ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်၍ အစိုးရဝန်ထမ်းများအား လစာ ၂၀၀၀၀ ကျပ် စီ တိုးမြှင့်ပေးတော့မည် ဖြစ်သောကြောင့် ကုန်ဈေးနှုန်းများ တက်လာမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။ ထို့အပြင် လျှပ်စစ်မီတာခများကိုလည်း ဧပြီလမှ စတင်ကာ တိုးမြှင့်ကောက်ခံမှုတော့မည်ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ပိုမိုမြင့်တက်လာပြီး တိုင်းပြည်စီးပွားရေးကို ထိခိုက်မှုများ ဖြစ်လာမည်ကိုလည်း စိုးရိမ်မှုများရှိနေကြသည်။
လစာတက်ခြင်းနှင့် မီတာခတက်လာခြင်း အပေါ် အမြင်အမျိုးမျိုးရှိနေပြီး ယင်းတို့အတွက်ကြောင့် နောက်ဆက်တွဲအနေဖြင့် ကုန်ဈေးနှုန်းတိုးလာမှုနှင့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနိုင်ခြေ ရှိမရှိကို သတိထားစောင့်ကြည့်နေကြသည်။
“မီတာခတက်တာကိုကြည့်ရင် Real Production Costs ကိုထည့်ပြောရမယ်။ အခုက အစိုးရဘက်ကပြောနေတာက ကုန်ကျစရိတ်ထက် ဝန်ဆောင်ခကိုပဲ ယူနေတာလို့။ ဥပမာ လျှပ်စစ်ဓာတ်အားထုတ်လုပ်လို့ အမှန်တကယ်ကုန်ကျစရိတ်က တစ်ယူနစ် ၁၅၀ ကျတယ်ဆိုပါစို့။ အစိုးရက ၇၅ ကျပ်နဲ့ ကောက်တယ်။ ၇၅ ကျပ်ကို စိုက်ပေးထားတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေက မီးမရကြဘူး။ အဲဒါဆို တရားရဲ့လား။” MDRI မှ စီးပွာေးရးပညာရှင် ဦးတင်မောင်သန်းကဆိုသည်။
ကုန်ကျစရိတ်ထက် အရှုံးခံ လုပ်ကိုင်ခြင်းသည် အစိုးရဘက်က မြို့ပြတိမ်းညွှတ်သည့် မူဝါဒသုံးခြင်းဖြစ်ပြီး ယင်းအနေအထားသည် လူလတ်တန်းစားများအတွက်သာ အကျိုးရှိသောကြောင့် အားလုံး မျှမျှတတဖြစ်စေရန် ကုန်ကျစရိတ် အတိအကျကောက်ပြီး လက်ရှိ လျှပ်စစ်ဓာတ်အား မသုံးစွဲနိုင်သေးသည့် လူများအတွက် သုံးင့်ကြောင်း ၎င်းကဆိုသည်။
“လူတွေ စိတ်ပူနေသလို ကုန်ဈေးနှုန်းတက်လာမယ်ဆိုရင်လည်း လစာတိုးပေးတာရယ် အတွက်ကြောင့်ကြီးပဲတော့ မဟုတ်ဘူး။ နောက်ပြီး အစိုးရ အတွက် ကျတော့လည်း အရင်လို မြို့ပြကို တိမ်းညွှတ်တဲ့နည်းနဲ့ ဆက်သွားမလား အတိအကျကောက်ပြီး တစ်နိုင်ငံလုံးကိုပေးဖို့ကြိုးစားမလား။ ဒီလို Policy Questions တွေ ထွက်လာတယ်။ အဲဒီမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ကုန်ဈေးနှုန်းတွေ ငွေကြေဖောင်းပွမှုတွေမှာ အကျိုးသက်ရောက်မှုရှိတယ်။” ဟု ဦးနိုင်ဦးကဆိုသည်။
ဘာတွေဖြစ်လာမှာလဲ
ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်၍ အစိုးရဝန်ထမ်းလစာ တိုးမြှင့်ခြင်း လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုများကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ပိုမိုမြင့်တက်လာပြီး တိုင်းပြည်စီးပွားရေးကို ထိခိုက်မှုများ ဖြစ်လာမည်ကိုလည်း စိုးရိမ်မှုများရှိနေကြသည်။
