မြန်မာ့ မိုလ်ဘိုင်းဆက်သွယ်ရေး – မည်သူပြိုင်၍ နိုင်ပါတော့နိုင်

မြန်မာနိုင်ငံတွင် ပြည်တွင်း ပြည်ပ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ၃ ခုအထိ ရှိလာပြီဖြစ်ရာ ပြည်တွင်းမှ အော်ပရေတာတစ်ခုတည်းက လက်ဝါးကြီးအုပ်လုပ်ကိုင်ခဲ့သော ခုနှစ်များသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

မိုဘိုင်းဖုန်း အော်ပရေတာအပြိုင်အဆိုင်ကား စလေပြီ။ နောက်ဆုံး ဖုန်းကတ်ရောင်းချသည့် အော်ပရေတာအဖြစ် တယ်လီနော (Telenor) က မိုလ်ဘိုင်းဖုန်းကတ်များကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မန္တလေးမြို့တွင် စတင်ရောင်းချသည်။

ဤသည်မှာ မြန်မာတယ်လီကွန် ဆက်သွယ်ရေးလောကအတွင်းရှိ စားသုံးသူဗဟိုပြု ဈေးကွက်နေရာလုပွဲအတွင်းသို့ MPT၊ အူရီးဒူး (Ooredoo) တို့နှင့်အတူ ပါဝင်ဆင်နွဲလိုက်ခြင်းပင်ဖြစ်သည်။

အော်ပရေတာတို့ စတော့စကြလေပြီ။ တာထွက်ကောင်း၏။ မကောင်း၏။ ဝေဖန်မှုများလည်းရှိနေလေသည်။

ဖုန်းကတ် ဖြန့်ချိရေး ဇာတ်လမ်းအစ

ဈေးကွက်အတွင်း တယ်လီနော စတင်ဝင်ရောက်လာချိန်တွင် အူရီးဒူးနှင့် MPT တို့က ဈေးကွက် ဝေစု အတိုင်းအတာတစ်ခုအထိ ရရှိနေပြီးဖြစ်သည်။

၎င်းတို့ကလည်း လိုင်းကောင်းမည်။ ဈေးသက်သာမည်။ မှောင်ခိုဈေးကွက် မပေါ်ပေါက်အောင်ဆောင်ရွက်မည်။ စသည့် လူကြိုက်များမည့် ကတိများဖြင့်ပင် ဈေးကွက်အတွင်း ဝင်လာခဲ့ပြန်သည်။
ယခင် အူရီးဒူးလိုပင် စမ်းသပ်သုံးစွဲရန် စောင့်ဆိုင်းနေသူ အများအပြားရှိနေခဲ့သည်။

တယ်လီနော၏ အဖွင့်ကာလသည်လည်း MPT နှင့် အူရီးဒူးတို့ကဲသို့ပင် ပျားရည်ဆမ်းကာလတစ်ခုကို ဖြတ်သန်းခဲ့ရပြန်သည်။ သို့သော်လည်း ရှေ့ကနောင်တော်ကြီးများကဲ့သို့ပင် ကြာကြာတော့ မခံခဲ့ပေ။

အူရီးဒူးဆင်းမ်ကတ်များစတင်ရောင်းချစဉ်က ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ကြိတ်ကြိတ်တိုးဝယ်ယူမှုများရှိခဲ့ပြီး မှောင်ခိုဈေးကွက်လည်း ကြီးကြီးမားမားလည်း ဖြစ်ပေါ်လာခဲ့သည်အထိ အောင်မြင်ခဲ့သည်။ အင်တာနက်အမြန်နှုန်းမြင့်မားမှုနှင့် ဖုန်းခေါ်ဆိုရအဆင်ပြေမှုများမှာ ကြိတ်ကြိတ်တိုးဝယ်ယူမှုများ၏ အဓိကအကြောင်းအရာဖြစ်သည်။

အရည်အသွေးမြင့် 3G အင်တာနက်စနစ်သည် အူရီးဒူးအတွက် ရလဒ်ကောင်းများကို ယူဆောင်ပေးလာခဲ့သည်။ ကွန်ယက်ချဲ့ထွင်မှုကို အလျှင်အမြန်တိုးချဲ့နိုင်ခြင်းကလည်း ဈေးကွက်တွင် နေရာတစ်ခုရရန် အထောက်အကူပြုခဲ့သည်။

