Industry 4.0 သည် မြန်မာ့စားပွဲဝိုင်းများပေါ် ရောက်လာခဲ့သည်မှာ မကြာသေး။ သို့သော် ကမ္ဘာ့စင်မြင့်ပေါ်သို့ ရောက်ရှိနေသည်မှာတော့ ၂၀၁၅-၁၆ ဝန်းကျင်ကတည်းကဖြစ်သည်။
အဆိုပါကာလများမှစတင်ကာ ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်တိုင်းမှ အစိုးရတိုင်း၏ အနာဂတ်စီမံကိန်းများတွင် စက်မှုတော်လှန်ရေး ၄.၀ (Industry 4.0) ဆိုသည့် စကားရပ်တစ်ခု အလျှင်အမြန် နေရာယူလာခဲ့သည်။ ကွန်ပျူတာထိမ်းချုပ် စက်ပစ္စည်းများနှင့် လူလုပ်သိဉာဏ်တု နည်းပညာများ၏ မောင်းနှင်အားဖြင့် ရှေ့ဆက်ကြမည့် ကမ္ဘာကြီးကို ကိုယ်စားပြု၏။ ဒစ်ဂျစ်တယ်စီးပွားရေးလှိုင်းနှင့်အတူ Industry 4.0 သည် ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍအသီးသီးအတွက် အဓိက မောင်းနှင်အားဖြစ်လာတော့မည်ဟု ဗျာဒိတ်ပြုခြင်းခံနေရသည်မဟုတ်ပါလား။
ကမ္ဘာ့သမိုင်းတစ်လျှောက်တွင်လည်း စီးပွားရေးလှိုင်းတစ်ခု ဖြစ်ပေါ်လာချိန်တိုင်းတိုင် အဆိုပါလှိုင်းကို အကျိုးရှိစွာ အသုံးချနိုင်သည့်နိုင်ငံများ အလျင်အမြန် တိုးတက်သွားခဲ့ဖူးသည့် ဥပမာများရှိခဲ့ဖူးသည်။ ယင်းကြောင့် Industry 4.0 တွင်လိုက်ပါ လှိုင်းစီးလိုသည့် တိုင်းပြည်များကလည်း ကမ္ဘာနှင့်အဝှမ်း ထုနှင့်ထေး။
မြန်မာနိုင်ငံတွင်လည်း Industry 4.0 အကြောင်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ကာ အစိုးရမင်းများကိုယ်တိုင်က အလေးအနက်ထား ပြောဆိုလာနေကြပြီဖြစ်သည်မို့ မဝေးတော့သည့် ကာလတစ်ခုတွင် အခွင့်အရေးများနှင့် စိန်ခေါ်မှုများက ကြိုတင်ပြင်ဆင်မှုများရှိသည်ဖြစ်စေ မရှိထားသည်ဖြစ်စေ မလွဲဧကန် ရောက်ရှိလာတော့မည်ဖြစ်သည်။

မဝေးတော့သည့် 4.0 များ
၁၉၅၀ ခုလွန်နှစ်များတွင် စတင်ခဲ့သည့် တတိယစက်မှုတော်လှန်ရေးခေတ်တွင် အီလက်ထရွန်နစ်နည်းပညာများ၊ ဆက်သွယ်ရေးနည်းစနစ်များနှင့် ကွန်ပျူတာများက ကမ္ဘာ့စီးပွားရေးကို မောင်းနှင်ခဲ့သည်။
ယခု ရောက်ရှိလာတော့မည့် စတုတ္ထစက်မှုတော်လှန်ရေးခေတ်တွင်မူ ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းနယ်ပယ်များနှင့် ဝန်ဆောင်မှု အလေ့အထများ ပြောင်းလဲသွားကြမည်ဖြစ်ပြီး ကဏ္ဍအသီးသီးတိုင်း၊ နယ်ပယ်တိုင်းတွင် နောက်ဆုံးပေါ် Smart Technology များနှင့် ပေါင်းစပ်လာကြမည်ဖြစ်သည်။ Automation နည်းပညာများ၊ အလိုအလျောက် ဆက်သွယ်ရေးနည်းလမ်းများ၊ ကိုယ်တိုင်စောင့်ကြည့်မှုနည်းနာများနှင့် အသိဉာဏ်တုနည်းပညာများက ရှေ့တန်းသို့ ပိုမိုတိုးထွက်လာကြမည်ဖြစ်၏။