သို့သော်လည်း လက်ရှိ အနေအထားများကြောင့် Inflation တက်မည် မတက်မည်ကို အတိအကျပြောဆိုရန်မဖြစ်နိုင်သေးပေ။ အစိုးရအနေဖြင့် ဝန်ထမ်းလစာများ တိုးမြှင့်ပေးခဲ့ခြင်းကြောင့် သုံးငွေလိုအပ်ချက်ရှိလာပါက ထပ်မံ၍ ပုံနှိပ်ထုတ်ဝေခြင်းများ မပြုလုပ်ရန် လိုအပ်ပြီး ယင်းကဲ့သို့ပြုလုပ်မည်ဆိုလျှင်မူ Inflation ဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့ကဆိုသည်။
“အစိုးရဘက်ဂျက်လိုငွေပြရင် Treasury Bond တွေ ထုတ်ရောင်းရကြတယ်။ အဲဒီနည်းနဲ့ မဖြေရှင်းချင်ရင် အစိုးရက အရန်ငွေကြေးတွေ ထပ်ပြီးရိုက်ထုတ်ကြတာပဲ။ ဒါက ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်တယ်။” ဟု စီးပွားရေးပညာရှင်များကဆိုသည်။
“တကယ်လို့ ကုန်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှု တက်လာတယ်ဆိုရင်တောင် မီတာခတက်တာရယ်၊ လစာတိုးတာရယ်တွေကြောင့်ပဲ မဟုတ်နိုင်ဘူး။ တခြားအကြောင်းတွေကြောင့်ပါ ဖြစ်နိုင်တယ်။ CPI Index (Comsumer Price Index) အပေါ်မှာလည်း မူတည်တယ်။” ဟု MDRI မှ စီးပွားရေးပညာရှင် ဦးတင်မောင်သန်းကဆိုသည်။
ထို့အပြင် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုအခြေအနေ၊ GDP၊ နိုင်ငံခြားကုန်သွယ်မှုပမာဏ၊ အိမ်ခြံမြေဈေးနှုန်း၊ ငွေလဲနှုန်း၊ နိုင်ငံခြား အရန်ငွေကြေးနှင့် အရန်ရွှေပမာဏများ၏ အနည်းအများ၊ အတက်အကျ အခြေအနေအမျိုးမျိုးအပေါ်မူတည်ပြီး ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နိုင်ခြေရှိသည်။
ကုန်ဈေးနှုန်းတက်ခြင်းသည် ကုန်ပစ္စည်း အမျိုးအစားတစ်ခု နှစ်ခုတက်ခြင်းကို ဆိုလိုခြင်းမဟုတ်ပဲ ကုန်စည် အများစုဈေးနှုန်းများ တက်မှသာ ကုန်ဈေးနှုန်းတက်သည်ဟုဆိုနိုင်သည်။ သို့သော် လူအများစုအနေဖြင့် ကုန်စည်မိမိနှင့် နီးစပ်ရာ ကုန်စည် အနည်းအကျဉ်းဈေးတက်ခြင်းကို ကုန်ဈေးနှုန်းတက်သည်ဟု စိုးရိမ်မှုများ လွန်ကဲနေကြခြင်းဖြစ်ကြောင်း ပညာရှင် အချို့က ထောက်ပြကြသည်။
“လူတွေက အစိုးရိမ်လွန်နေကြတာပါ။ ကုန်ဈေးနှုန်းတက်တာက ဝယ်လိုအား ရောင်းလိုအား တွေနဲ့ ဆိုင်တယ်။ ဥပမာ ဆန်ဆိုရင် ဂျပန်တို့ တရုတ်တို့က ဝယ်လိုအားရှိလာတော့ ဈေးတက်လာတယ်။ အဲဒါကို ကုန်ဈေးနှုန်းတက်တယ်မဆိုနိုင်ဘူး။ ကျန်တဲ့ထုတ်ကုန်တွေ တက်မတက်ကြည့်ရမယ်။” ဟု ဦးနိုင်ဦးကဆိုသည်။
လက်ရှိအချိန်တွင် ငွေကြေးဖောင်းပွမှုဖြစ်မည်၊ မဖြစ်မည် မသေချာသော်လည်း ဖြစ်ပေါ်လာပါကလည်း မီတာခတက်ခြင်းနှင့် အစိုးရ ဝန်ထမ်းများ လစာတိုးမြင့်ပေးခြင်း သက်သက်ကြောင့် မဖြစ်နိုင်ကြောင်း ဦးတင်မောင်သန်းကဆိုသည်။
“ငွေကြေးဖောင်းပွမှုက တိုက်ရိုက်ပြဿနာမဟုတ်ဘူး။ တိုင်းပြည်တိုင်းမှာ ငွေကြေးဖောင်းပွမှုရှိတယ်။ Inflation ရယ်၊ ကုန်ဈေးနှုန်းရယ်၊ လုပ်ခလစာရယ်၊ ကုန်ထုတ်လုပ်မှုရယ်က ဆက်စပ်မှုတွေရှိနေနေတယ်။ တစ်ခုတက်ရင် အခြားတစ်ခုက လိုက်တက်မယ်။ Inflation တက်လာရင် ကုန်ဈေးနှုန်းတက်လာမယ်။ ကုန်ဈေးနှုန်းတက်တာကိုထိန်းဖို့ လစာတို့ ကုန်ထုတ်လုပ်မှုတို့ ပြည်ပပိုကုန်တို့ တက်ဖို့လိုမယ်။” ဟု အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့ရ ပညာရှင်တစ်ဦးဖြစ်သူ ဦးနိုင်ဦးကဆိုသည်။