တယ်လီနော အနေဖြင့်လည်း မန္တလေးတွင် စတင်ရောင်းချစဉ်က ကြိတ်ကြိတ်တိုး ဝယ်ယူမှုများရှိသကဲ့သို့ပင် အင်တာနက်လိုင်းကောင်းမွန်မှု၊ ပြည်တွင်း ပြည်ပ ခေါ်ဆိုခ ဈေးသက်သာမှုများနှင့် တခြားအကြောင်းအရင်းများကြောင့် တယ်လီနောဖုန်းဆင်းမ်ကတ်များမှာ မန္တလေးမြို့တွင် စရောင်းရောင်းခြင်းရက်မှာပင် ရောင်းကုန်သွားခဲ့သည်။

ထို့နောက် နိုဝင်ဘာလဆန်းတွင် နေပြည်တော်နှင့် နိုဝင်ဘာလ နှောင်းပိုင်းတွင် ရန်ကုန်မြို့များတွင် ထပ်မံရောင်းချခဲ့ပြီး ရန်ကုန်မြို့တွင် ဆိုင်အရေအတွက် ၆၀၀၀ ခန့်အထိ တွင် ခွဲဖြန့်ရောင်းချနိုင်ခဲ့ကာ မှောင်ခိုဈေးကွက်ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကုန်တွင် ဆင်းမ်ကတ်အရောင်းဆိုင်ခွဲပေါင်း ၈၀၀၀ ကျော်အထိ ခွဲဖြန့်ထားနိုင်ပြီး တယ်လီနော ကိုယ်ပိုင်ဆိုင်အရေအတွက်မှာလည်း ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး သုံးမြို့ပေါင်း ဆိုင် ၂၀ ကျော်ရှိနေပြီဖြစ်သည်။

ထို့အပြင် အင်တာနက်ကို ဈေးနှုန်းချိုသာသည့် 2G နှင့် ပုံမှန်ဈေးနှုန်းသတ်မှတ်ထားသည့် 3G ဟူ၍ ၂ မျိုးခွဲခြား အသုံးအပြုနိုင်ခြင်းကြောင့်လည်း တယ်လီနောကို သုံးစွဲသူများက သဘောကျခဲ့ကြသည်။

“အူရီဒူး ဆင်းမ်ကတ်တွေ စရောင်းတဲ့ အချိန်တုန်းက အင်တာနက်ဆိုလည်း တော်တော်မြန်ခဲ့တယ်။ ဖုန်းခေါ်ရအဆင်ပြေတာကတော့ ခုချိန်အထိ အူရီဒူးရဲ့ အားသာချက်ပါပဲ။ တယ်လီနောကတော့ စရောင်းတုန်းက အင်တာနက် Speed ကို 1 Mbps၊ 2 Mbps လောက်အထိကို ရခဲ့တာ အခုတော့ တော်တော်နှေးလာပြီ” ဟု ရန်ကုန်မြို့ရှိ Star Mobile ဆိုင် ပိုင်ရှင် ဦးဇော်မင်းကဆိုသည်။

ပျားရည်ဆမ်းကာလအလွန်

ဆင်းရဲနွမ်းပါးသူများပြားပြီး တယ်လီကွန်း ဈေးကွက်အခြေအနေကို နားလည်နိုင်မှုအားနည်းကာ မိုဘိုင်းနည်းပညာများနှင့် တန်ငယ်အလှမ်းဝေးလှသော မြန်မာပြည်သူများအကြားတွင် ဆက်သွယ်ရေးကုမ္ပဏီများ၏ ပျားရည်ဆမ်းကာလသည်လည်း ရှည်လျားလှသည်တော့ မဟုတ်။

တယ်လီနောအနေဖြင့် မန္တလေးတွင် စတင်ရောင်းချစဉ်ကတည်းက အမှားအယွင်းအချို့ကို မရည်ရွယ်ပဲလုပ်မိပြီးသားဖြစ်နေသည်။ မှောင်ခိုဈေးကွက်ကိုထိန်းချုပ်သွားမည်ဟု ကြိုတင်ကြေညာထားသည့်အတိုင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို စတင်ရောင်းချမည့်နေ့တိုင်မှီ ရက်အလွန်နီးကပ်နေသည့်အချိန်ကျမှ အရောင်းဆိုင်များသို့ ပေးပို့ခဲ့သည်။