ယင်းကြောင့်ပင် Industry 4.0 သို့မဟုတ် the Fourth Industrial Revolution ဟုဆိုလိုက်သည်နှင့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို တွဲယှဉ်လျက် တွေးမြင်မိကြခြင်းဖြစ်သည်။ တူညီသော စိန်ခေါ်မှုများကို တခြားနယ်ပယ်များနည်းတူ အလုပ်အကိုင်အခွင့်အလမ်းနယ်ပယ်တွင်လည်း ကြုံဆုံရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အရေးပါခဲ့သည့် လူသားလုပ်အားများနေဖြင့် Industry 4.0 ခေတ်တွင် အကြီးမားဆုံးသော အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရတော့မည်မှာ မလွဲဧကန်ပင်။
Industry 4.0 ၏ အကိုင်းအခက်များဖြစ်သည့် Career 4.0 ၊ Work 4.0 တို့တွင် ရှင်သန်နိုင်စေရန် ကျွမ်းကျင်မှုအသစ်များ၊ ပညာရပ်အသစ်များ၊ လေ့လာမှုနည်းနာသစ်များ၊ ပေါင်းစပ်နိုင်စွမ်းအသစ်များ လိုအပ်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

လုပ်ငန်းခွင်နယ်ပယ်တွင် တစ်ဦးချင်းအောင်မြင်မှုထက် အဖွဲ့အစည်း၊ ရည်မှန်းချက်များက ပိုမိုအရေးပါလာမည်ဖြစ်ပြီး လူသားတစ်ဦးချင်းစီ၏ တစ်ကိုယ်ရေ ထူးချွန်မှုများထက် လူနှင့် နည်းပညာပေါင်းစပ်ထားသည့် အဖွဲ့အစည်းများ၏ ဟန်ချက်ညီမှုနှင့် စွမ်းဆောင်ရည်များက ပိုမိုအရေးပါလာတော့မည်။
Education 4.0 ကလည်း အရေးပါလာမည်ဖြစ်သလို လေ့လာသင်ယူမှုများသည် တချိန်တုန်းကလို ပညာရပ်တစ်ခုတည်းကို တစ်စိုက်မတ်မတ်သင်ယူ၍ တစ်သက်လုံးအသုံးချဖို့ရာ မဖြစ်နိုင်တော့ချေ။ မာစတာဘွဲ့များ၊ Phd များ အဆင့်ဆင့်ရယူကာ ပညာ့ထိပ်ခေါင်ကြီးများအဖြစ် နယ်ပယ်တိုင်းကို ဦးဆောင်ပြနိုင်ဖို့လည်း မဖြစ်နိုင်တော့ချေ။
ခေတ်ကိုက အရှိန်နှုန်းမြင့်မားစွာ ပြောင်းလဲလာနေပြီဖြစ်သည်မို့ တစ်သက်လုံးမပြတ် လေ့လာမှုများ၊ သင်ယူမှုများ၊ ပြန်လည်အသုံးချမှုများကို တစ်ပြိုင်နက်တည်းပြုလုပ်ရင်း ဘဝကို တည်ဆောက်သွားကြရမည့်ခေတ်မှာ Industry 4.0 ခေတ်ဖြစ်လေ၏။ “ဘွဲ့ဘယ်နှစ်ခု ယူထားသလဲ” ဆိုတာထက် “Creative နှင့် Innovative ဘယ်လောက် ကောင်းသလဲ” ဆိုသည်က လုပ်ငန်းခွင် လက်သုံးစကားဖြစ်လာတော့မည်ပုံ။ ဆန်းသစ်တီထွင်မှုကို ရှေ့တန်းတင်ရမည့် ခေတ်ပေကိုး။
စင်ကာပူကဲ့သို့သော တိုင်းပြည်များတွင်ပင် Industry 4.0 ကို ရည်ရွယ်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာနေသည်။ စင်ကာပူပင်လျှင် စင်ကာပူနှင့် မတူညီသည့် စံနှုန်းများဖြင့် ခရီးဆက်ရန် ပြင်ဆင်လာခြင်းဖြစ်ပြီး Education in Industry 4.0 ဟု ခေါင်းစဉ်တပ်လာ၏။ ကျောင်းသားတစ်ယောက်အတွက် ရမှတ်ထက်ပိုအရေးပါသေးသည်များရှိကြောင်း စင်ကာပူက လက်ခံလာခြင်းဖြစ်သည်။