ဘယ်လိုကာကွယ်မလဲ
လက်ရှိအချိန်တွင် နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့ IMF က မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၇ ရာခိုင်နှုန်းပတ်ဝန်းကျင်တွင်ရှိနေပြီး ယင်းသည် မြန်မာနိုင်ငံအတွက် သင့်လျှော်သည့် နှုန်းထားတစ်ခုဖြစ်ကြောင်း ဆိုထားသည်။
“နိုင်ငံတကာမှာ တိုင်းပြည်စီးပွားရေး သိပ်နှေးနေရင်လည်း သွက်လာအောင် ပိုက်ဆံရိုက်ထည့်၊ ဝန်ထမ်းတွေလစာတိုး၊ စီမံကိန်းတွေ ဖော် အဲလိုလုပ်ပြီး တမင် Inflation တက်လာအောင် လုပ်ရတာမျိုးတွေ ရှိတယ်။ ပြည်တွင်းမှာလည်း Inflational Policy သုံးဖို့ အတွက် တစ်ချို့က အကြံပြုထားတာတွေရှိတယ်။ အလုပ်ဖြစ်မဖြစ် ငြင်းခုံနေကြတာလည်းရှိတယ်။ IMF ပြောတဲ့ ၇ ရာခိုင်နှုန်းဆိုတာကတော့ မများပါဘူး။” ဟု ဦးတင်မောင်သန်းကဆိုသည်။
ထို့အပြင် မြန်မာအစိုးရအနေဖြင့် အရန်ငွေကြေးပမာဏတိုးတက်အောင် ဆောင်ရွက်သင့်ပြီး၊ ငွေကြေးလဲလှယ်နှုန်းအပေါ်အထူးတလယ် အာရုံစိုက်နေခြင်းကို လျှော့ချသင့်ကာ ဗဟိုဘဏ်ကလည်း လက်ရှိအနေအထားအပေါ်တွင် ကောင်းမွန်စွာ ထိန်းကျောင်းနိုင်မှသာ ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း IMF ၏ အစီရင်ခံစာက ဖော်ပြသည်။
သို့သော်လည်း အခြား ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ADB က မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ပမာဏမှာ၂၀၁၄ ခုနှစ်တွင် ၆ ဒဿမ ၆ ရာခိုင်နှုန်းခန့်သာရှိနေမည် ဖြစ်ပြီး ၂၀၁၅ တွင် ၆ ဒဿမ ၉ ရာခိုင်နှုန်းခန့်သာရှိမည်ဖြစ်ကြောင်း “Asian Development Outlook 2014: Fiscal Policy for Inclusive Growth” အစီရင်ခံစာတွင် ဖော်ပြထားသည်။
ငွေကြေးဖောင်းပွမှု တည်ငြိမ်လာစေရန် ပို့ကုန်ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းကို အရှင်ဖြစ်စေရန် ဖြေလျှော့ပေးခြင်းများဆောင်ရွက်ခဲ့မှုများက သက်ရောက်မှုရှိခဲ့ကြောင်း ADB က ဆိုသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်မှ ပိုင်ဆိုင်ထားသည့် နိုင်ငံခြားသုံးငွေ ပမာဏ ၈ ဒဿမ ၁၃ ဘီလီယံခန့်နှင့် ရွှေပမာဏ ၁၅၃၃ တန်ရှိသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သော ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်ပြန်ကြေညာထားသည်။ နိုင်ငံခြားသုံး သီးသန့်ငွေကို ဗဟိုဘဏ်နှင့် နိုင်ငံတော် ဘဏ်များတွင် ငွေသားအဖြစ် ထိန်းသိမ်းထားပြီး ပြည်ပတွင်ရှိသည့် အဆက်အသွယ်ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထားခြင်းဖြစ်သည်။
သို့သော်လည်း ငွေကြေဖောင်းပွမှုပမာဏ လိုအပ်သည်ထက် ပိုမိုမြင့်တက်လာမည် မတက်မည် မသေချာသေးသော်လည်း မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ဖြေရှင်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပေသည်။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် မြန်မာနိုင်ငံတွင် Data နှင့် Capacity ဟူ၍ လိုအပ်ချက် နှစ်ခု ရှိနေမည်ဖြစ်သည်။
“ဒီနိုင်ငံမှာ Inflation ကို ထိန်းချုပ်ဖို့ဆိုဆိုရင် လိုအပ်ချက်တွေကို အရင်ဖြည့်ဆည်းရမယ်။ တိုင်းပြည်မှာက မပြည့်စုံတာတွေများနေတယ်။ အချက်အလက်တို့၊ ပညာရှင်တို့ပေါ့” ဟု ဦးနိုင်ဦးကဆိုသည်။
“Inflation ကို ထိန်းချုပ်ဖို့က ရငွေ၊ သုံးငွေကို ကြည့်ရမယ်။ ဘယ်ဟာများလဲပေါ့။ ကုန်သွယ်မှုမျှခြေ(Trade Balance) ကြည့်ရမယ်။ နောက်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုလည် ကြည့်ရမယ်။ အရေးအကြီးဆုံးက ပညာရှင်တွေလိုအပ်တာပဲ။” ဟု ဦးတင်မောင်သန်းကဆိုသည်။
သို့သော် မိမိတိုင်းပြည်၏ အချက်အလက်ကိန်းဂဏန်းများကို နိုင်ငံတကာအဖွဲ့အစည်းများမှ ထုတ်ပြန်နေသော်လည်း ပြည်တွင်းမှ ထုတ်ပြန်နိုင်ခြင်းမရှိပဲ ဝန်ကြီးဌာနများတွင်ပင်တိကျသည့် ကိန်းဂဏန်း အချက်အလက်များမှာပြည့်စုံစွာ မရှိသေးခြင်းနှင့် ရှိနေသည့် အချက်အလက်များကိုလည်း ရယူရန်ခက်ခဲခြင်းမှာ ပြဿနာတစ်ရပ်ဖြစ်သည်။
ရသုံးမှန်းခြေငွေစာရင်း၊ ဘက်ဂျက်၊ တိုင်းပြည်၏ အရံငွေကြေး၊ အရံရွှေ ပမာဏ အစရသော အချက်အလက်များကို ပညာရှင်များ အလွယ်တကူရယူနိုင်ရန် ဆောင်ရွက်ပေးသင့်ပြီး အဆိုပါအချက်အလက်များသည် ငွေကြေးဖောင်းပွမှုကို တိုင်းတာတွက်ချက်ရာတွင် အလွန်အရေးပါသည်။
ထို့အပြင် နောက်ထပ် အရေးပါသည့် တစ်ချက်မှာ ကျွမ်းကျင်၍ အတွေ့အကြုံပြည့်ဝသော ပညာရှင်များ ရှားပါးခြင်းဖြစ်သည်။
“အခုသမ္မတရဲ့ စီးပွားရေးအကြံပေးအဖွဲ့ကို ကြည့်။ စီးပွားရေးပညာရှင် စစ်စစ်ဆိုရင် ဦးမြင့်တို့၊ ကိုအောင်ကိုကိုတို့လောက်ပဲ ပါတယ်။ ကျန်တဲ့ ပညာရှင်တွေက စီမံခန့်ခွဲမှုတို့၊ သဘာဝပတ်ဝန်းကျင်တို့ တခြားနယ်ပယ်တွေက လာတာ။ ပြည်တွင်းမှာ Ph.D ရတဲ့ ပညာရှင်တွေတော့ရှိမှာပါ။ တိုင်းပြည်ရဲ့ Macro Economics ကို တိုင်းတာနိုင်တဲ့ ပညာရှင်တွေ လိုအပ်တယ်။ ပညာရှင်အရမ်းရှားတယ်။ မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်ဖို့ Data တွေ Capacity တွေ ဖြည့်ဆည်းဖို့လိုအပ်တယ်။ ထင်သလို မဆုံးဖြတ်ပဲ လုပ်ရတယ်။” ဟု ဦးတင်မောင်သန်းကဆိုသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် IMF နှင့် ကမ္ဘာ့ဘဏ်တို့မှ ကျွမ်းကျင်သည့် ပြည်ပပညာရှင်များခန့်အပ်ထားပြီး သော်လည်း အဆိုပါ ပညာရှင်များ၏ အကူအညီဖြင့် ငွေကြေးဖောင်းပွမှု ပြဿနာကို ကိုင်တွယ်ခြင်းပြုမည်ဆိုပါက တစ်ချို့သော ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
ရဲဇွန်အောင်
ဧပြီ၊ ၂၀၁၄
The Voice Weekly