ယင်း၏ နောက်ဆက်တွဲအနေဖြင့် ရောင်းချမည်ဟု ကြိုတင်ကြေညာထားသည့် ဆိုင်တိုင်းသို့ ဆင်းမ်ကတ်များရောက်ရှိခဲ့ခြင်းမရှိခဲ့သောကြောင့် စတင်ရောင်းချသည့်နေ့တွင် တယ်လီနောဆင်းမ်ကတ်များကို မိမိတို့၏ နီးစပ်ရာဆိုင်များတွင် ဝယ်မရခဲ့။ ထို့အပြင် ဆိုင်များသို့ရောက်ရှိနေသော ဆင်းကတ်အရေအတွက်မှာလည်း နည်းပါးနေပြီး လူတစ်ယောက်လျှင် ဆင်းမ်ကတ် ၃ ကတ် အထိ ဝယ်ယူခွင့်ပေးခဲ့သောကြာင့်လည်း မှောင်ခိုဈေးကွက် ဖြစ်လာပြန်သည်။

အမှန်တကယ်လိုချင်သူအချို့မှာ ဆင်းမ်ကတ်များကို မှောင်ခိုဈေးကွက်အတွင်းမှသာ ဝယ်ယူခွင့်ရရှိခဲ့ကြရသည်။

မြန်မာနိုင်ငံတွင် တာဝါတိုင်နှင့် ကွန်ယက် တည်ဆောက်မှုအပိုင်း အားအရဆုံးဖြစ်သောကြောင့် မန္တလေးတွင် ဝန်ဆောင်မှုများကို စတင်ရခြင်းဖြစ်သည်ဟု တယ်လီနော CEO ဖြစ်သူ Petter Furberg က ပြောဆိုခဲ့သော်လည်း စတင်ရောင်းချပြီး ရက်ပိုင်းအကြာတွင်ပင် လိုင်းမမိခြင်းများ၊ အင်တာနက်လိုင်းမကောင်းခြင်းမျာအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

“အင်တာနက်က 2G နဲ့ဆို တော်တော်ကို စုတ်တယ်။ 3G နဲ့ကတော့ မဆိုးပါဘူး။ သူတို့ပြောတော့ 2G နဲ့ ဆိုရင် လိုင်းကောင်းမယ်ပြောထားပြီး ခုတော့ ဖုန်းခေါ်ရတော့လည်း ချက်ခြင်းမမိဘူး။ လိုင်းက ခဏခဏပြုတ်ပြုတ်ကျတယ်။ အူရီဒူးက ဖုန်းလိုင်းပိုကောင်းတယ်။” ဟု မန္တလေးမြို့မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်ဇော်ကဆိုသည်။

တယ်လီနောအနေဖြင့် ရန်ကုန်မြို့တွင်လည်း ဆင်းမ်ကတ်များ စတင်ရောင်းချတော့မည်ဟု သတင်းများမကြာခဏထွက်ပေါ်လာသော်လည်း အမှန်တကယ် ရောင်းချချိန်မှာ ကြိုတင်ကြေညာထားသည်ထက် ပိုမိုနောက်ကျခဲ့သည့်အပြင် စတင်ရောင်းချချိန်တွင်လည်း ငွေဖြည့်ကတ်နှင့် တွဲဖက်ရောင်းချခြင်းတို့ကြောင့်လည်း စတင်ရောင်းချချိန်တွင် ဝေဖန်ခံခဲ့ရသည်။

ထို့အပြင် လိုအပ်သလောက် ဆင်းမ်ကတ်အရေအတွက်ကို ရရှိစေရမည်ဟု ကြိုတင်ကတိပေးထားသေ်ာလည်း လက်ရှိအချိန်တွင် ရန်ကုန်နှင့် မန္တလေးရှိ ဈေးကွက်အတွင်း ဆင်းမ်ကတ်ကာလအတန်ကြာ ဝယ်ယူ၍ မရခြင်းကြောင့်လည်း ဆိုင်သမားများနှင့် သုံးစွဲသူများက ပြစ်တင်ဝေဖန်မှုများရှိနေသည်။

“ဈေးကွက်ထဲမှာ ဆင်းမ်ကတ်တွေ အများကြီးကျန်နေပါသေးတယ်။ ကျွန်တော်တို့ ထုတ်ရောင်းထားတဲ့ ပမာဏထဲက ၃ သိန်းလောက်က မရောင်းရသေးဘူး ဈေးကွက်ထဲမှာပဲ ရှိနေပါသေးတယ်။ ကွန်ယက်တွေက တည်ဆောက်နေဆဲပါ။ ကွန်ယက်နဲ့ ချိန်ပြီး ဈေးကွက်ထဲကို ဆင်းမ်ကတ်တွေ ထည့်ပေးနေပါတယ်။” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တယ်လီနောအနေဖြင့် ဈေးကွက်အတွင်း ဝင်ရောက်မှု နောက်ကျသကဲ့သို့ ကွန်ယက်ချဲ့ထွင်မှုအပိုင်းတွင်လည်း အခြားကုမ္ပဏီများထက်နောက်ကျနေသေးသည်။ လက်ရှိအချိန်တွင် တယ်လီနောဆင်းမ်ကတ်များမှာ ဝယ်လိုအားရှိနေသေ်ာလည်း မိုဘိုင်းဖုန်းဆိုင်များက လက်ထဲတွင် ဆင်းမ်ကတ်မရှိကြောင်း ပြောဆိုနေကြသည်။

ဈေးနှုန်းအလျော့အတင်း

ဈေးကွက်အတွင်း ကြိုတင်ပွဲထွက်လာခဲ့သော အူရီဒူးကုမ္ပဏီမှာ ဈေးကွက်ဝေစု နေရာတစ်ခုကို ခိုင်ခိုင်မာမာရရှိနေပြီဖြစ်သည်။ သို့သော်လည်း သူ့မှာလည်း သူ့အခက်အခဲနှင့်သူ။

ဈေးကွက်အတွင်း အမြန်နှုန်းမြင့်အင်တာနက်၊ စက္ကန့်အလိုက်သာ ကောက်ခံသော ခေါ်ဆိုခများနှင့် အင်နှင့်အားနှင့် ပွဲထွက်လာခဲ့ပြီး အောင်မြင်မှုများ ရရှိလာခဲ့သော်လည်း MPT နှင့် တယ်လီနောတို့ ဈေးကွက်အတွင်း အရှိန်အဟုန်မြှင့် ဝင်လာခြင်းကြောင့် အထိအခိုက်တော့ ရှိခဲ့သည်။

အူရီးဒူးကို အထိနာစေသော အချက်များမှာ ဈေးနှုန်ကို လက်တည့်စမ်းသလို သတ်မှတ်ခြင်းသည် အဓိကဖြစ်သည်။ ဆင်းမ်ကတ်များ စတင်ထွက်ရှိလာစဉ်က အင်တာနက် 1 Mb ၂၅ ကျပ်နှင့် ဖုန်းခါ်ဆိုခ တစ်မိနစ် ၃၅ ကျပ်၊ မက်ဆေ့တစ်စောင် ၁၅ ကျပ်ဖြင့်ပွဲထွက်လာခဲ့သော်လည်း မကြာခဏ ဈေးနှုန်းများပြောင်းလဲခဲ့သည်။ လက်ရှိအချိန်တွင် အင်တာနက် 1 Mb လျှင် ၁၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခမှာ ၂၅ ကျပ် ဖြစ်နေပြီဖြစ်သည်။ ဖုန်းခေါ်ဆိုခကို စက္ကန့်ဖြင့် ကောက်ခံသောကြောင့် တစ်စက္ကန့်လျှင် ပြား ၄၀ သာကျသင့်မည်ဖြစ်သည်။

“ဈေးက မကြာခဏ ပြောင်းနေတာက သုံးတဲ့သူတွေအဆင်ပြေအောင် ပြင်ဆင်လျှော့ခပေးတာပါ။ အခုဆို လိုင်းတွေလည်းကောင်းနေပြီ ဈေးလည်းသက်သာနေပါပြီ” ဟု အူရီးဒူးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အူရီဒူးက ဈေးနှုန်းပိုင်းကို တဖြေးဖြေးချင်းလျှော့ချပေးနေသော်လည်း စတင်ထွက်ရှိစဉ်က ဈေးနှုန်းအချို့သည် ဈေးနှုန်းကြီးမြင့်သည်ဟု ယူဆသူတစ်ချို့က တယ်လီနောထွက်ရှိလာချိန်တွင် ပိုဈေးသက်သာသော တယ်လီနော ဆင်းမ်ကတ်များကို ပြောင်းလဲသုံးစွဲကြသူများလည်းရှိသည်။

