မြန်မာ့ အကျိုးစီးပွားနှင့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း

The Belt and Road Initiative (BRI) ကို တချိန်တုန်းကတော့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (One Belt One Road) ဟု ခေါ်ဆိုခဲ့ကြဖူးသည်။ ၂၀၁၃ ခုနှစ်ရောက်မှ BRI ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ခေါ်တွင်နေသည်ဖြစ်စေ တရုတ်တို့သည် ပိုးလမ်းမသစ် စီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များသည်လည်း ယင်းစီမံကိန်းအပေါ် မျက်စိကျနေကြသည်မှာ အမှန်ပင်။

BRI စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ဝင်ရိုး ချိန်ခွင်လျှာကို ထိန်းညှိနိုင်ရန် ရည်ရွယ်ထားသည့် အစီအမံတစ်ခုဖြစ်သည်။ ၂၀၁၃ ခုနှစ်ကတည်းက အခြေခံအဆောက်အအုံဆိုင်ရာ ကနဦး စီမံကိန်းများစတင်နေခဲ့ပြီး အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို ချိတ်ဆက်ထားသည့် စီးပွားရေး လမ်းကြောင်းကြီးကို ဖော်ဆောင်ရန်ရည်ရွယ်ထားသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်မြောက်မည့် ၂၀၄၉ ခုနှစ်တွင် စီမံကိန်းအားလုံး အပြီးသတ်နိုင်ရန် ရည်မှန်းထားသည်။

Belt သည် မီးရထားလမ်းများ၊ လမ်းများပါဝင်သည့် The Silk Road Economic Belt ကုန်းတွင်း ဆက်သွယ်ရေးလမ်းကြောင်းများကို ခေါ်ဆိုပြီး Road မှာ 21st Century Maritime Silk Road ကို ညွှန်းဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင်းဖျင် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာခဲ့ချိန်တွင် ကုန်း၊ ရေ နှစ်သွယ် မဟာဗျူဟာ စီမံကိန်းကြီးအပေါ် နှစ်ဖက်အာဏာပိုင်များ၏ မျှော်လင့်ချက်များ ပိုမိုအားကောင်းလာစေရန် မီးစာမြှင့်ပေးနိုင်ခဲ့သည်။

မျှော်လင့်ချက်များ

နဂိုမူအစီအမံများအရ မြန်မာနိုင်ငံသည် BRI စီမံကိန်းထဲတွင်ပါဝင်ခြင်းမရှိခဲ့ချေ။ သို့သော်လည်း ၂,၂၀၄ ကီလိုမီတာအထိ နယ်နိမိတ်ချင်းထိစပ်နေသော အဓိက အိမ်နီးချင်း ကုန်သွယ်ဖက်နိုင်ငံ၏ အကြီးမားဆုံး စီမံကိန်းတွင် ပါဝင်ခွင့်ရရန် အကြောင်းဖန်လာခဲ့ပြီဟု ဆိုရမည်။

တရုတ်ဘက်ကတော့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းကို ချပြလာသည်။ ယင်းမှာ BRI ၏ တစ်စိတစ်ပိုင်းဖြစ်၏။ လက်ရှိသဘောတူညီချက်များအရ မြန်နိုင်သမျှ မြန်မြန် အကောင်အထည် ပေါ်လာမည့်ဟန် ရှိနေသည်။

သူတို့၏ စီမံကိန်းများထဲတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကူမင်း-မန္တလေး-ကျောက်ဖြူ အမြန်ရထားလမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ် စီမံကိန်းနှင့် နယ်စပ်တစ်လျှောက် စီးပွားရေးဇုံများ ပူးပေါင်းတည်ထောင်ရေး ရည်မှန်းချက်တို့ ပါဝင်နေသည်။ ယင်းသို့သော အခြေအနေမျိုးတွင် မြန်မာ အာဏာပိုင်များသည် BRI၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) နှင့် အခြားတရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များသည် တိုင်းပြည်အတွက် ဆိုးကျိုး သက်ရောက်မှု ရှိမရှိ သေချာဖို့ လိုအပ်ကြောင်း ထောက်ပြမှုများရှိနေသည်။

ဘာအကျိုးကျေးဇူးတွေ ရှိနိုင်မလဲ

ကျောက်ဖြူရေနက် စီမံကိန်းနှင့် ကူမင်း-မန္တလေး-ကျောက်ဖြူ အမြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်နိုင်ငံ အစိုးရအဆက်ဆက်၏ အကြီးမားဆုံး စိတ်ကူးယာဉ်အိပ်မက်ဖြစ်သည့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိရေး မျှော်လင့်ချက်အတွက် အသက်သွေးကြော စီမံကိန်းများဖြစ်ကြသည်။ တရုတ်ဘက်မှ ယင်းစီမံကိန်းများအတွက် ဒေါ်လာငွေ ဘီလီယံချီ အသုံးချရန် စဉ်းငယ်မှ တွန့်ဆုတ်နေမည်မဟုတ်ပါ။ ကျောက်ဖြူရေနက်စီမံကိန်း တစ်ခုတည်းပင် ကန်ဒေါ်လာ ၇ ဘီလီယံ၊ အမြန်နှုန်းမြင့် ရထားလမ်းအတွက် ဒေါ်လာ ၉ ဘီလီယံနှင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီးဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏများသည် မြေပြင်အနေအထားတွင် ယခုထက် ပိုမိုတိုးမြင့်လာဦးမည့်ဟန်ရှိနေသေးသည်။