4.0 ခေတ်တွင် လူတိုင်း ကျွမ်းကျင်မှုအသစ်၊ တီထွင်ဖန်တီးနိုင်စွမ်း အသစ်များကို လိုအပ်ချက်ပေါ်မူတည်၍ ရှာဖွေရန် မပြတ်လိုအပ်နေမည်ဖြစ်ပြီး လက်တစ်ဆုပ်စာအသိပညာနှင့် တင်းတိမ်နေ၍ မရတော့။ ရောင့်ရဲတင်းတိမ်စွာ ထမင်းကြမ်းယပ်ခတ်စားမည့် အတွေးအခေါ်ဖြင့် ခရီးဆက်၍ ရမည်မဟုတ်သော ခေတ်ဟုဆိုရမည်ထင်သည်။

မြန်မာ 4.0
မြန်မာနိုင်ငံ၏ လက်ရှိလုပ်သားဈေးကွက်နှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်စွမ်းမှာ ကျွမ်းကျင်မှုနှင့် ပညာအရည်အချင်းကို မှီတည်အခြေပြုထားသည့် အခြေအနေတွင်သာရှိနေသေးသည်။ ပြောရလျှင် Career 2.0 တွင်သာရှိနေသေးသည်ဟု ဆိုရဦးမည်။ တိုင်းပြည်မှာ အခြေခံအဆောက်အအုံပိုင်း လိုအပ်ချက်မှာလည်း မြင့်မားနေဆဲ။ သို့သော်လည်း ယင်းအချက်များကြောင့် Industry 4.0 နှင့် မြန်မာပြည်တို့၏ အထိအစပ်မှာ နောက်ကျလိမ့်မည်ဟု မှတ်ယူ၍ မရချေ။
Frog Leap ဆိုသည့် ခုန်ပျံကျော်လွှားရှေ့သို့ ထိုးတက်လာမှုအပိုင်းတွင် မြန်မာသည် အတွေ့အကြုံရှိထားပြီးဖြစ်လေသည်။ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ Frog Leap အခြေအနေတစ်ရပ်ဖြစ်သည်။
လုပ်သားအင်အား ထက်ဝက်ခန့် လျော့ချ၍ အကျိုးအမြတ်ပိုမိုရရှိလာနိုင်သည့် AI နည်းပညာခေတ်ကို ပြည်တွင်း စီးပွားရေးနယ်ပယ်ကြီးတစ်ခုလုံးကလည်း စောင့်မျှော်ငံ့လင့်နေကြမည်မှာ မလွဲဧကန်ပင်။
တိုင်းပြည်တစ်ပြည်ကောင်းစားစေရေးအတွက် ကျွမ်းကျင်ပိုင်နိုင်ပြီး စိတ်ချယုံကြည်ရသည့် လုပ်သားကောင်း ပေါများရေးမှာ အဓိကကျလှသည့် အချက်တစ်ခုဖြစ်သည်။ ရှေ့လာမည့် Industry 4.0 ခေတ်သည် နဲနဲနှင့် ကျဲကျဲဝိုင်းကြမည့် ခေတ်ဖြစ်ပြီး မလုပ်၊ မရှုပ်၊ မပြုတ်များအတွက် ခက်ခဲမည့် ကစားကွင်းဖြစ်သည်။
Industry 4.0 ခေတ်တွင် Specific Skills သီးသန့်ကျွမ်းကျင်ရုံမျှဖြင့် မလုံလောက်နိုင်။ အလုပ်အကိုင်အခွင့်အလမ်းအတွက် လိုအပ်ချက်များပြောင်းလဲလာမည်ဖြစ်ပြီး ကျွမ်းကျင်မှုပုံစုံများလည်း လိုက်ပါပြောင်းလဲလာဦးမည်။ ခေတ်သစ်လုပ်ငန်းခွင်များတွင် ပညာရေးရမှတ်များ၊ ထောက်ခံစာများထက် အမှန်တကယ် ကျွမ်းကျင်တတ်ကျွမ်းမှု၊ လိုက်လျောညီထွေရှိမှုနှင့် ရလဒ်များကိုသာ အာရုံစိုက်ရတော့မည်ဖြစ်သည်။
ငှက်ပျောသီးကျွေးလျှင် မျောက်တွေသာ လာမည်ဟု ဆိုစကားရှိသည်။ Industry 4.0 ခေတ်တွင် မိမိသည် မျောက်ဖြစ်မနေဖို့ လိုအပ်မည်။ ခေတ်ပြောင်းတွင် ပြောင်းလဲလာမည့် စနစ်များ၊ နည်းပညာများ၊ စီးပွားရေးလုပ်ငန်းများနှင့် နည်းပညာကြောင့် ပြောင်းလဲလာမည့် လူ့အဖွဲ့အစည်းများအားလုံးတွင် အံဝင်ခွင်ကျဖြစ်နေရတော့မည်။ အလုပ်ရှာ၊ အလုပ်လုပ်ပုံတွေလည်း ပြောင်းလဲလာမည်ကို သိနားလည်ရင်း အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြရတော့မည့်အချိန် ဖြစ်လေသည်။
Chindwin-PSB Institute
2-July-2020