သို့သော်လည်း တစ်ခြားပြဿနာတစ်ချို့က ကျန်နေသေးသည်။ အူရီးဒူး၏ ကိုယ်ပိုင်ဆိုင်များတွင် မိုဘိုင်းဖုန်းများနှင့် ဆင်းမ်ကတ်များကို တွဲဖက်ရောင်းချသော ဝန်ဆောင်မှုရှိသေ်ာလည်း ဈေးနှုန်းအလွန်ကြီးမြင့်သည်ဟု ဝေဖန်ခြင်းခံနေရခြင်းဖြစ်သည်။

“Janction Square က အူရီဒူး ဆိုင်မှာဆို Sony xperia Z 2 ကို ၆ သိန်းကျော်တဲ့ဗျာ။ သူတို့က ဝယ်တဲ့သူတွေကို ဖုန်းဘီလ် အများကြီးထည့်ပေးမယ်ပြောတယ်။ ဒါပေမယ့် အဲဒီဆိုင်နဲ့ မျက်နှာခြင်းဆိုင်က ဖုန်းဆိုင်မှာ အဲ့ဒီဖုန်းက ၃ သိန်းကျော်ပဲရှိတယ်။ ပြောတော့ဖုန်းကို ဈေးလျှော့ပေးထားပြီး Promotion တွေ ထည့်ပြီး လူတိုင်းကိုင်နိုင်အောင်လုပ်တယ်လည်း ဆိုသေးတယ်။ ခုတော့ ပြင်ပပေါက်ဈေးထက်တောင် တော်တော်များနေတယ်။” ဟု အဆိုပါ အူရီးဒူးဆိုင်တွင် ဝယ်ယူရန် စုံစမ်းမေးမြန်းခဲ့သူ မရမ်းကုန်းမြို့နယ်မှ ဦးစိုးသူကဆိုသည်။

လက်ရှိအချိန်တွင် အူရီဒူးဆင်းမ်ကတ်များမှာ ဈေးကွက်အတွင်း ဝယ်လိုအားကျဆင်းနေသည်ဟုလည်း မိုဘိုင်းဖုန်းအရောင်းဆိုင်များကဆိုကြသည်။

ပုန်းနေတဲ့ ကျား

ပြည်ပကုမ္ပဏီများ အောင်မြင်မှုများ အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်တွင်းမှ ဘီလူးကြီး MPT မှာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့်ပင် ရွေ့လျားနေဆဲဖြစ်သည်။

ယခင်က ဈေးနှုန်းကြီးမြင့်မှု၊ နည်းပညာနိမ့်ပါးမှုများကြောင့် ဝေဖန်ခံခဲ့ရသည့် MPT သည် ဂျပန်နာမည်ကျော် KDDI နှင့် ပူးပေါင်းလိုက်ပြီးနောက် ခြေလှမ်းများက ပိုမိုသိုသိပ်လာသည်။ ဈေးနှုန်းလျှော့ချမည်၊ အင်တာနက်စနစ် ပိုကောင်းအောင်လုပ်မည် စသည်ဖြင့် အသံမျိုးစုံထွက်နေသော်လည်း လက်ရှိအချိန်အထိ မည်သည့်အချက်မှ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။

“ဈေးနှုန်းလျှော့ချဖို့ကတော့ လုပ်နေတယ်။ အင်တာနက်လည်း လိုင်းတည်ငြိမ်မှုရှိအောင် စမ်းသပ်နေတယ်။ ပြီးတော့မယ်။ သိပ်မကြာခင်မှာဖြစ်လာတော့မှာပါ။ ကျွန်တော်တို့လည်း ပြည်ပကုမ္ပဏီတွေကို တူတူတန်တန်ယှဉ်ပြိုင်တော့မှာပါ။” ဟု MPT JO မှ ဦးခင်ထွန်းကဆိုသည်။

MPT အနေဖြင့်ဈေးကွက်အတွင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို လစဉ်ထပ်မံရောင်းချပေးနေပြီး ဈေးကွက်အတွက်အတွင်း ဝေစုအများဆုံးပိုင်ဆိုင်ထားမှုကို ထိန်းသိမ်းနိုင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်နေသည်။

