားပါဝင်မှုများရင် လေပွတာကို ပိုဆိုးစေနိုင်လို့ပါ။

Lotoshinn ရဲ့ စကားလက်ဆောင်

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို ရေနွေးအိမ်ကပ်ပေးတာ၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်တာလိုမျိုး လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ရသလို အခုပြောခဲ့တဲ့ သောက်စရာလေးတွေကို သောက်ပေးလို့လည်း ရပါတယ်။ 

တကယ်လို့ နေထိုင်စားသောက်မှုကို သေချာဆင်ခြင်နေပါရက် နာကျင်မှုက ပိုဆိုးတာ၊ ပုံမှန်ထက် ပြင်းထန်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုပါရစေ။ 

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *