စာမေးပွဲက တော်တော်လေး နီးနေပြီ စာကလည်း သေချာကို ကျက်မရဘူး ဖြစ်နေတယ်ဆိုတဲ့သူတွေ ရှိလား! ဒါဆိုရင်တော့ စားမေးပွဲအတွက် စာကောင်းကောင်း ကျက်ချင်တယ်ဆိုတဲ့သူတွေအတွက် စာကျက်ရကောင်းစေ မယ့် မနက်ခင်း အလေ့အထလေးတွေကို မျှဝေပေးလိုက်ပါတယ်။
စာမေးပွဲနီးနေပြီး စာကျက်ရကောင်းချင်သူတို့အတွက်
တစ်နေ့တာရဲ့ စာကျက်လို့ အကောင်းဆုံးအချိန်က မနက်ခင်း စောစောပိုင်းမှာလို့ပေါ့။ တကယ်ကတော့ မနက်ခင်းမှာကောင်းမွန်တဲ့ အလေ့အထနဲ့ စတင်မယ်ဆိုရင် တစ်နေ့တာလုံးမှာ လေ့လာကျက်မှတ်လို့ ကောင်းမှာ အမှန်ပါပဲ။
စာမေးပွဲနီးနေပြီဖြစ်လို့ စားကောင်းကောင်း လေ့လာကျက်မှတ်ချင်တယ်ဆိုရင်တော့ မနက်ခင်းကို အခုလို အလေ့အထကောင်းလေးတွေနဲ့ စတင်လိုက်ပါ။
- အိပ်ရာနိုးနိုးချင်း ရေတစ်ခွက်သောက်ပါ
အိပ်ရာနိုးနိုးချင်းမှာ ရေတစ်ခွက်သောက်တာက ဦးနှောက်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို ပြင်ဆင်ပေး လိုက်တာပါပဲ။ ဦးနှောက်ကို တစ်နေ့တာလုံးမှာ စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ စာကောင်းကောင်း လေ့လာချင်တယ်ဆိုရင်တော့ အိပ်ရာနိုးတာနဲ့ ရေတစ်ခွက်လောက် သောက်လိုက်ပါ။ ရေဓာတ်ပြည့်ဝတာက ဦးနှောက်ရဲ့ သိမြင်မှုစွမ်းရည်ကို ကောင်းစေသလို အာရုံစူးစိုက်နိုင်စွမ်းနဲ့ ကာလတို မှတ်ဉာဏ်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို စားပေးပါ
မနက်စာ မစားတာက စရိတ်စက သက်သာစေမှာ ဆိုပေမယ့် ဦးနှောက် ကျန်းမာရေးနဲ့ စာလေ့လာနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ ပရိုတင်း၊ ကစီဓာတ်လိုမျိုး မှတ်ဉာဏ်နဲ့ ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတဲ့ အစားအစာတွေကို မနက်စာထဲမှာ ပါဝင်အောင် ပြင်ဆင်ပြီး စားသုံးပေးဖို့ လိုပါမယ်။ မနက်စာ မစားဘဲနေတာက ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
- ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါဆိုလို့ မနက်ခင်း စာမကျက်ခင်မှာ Gym သွားရမယ်။ လေ့ကျင့်ခန်းတွေ အများကြီး လုပ်ရမယ်လို့ တွေးလိုက်မိပြီလား။ ဒီလို မဟုတ်ပါဘူး။ မနက်ခင်းမှာ ၁၅ မိနစ်လောက် လမ်းလျှောက်တာ၊ ယောဂ လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက ဦးနှောက်ဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပြီး မှတ်ဉာဏ်ကောင်းစေဖို့နဲ့ သင်ယူလေ့လာနိုင်စွမ်း ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- တရားထိုင်ပါ
စာလေ့လာတာ မလုပ်ခင် ၅ မိနစ်လောက်ဖြစ်ဖြစ် အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုး ဖြစ်ဖြစ်၊ တရားထိုင်တာမျိုး ဖြစ်ဖြစ် လုပ်ပေးဖို့ လိုပါမယ်။ ဒီလိုလုပ်တာက စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စာလေ့လာမှုပိုကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တရားထိုင်တာက အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေဖို့ရော စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်း ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- တစ်နေ့တာအတွက် အစီအစဉ်ဆွဲပါ
မနက်ခင်းမှာ ၅ မိနစ်လောက် အချိန်ပေးပြီး တစ်နေ့တာကို ဘယ်လို အစီအစဉ်တွေနဲ့ ဖြတ်သန်းမလဲဆိုတာကို မနက်စောစောကတည်းက ကြိုတင် စီစဉ်ထားသင့်ပါတယ်။ ဒီလို လုပ်ပေးတာက တစ်နေ့တာမှာ အချိန်ကုန် သက်သာစေပြီး စိတ်ဖိစီးမှု ကင်းကင်းနဲ့ စာလေ့လာရ ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
Lotoshinn ရဲ့ စကားလက်ဆောင်
စာမေးပွဲအတွက် စာကောင်းကောင်း ကျက်မှတ်ချင်တယ်ဆိုရင်တော့ မနက်စောစောမှာ ရေတစ်ခွက်သောက်တာ ကနေ စတင်ပြီး ဦးနှောက်ကျန်းမာစေမယ့် မနက်စာကို စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်တာ မျိုးတွေ လုပ်ဆောင်ပြီး စာမေးပွဲမှာ အကောင်းဆုံးဖြေနိုင်ဖို့ ပြင်ဆင်လို့ ရပါတယ်။