သုံးစွဲသူများကို ပိုမိုစွဲဆောင်နိုင်ရန် အင်တာနက်ချိတ်ဆင်ခ ကျပ်တစ်သောင်းကိုလည်း ပယ်ဖျက်တော့မည်ဟု ပြောကြားထားပြီး ဖုန်းခေါ်ဆိုခမှာ ၂၅ ကျပ်ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။ အချိန်ကိုတော့ အတိအကျ မပြောပြကြသေးပေ။

KDDI နှင် ပူးပေါင်းခဲ့သော်လည်း MPT အတွင်းမှာပင် မပြောင်းလဲနိုင်သေးသောအရာများလည်း ရှိနေသည်။ MPT အနေဖြင့် သတင်းအချက်အလက်များကို ပြင်ပသို့ ပေါက်ကြားမည်ကို ယခင်ကကဲ့သို့ပင် စိုးရိမ်မှုများရှိနေဆဲဖြစ်ပြီး အများပြည်သူ သိရှိသင့်သည့် အချက်အလက်များကိုပင် ပြင်ပသို့ ပေးမသိလိုသည်များလည်း ရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးကဆိုသည်။

“ဈေးလျှော့မယ်ဆိုရင်လည်း လျှော့လို့ရနေတာပဲ။ ဆင်းမ်ကတ်တွေကျတော့ ရောင်းနေတယ်။ ဈေးကျ မလျှော့ပေးဘူး။ သူကနေရာတော်တော်များများမှာမိနေတာရယ် အူရီဒူး၊ တယ်လီနောတို့က လိုသလောက်မရတော့ လူတော်တော်များများက MPT ကို ဝယ်နေကြတုန်းပဲ။ ပြည်သူတွေဆီက ရသလောက် ထပ်ယူဦးမယ်ဆိုတဲ့ သဘောလားမသိဘူး” ဟု Star Mobile မှ ဦးဇော်မင်းကဆိုသည်။

လက်ရှိအချိန်တွင် MPT သည် ကွန်ယက်ချဲ့ထွင်မှုအပိုင်းနှင့် Fibre Cable လုပ်ငန်းများကို အာရုံစိုက်နေချိန်ဖြစ်နေသောကြောင့် တကယ့်အပြောင်းအလဲကို မြင်နိုင်ရန်မှာမူ ၂၀၁၅ နှစ်ဆန်းပိုင်းခန့်အထိ စောင့်ရဖွယ်ရှိနေသည်။ MPT ဆင်းမ်ကတ်များမှာမူ ဈေးကွက်အတွင်း ဝယ်လိုအားမြင့်နေဆဲဖြစ်သည်။ ပြင်ပဈေးကွက်တွင် MPT ဖုန်းကတ်ဈေးနှုန်းမှာ ကျပ် ၅၀၀၀ အထိ ပေါက်နေဆဲဖြစ်သည်။

ရေရှည်ခရီး

လူတိုင်းနီးပါး ဖုန်းသုံးနိုင်ရန်ကား အော်ပရေတာအားလုံး လုပ်ဆောင်ရပေဦးမည်။ နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းခန့်သို့ မိုဘိုင်း ကွန်ယက် လွှမ်းခြုံနိုင်ရန် အချိန် ၅ နှစ် ခန့် ယူရမည်ဟု အော်ပရေတာ အားလုံးပြောနေကြသည်။

လက်ရှိအချိန်တွင် ကွန်ယက်ချဲ့ထွင်မှု၊ ဈေးနှုန်းနှင့် ဈေးကွက်ချဲ့ထွင်ရေးဆိုင်ရာ မဟာဗျူဟာများချမှတ်မှုများကို ဦးစားပေးဆောင်ရွက်နေပြီး ဝန်ဆောင်မှုပိုင်းကို တဖြည်းဖြည်းခြင်းသာ တိုးချဲ့သွားကြဖွယ်ရှိနေသည်။

တိုင်းပြည်၏ Moible Penetration မှာ လူဦးရေ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိနေပြီဖြစ်သော်လည်း တကယ့်အစစ်အမှန်ကိန်းဂဏန်းများကိုမူ မည်သူမျှသိရှိနိုင်ဦးမည်မဟုတ်သေးပေ။ အော်ပရောတာများ၏ စွမ်းဆောင်နိုင်စွမ်းကို ယခုချိန်တွင် ထင်ရှားပြတ်သားစွာ မြင်တွေ့နိုင်ဦးမည်မဟုတ်သေး။