လက်ရှိအချိန်အထိ အဓိက ပြဿနာဖြစ်နေသည့် အချက်မှာ မြန်မာဘက်မှ အဆိုပါ စီမံကိန်းများတွင် ငွေကြေးရင်းနှီးနိုင်စွမ်းမရှိဖြစ်နေခြင်းဖြစ်သည်။ ကုန်ကျစရိတ်ကို တရုတ်ဘက်က အပြည့်အဝကျခံပြီး အရာရာ အပိုင်စီးသွားမည်ကိုလည်း မြန်မာဘက်က စိုးရိမ်မှုများရှိနေသည်။ ချေးငွေရယူကာ ဆောင်ရွက်ခြင်းသည် ဖြစ်တန်ဖွယ် အဖြေတစ်ခုဖြစ်သော်လည်း ကြွေးမြီဝန်ထုပ်ဝန်ပိုးပြဿနာနှင့် အတိုးနှုန်းပြဿနာများကြောင့်လည်း ယခု အယူအဆသည် အနာဂတ်အတွက် အန္တရာယ်များသည့် စိတ်ကူးတစ်ခု ဖြစ်နေသေးသည်။ သီရိလင်္ကာနှင့် အာဖရိကနိုင်ငံများသာမက မြန်မာကိုယ်တိုင်လည်း ယင်းပြဿနာများကို လက်တွေ့ရင်ဆိုင်ဖူးခဲ့သည် မဟုတ်ပါလား။

လက်ရှိ သတင်းစကားများအရ နိုင်ငံတော် အတိုင်ပင်ခံသည် BRI စီမံကိန်းအပေါ် အပြည့်အဝ ထောက်ခံမှုပေးထားသည်ဟု ဆိုနေကြသည်။ အဆိုပါ စီမံကိန်းများသည် မြန်မာနိုင်ငံနှင့် မြန်မာလူထု ဖွံ့ဖြိုးရေးတွင် တစ်နည်းတစ်ဖုံ အရေးပါသည့် နေရာမှ ထောက်ကူနိုင်မည်ဟု အာဏာပိုင်များက ယုံကြည်မျှော်လင့်ထားကြသည်။

ရှီ၏ ခရီးစဉ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် သဘောတူညီချက်ကြီးတစ်ခု ရယူနိုင်ခဲ့သည်။ မူဆယ်မှ မန္တလေးအထိ ရထားလမ်းပိုင်းအတွက် ဖြစ်နိုင်ချေ ေ့လလာမှုများလည်း စတင်ရန်လည်းပါသည်။ သို့သော်လည်း စီမံကိန်း မည်သည့်အချိန်တွင် စတင်မည်ဆိုသည်ကိုတော့ အတိကဝတ်ပြုခဲ့ခြင်းမရှိချေ။ ရန်ကုန်မြို့သစ် စီမံကိန်းမှာ တိုးတက်မှု နှေးကွေးနေဆဲဖြစ်သည်။

လက်ရှိအခြေအနေများအပေါ် တရုတ်ဘက်က ကျေနပ်မှုမရှိသေးကြောင်း နိုင်ငံတကာမီဒီယာများက သုံးသပ်ထားကြသည်။ ယင်းကြောင့်ပင် တရုတ်အနေဖြင့် မြန်မာ့ဖွံ့ဖြိုးရေးအတွက် လာမည့် ၃ နှစ်အတွင်း ကန်ဒေါ်လာ သန်း ၅၇၀ ပံ့ပိုးဦးမည်ဖြစ်သည်။ သူတို့ အလိုရှိနေသည့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိရေးအတွက် မြန်မာဘက်က ဉာဏ်ရှိရှိ အသုံးချနိုင်ရန်သာ လိုအပ်နေသည်။

စွန့်စားမှုများသည့် အနေအထားဖြစ်သော်လည်း BRI သည် မြန်မာပြည်အတွက် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအပိုင်းတွင် အကျိုးကျေးဇူးများ ဆောင်ယူလာနိုင်မည့် မျှော်လင့်ချက်တစ်ခုဖြစ်သည်။ မြောက်များလှစွာသော အလုပ်အကိုင်အခွင့်အလမ်းများနှင့် အခြေခံအဆောက်အအုံများကို ဖန်တီးပေးနိုင်ဖို့ ရှိနေသည်။ သို့သော်လည်း တစ်ဖက်တွင် ကစားကွင်းသည် တရုတ်၏ ကစားကွင်းဖြစ်သည်ကို မမေ့ထားဖို့တော့ လိုအပ်မည်ဖြစ်သည်။

အပြန်ခရီး

ရှီတစ်ယောက် ပြန်သွားလေပြီ။ မြန်မာနိုင်ငံအတွက်တော့ ၁၉ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည့် တရုတ်သမ္မတ တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။  ရှီ့အနေဖြင့် မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဖြစ်ခဲ့သလို နားလည်မှုစာချွန်လွှာ ၃၃ ခုကိုလည်း လက်မှတ်ရေးထိုးဖြစ်ခဲ့သည် မဟုတ်ပါလား။ 

နှစ် ၇၀ အကြာ တရုတ်-မြန်မာဆက်ဆံရေး၏ အထိမ်းအမှတ် ခရီးစဉ်သည် အကျိုးစီးပွားရှေးရှုသော မျှော်လင့်ချက်များဖြင့် အပြုံးပန်းများဝေစာစွာ ပြီးစီးသွားခဲ့သည်။ တရုတ်တို့ဆီမှာလည်း အိပ်မက်တွေနှင့်။ မြန်မာတွေဆီမှာလည်း မျှော်လင့်ချက်တွေနှင့် …

Chindwin-PSB Institute

4-March-2020

Comments

No comments yet. Why don’t you start the discussion?

    Leave a Reply

    Your email address will not be published. Required fields are marked *