“Moible Penetration အကြောင်းက ပြောဖို့ စောပါသေးတယ်။ ဘာလို့လည်း ဆိုတော့ အော်ပရေတာ ၃ ခု မှာ ၂ ခုက မြို့ကြီးတွေမှာပဲ ရောင်းနိုင်သေးတယ်။ လူတစ်ယောက်ကို ဖုန်း ၂ လုံး ၃ လုံး ဖြစ်နေတယ်။ တကယ့် Moible Penetration မဟုတ်သေးဘူး။ အချိန်ပေးစောင့်ကြည့်ရဦးမယ်။” ဟု မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်မှ ဦးဝင်းဆွေကဆိုသည်။

သို့သော်လည်း အခြားအိမ်နီးခြင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် ဆက်သွယ်ရေးကဏ္ဍတွင် တိုးတက်မှုနှုန်းအမြန်ဆုံးဖြစ်သည်ဟု ၎င်းကဆိုသည်။ သို့သော် နောက်အကျဆုံးဖြစ်သောကြောင့် အသွက်ဆုံးလှမ်းနေရခြင်းသာ ဖြစ်သည်။ နိုင်ငံတကာကိုမှီနိုင်ရန်မှာ အဝေးကြီးလိုနေသေးသည်။

“သူများတွေ ၁၀ နှစ်၊ နှစ် ၂၀ လောက်တည်ဆောက်ခဲ့ရတဲ့ အခြေခံအဆောက်အအုံတွေကို ကျွန်တေ်ာတို့ ၅ နှစ်လောက်နဲ့ တည်ဆောက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ သူတို့ထက် မြန်မြန်ပိုပြေးနိုင်တယ်ဆိုတာ မြင်ရမယ်။ နောက် ၅ နှစ်မှာ သူတို့ရောက်နေမယ့် နေရာကို ကျွန်တေ်ာတို့ ရောက်နေမယ်ဆိုရင် ဒါဟာ ဂုဏ်ယူစရာပဲ။ အော်ပရေတာတွေအနေနဲ့ သူတို့မျှော်လင့်ထားသလောက် အောင်မြင်ချင်မှတော့ အောင်မြင်မယ်။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိောတ့ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေရပါတယ်” ဟု ၎င်းကဆိုသည်။

ကာလအတန်ကြာ ဈေးကွက်နှင့် ဝန်ဆောင်မှုကို အော်ပရေတာတစ်ဦးတည်းက ချုပ်ကိုက်ခဲ့သော မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ပြိုင်ဆိုင်မှုရှိသော မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို ရရှိနေပြီဖြစ်သည်။ အချို့သော ဒေသများရှိ ပြည်သူများအနေဖြင့် မိမိတို့နှင့်ကိုက်ညီသော မိမိတို့နှင့် လိုက်ဖက်သော မိုဘိုင်းဖုန်းများ၊ မိုဘိုင်းဆင်းမ်ကတ်များကို ရွေးချယ်ဝယ်ယူခွင့်ရရှိနေပြီဖြစ်သည်။ ဤသည်မှာပင် မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် အတိုင်းအတာတစ်ခုသော တိုးတက်မှုဖြစ်ပေသည်။
အော်ပရေတာများအနေဖြင့် ၎င်းတို့၏ မြန်မာပြည်ခရီးအစသည် ကောင်းခြင်းဆိုးခြင်းများ ရောပြွမ်းနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ အော်ပရေတာများ၏ အစသည် ကောင်းသည်မကောင်းသည်နှင့်ပတ်သတ်၍ အမြင်အမျိုးမျိုးတော့ ရှိကြသည်။

အစကောင်းခြင်းမကောင်းခြင်းထက် အဆုံးသတ်ကောင်းဖို့တော့ လိုပေသည်။ ၎င်းတို့၏ အဆုံးသတ်ကောင်းနှင့်အတူ ပြည်သူများ ပြုံးပန်းဝေနိုင်ရန်လည်း လိုအပ်နေသည်။ အပြိုင်အဆိုင်ကြားထဲတွင် ဘယ်သူနိုင်နိုင်ဆိုလျှင် ပြည်သူနိုင်ဖို့သာ လိုအပ်တော့သည်။

ရဲဇွန်အောင်
ဇန်နဝါရီ၊ ၂၀၁၅
Living Color Magazine

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *